■ ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် ပြီးခဲ့သည့်ရာသီကဲ့သို့ ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရကြောင်း အသင်းနည်းပြ အန်ဆယ်လော့တီ ဝန်ခံ     

■ ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် ပြီးခဲ့သည့်ရာသီကဲ့သို့ ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရကြောင်း အသင်းနည်းပြ အန်ဆယ်လော့တီ ဝန်ခံ     
Published 30 August 2024

ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ၎င်းတို့အသင်းအနေဖြင့် ပြီးခဲ့သည့်ရာသီကဲ့သို့ ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရသည်ဟု ဝန်ခံပြောကြားသည်။ 

    

ရီးယဲလ်မက်ဒရစ်အသင်းသည် သြဂုတ်လ ၂၉ ရက်(ကြာသပတေးနေ့) ကစားခဲ့သည့် လာလီဂါပွဲစဉ် ၃ တွင် လက်စ်ပါမားစ်အသင်းကို အနိုင်ကစားနိုင်ခြင်းမရှိဘဲ (၁-၁) ဂိုးဖြင့် သရေကျခဲ့သည်။ 

ထို့ကြောင့် ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုရာသီ လာလီဂါပွဲစဉ် ၃ အပြီးတွင် တစ်ပွဲသာ အနိုင်ရထားပြီး နှစ်ပွဲသရေကျထားသဖြင့် ရမှတ် ငါးမှတ်သာ ရရှိထားကာ အဆင့်ငါးနေရာ၌ ရပ်တည်နေသည်။ 

ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် ယခုကဲ့သို့ ရာသီအစမှာပင် အဖိုးတန်အမှတ်များ ဆုံးရှုံးခဲ့သည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ 

    

ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ရာသီအစတွင် ၎င်းတို့အသင်း ရုန်းကန်နေရခြင်းအတွက် ဆင်ခြေပေးစရာမရှိကြောင်းနှင့် ၎င်းတို့အသင်းအနေဖြင့် ပြီးခဲ့သည့်ရာသီကဲ့သို့ ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရသည်ဟု ဝန်ခံပြောကြားခဲ့ခြင်းဖြစ်သည်။ 

အန်ဆယ်လော့တီက "ကျွန်တော်တို့အနေနဲ့ ပြီးခဲ့တဲ့ရာသီကလို ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတယ်ဆိုတာ ထင်ရှားပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ ဆင်ခြေပေးစရာ မရှိပါဘူး။ ပွဲစဉ်ဇယားက အရမ်းကျပ်တည်းတာ ကြောင့် ကျွန်တော်တို့အနေနဲ့ အလျင်အမြန် ကြံ့ခိုင်မှုပြန်လည်ပြည့်ဝဖို့ ကြိုးစားရပါမယ်။ ဘာလို့လဲဆိုတော့ တနင်္ဂနွေနေ့မှာ ကျွန်တော် တို့အနေနဲ့ တခြားပွဲစဉ်တစ်ပွဲ ထပ်ပြီးကစား ရမှာမို့လိုပါ။ လက်စ်ပါမားစ်နဲ့ပွဲ ပထမပိုင်းမှာ ကျွန်တော်တို့ ကစားပုံဆိုးရွားခဲ့ပါတယ်။ အ သင်းလိုက်ဟန်ချက် ပျက်နေခဲ့တာပါ။ ဒါကို ကျွန်တော်တို့ အဖြေရှာဖို့လိုပါတယ်။ အသင်းရဲ့ကစားပုံက တိုးတက်မှု ရှိမလာပါဘူး။ ကျွန်တော်တို့အနေနဲ့ အခုထက်ပိုပြီးတိုးတက်ဖို့ ကြိုးစားရမှာပါ"ဟု ပြောကြားသည်။ 

ယခုနွေရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းသို့ ရောက်ရှိလာသည့် နာမည်ကျော် တိုက်စစ်မှူး ဘာပေမှာလည်း လာလီဂါတွင် ဂိုးရရန် ရုန်းကန်နေရဆဲဖြစ်သည်။ 

ဘာပေသည် ယခုရာသီ ရီးယဲလ်မက်ဒရစ်အသင်း၏ လာလီဂါပွဲစဉ် သုံးပွဲစလုံး ပါဝင်ကစားခဲ့သော်လည်း ဂိုးမသွင်းနိုင်သေးသည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ 

Most Read

Most Recent