ထိုင်းမှ ဆေးခြောက်များကို ပြည်တွင်းသို့ယူဆောင်လာခြင်းမပြုရန် ဗြိတိန်က ခရီးသွားများကို သတိပေး

ထိုင်းမှ ဆေးခြောက်များကို ပြည်တွင်းသို့ယူဆောင်လာခြင်းမပြုရန် ဗြိတိန်က ခရီးသွားများကို သတိပေး
Published 30 August 2024

ဗြိတိန်လေဆိပ်များတွင် ဆေးခြောက်များ ဖမ်းဆီးရမိမှု မြင့်တက်ခဲ့ပြီးနောက် ဆေးခြောက်ကို တရားဝင် အသုံးပြုခွင့်ပေးထားသည့် ထိုင်းနိုင်ငံမှ ဆေးခြောက်များကို ပြည်တွင်းသို့ ယူဆောင်လာခြင်းမပြုရန် ဗြိတိန် အရာရှိများက ခရီးသွားများကို သတိပေးခဲ့သည်။

ဗြိတိန် အမျိုးသားရာဇဝတ်မှုဆိုင်ရာ အေဂျင်စီ (NCA) သည်လေဆိပ်များတွင် ခရီးဆောင်အိတ်များအတွင်း ဆေးခြောက်များထည့်ပြီး မှောင်ခိုသွင်းသည့် လူများကို စစ်ဆေးရှာဖွေနေကြောင်း ဘန်ကောက်မြို့တော်ရှိ ဗြိတိန်သံရုံးက သြဂုတ် ၂၈ ရက်တွင် သတိပေးခဲ့သည်။

NCA သည် ယခုနှစ်အတွင်း  ဗြိတိန်နိုင်ငံအတွင်း ဆေးခြောက် ၁၅ တန်ကို သိမ်းဆည်းရမိခဲ့ပြီး ထိုဆေးခြောက်များထဲမှ ထက်ဝက်ခန့်သည် ထိုင်းနိုင်ငံမှ ယူဆောင်လာသည့် ဆေးခြောက်များဖြစ်ကာ မှောင်ခိုကူးသူ ၃၇၈ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် ဆေးခြောက်အသုံးပြုမှုနှင့် ဆေးခြောက်ရောင်းချမှုကို တရားဝင်ခွင့်ပြုခဲ့ပြီး လက်ရှိ ဘန်ကောက်မြို့တော်နှင့် အခြားမြို့ကြီးများတွင် ဆေးခြောက်ဆိုင်များ အများအပြားဖွင့်လှစ် ထားသည်။

သို့သော်ဗြိတိန်တွင်မူ ဆေးခြောက်အသုံးပြုမှုကို တရားဝင်ခွင့်ပြုထားခြင်းမရှိဘဲ ဆေးခြောက်မှောင်ခို ကူးသူများအနေဖြင့် ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်ခံရနိုင်သည်။

“ဗြိတိန်လေဆိပ်တွေမှာ ဆေးခြောက်တွေ တရားမဝင်တင်သွင်းနေတာကို NCA က အနီးကပ် စောင့်ကြည့်နေပါတယ်”ဟု ဗြိ တိန်သံရုံးက X နှင့် Facebook လူမှုမီဒီယာတွင် ဖော်ပြခဲ့သည်။

ဗြိတိန်သည် တရားမဝင် ထုတ်ကုန်များကို ပြည်တွင်းသို့ မှောင်ခိုသွင်းရန် အားထုတ်ကြိုးပမ်းမှုများကို  ရပ်တန့်ရန်အတွက် အခြားမိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး အပြစ်ကျူးလွန်သူများကို တရားဥပဒေအရ ပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်ကြောင်း ဗြိတိန်သံရုံးက ထုတ်ပြန်ခဲ့သည်။

မှောင်ခိုဂိုဏ်းများကမူ လူသစ်စုဆောင်းမှုများ ပြုလုပ်နေပြီး ဖမ်းဆီးခံရမည်ဆိုပါက ဒဏ်ငွေသာ ပေးဆောင်ရမည်ဟု လိမ်ညာကာ လူသစ်များကို စုဆောင်းနေခြင်းဖြစ်ကြောင်း ဗြိတိန်အရာရှိများက ပြောကြားခဲ့သည်။

ယခုလအစောပိုင်းကလည်း ထိုင်းနိုင်ငံမှ ဝင်ရောက်လာသည့် လူ ၁၁ ဦးကို ဘာမင်ဂန်လေဆိပ်တွင် ဆေးခြောက် ၅၁၀ ကီလိုဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင့် NCA က ပြောကြားခဲ့သည်။

Ref:AFP

         

Most Read

Most Recent