ဂါဇာဥမင်လိုဏ်ခေါင်းတစ်ခုတွင် ၁၀ လကျော်နေခဲ့ရသော အစ္စရေး-အာရပ် ဓားစာခံတစ်ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု အစ္စရေးစစ်တပ် ပြောကြား

ဂါဇာဥမင်လိုဏ်ခေါင်းတစ်ခုတွင် ၁၀ လကျော်နေခဲ့ရသော အစ္စရေး-အာရပ် ဓားစာခံတစ်ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု အစ္စရေးစစ်တပ် ပြောကြား
အစ္စရေးစစ်တပ်က ကယ်တင်ခဲ့သော ဓားစာခံ အယ်လ်ခါဒီကို ဆေးစစ်မှုများ ပြုလုပ်ပေးနေသည့် ဆိုရိုကာဆေးရုံ၌  သြဂုတ် ၂၇ ရက်တွင် တွေ့ရစဉ်(Photo:AFP)
အစ္စရေးစစ်တပ်က ကယ်တင်ခဲ့သော ဓားစာခံ အယ်လ်ခါဒီကို ဆေးစစ်မှုများ ပြုလုပ်ပေးနေသည့် ဆိုရိုကာဆေးရုံ၌  သြဂုတ် ၂၇ ရက်တွင် တွေ့ရစဉ်(Photo:AFP)
Published 28 August 2024

 ပြင်းထန်သော စစ်ပွဲကို ဖြစ်ပွားစေခဲ့သည့် ဟားမာ့စ်တိုက်ခိုက်မှုအတွင်း ဓားစာခံအဖြစ် ဖမ်းဆီးခံလိုက်ရသော အစ္စရေး-အာရပ်အမျိုးသားကို ၁၀ လကျော်အကြာ သြဂုတ် ၂၇ ရက်တွင် ဂါဇာလိုဏ်ခေါင်းတစ်ခုမှ ကယ် တင်ခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

ယင်းသို့ ဓားစာခံကို ကယ်တင်ခဲ့ချိန်တွင်  ကာတာ၌ ဂါဇာအပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများ လွတ်မြောက်ရေးကိစ္စကို ဆွေးနွေးနေခဲ့သည်ဟု အမေရိကန်တာဝန်ရှိသူက ပြောကြားခဲ့သည်။ ယင်းဆွေးနွေးပွဲများတွင် ပါဝင်ခြင်းအား အစ္စရေးကလည်း အတည်ပြုခြင်းမရှိသလို ဟားမာ့စ်ကလည်း အတည်ပြုခြင်း မရှိပေ။

အစ္စရေးတပ်ဖွဲ့များက အသက် ၅၂ နှစ်အရွယ် ခါအစ်ဖာဟန် အယ်လ်ခါဒီကို ဂါဇာတောင်ပိုင်းရှိ လိုဏ်ခေါင်းတစ်ခုတွင် တွေ့ရှိခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ အဆိုပါလိုဏ်ခေါင်းထဲတွင် စစ်သွေးကြွများနှင့် ဖောက်ခွဲရေးပစ္စည်းများရှိနေသည်ဟု အစ္စရေးစစ်တပ်က ယခင်က ပြောကြားခဲ့ သည်ဆိုသော်လည်း ဓားစာခံ ခါအစ်ဖာဟန် အယ်လ်ခါဒီတစ်ဦးတည်း ထိုနေရာတွင်ရှိနေသည်ဟု ဆိုသည်။

၎င်းသည် အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်က အစ္စရေးတောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်ချိန်တွင် ဟားမာ့စ် ပြန်ပေးဆွဲခဲ့သော လူ ၂၅၁ ဦးထဲက တစ်ဦးဖြစ်ပြီး ၎င်းတို့ထဲက ၁၀၄ ဦးသည် ဂါဇာတွင် ချုပ် နှောင်ခံထားရဆဲဖြစ်ကာ ဓားစာခံ ၃၄ ဦး သေဆုံးသွားပြီဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ကို ရစရာမရှိအောင် ပျက်စီးသွားစေခဲ့သော စစ်ပွဲတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ ခြင်းကြောင့် ဂါဇာပြည်သူ ၂ ဒသမ ၄ သန်းထဲက အားလုံးနီးပါးသည် စစ်ပွဲရှောင်နေရသည်။ ထို့ကြောင့် လူသား ချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ထပ်မံပေါ်ပေါက်နေသည်ဟု ဆိုသည်။

သီးခြား အစ္စရေးတိုက်ခိုက်မှုများကြောင့် ဂါဇာစီးတီး၊ ဂါဇာအလယ်ပိုင်းနှင့်တောင်ပိုင်း တို့က ဒုက္ခသည်စခန်းနှစ်ခုတွင် အနည်းဆုံး လူ ၁၅ ဦးသေဆုံးခဲ့သည်ဟု ဟားမာ့စ်အုပ်ချုပ်နေသော ဂါဇာကမ်းမြောင်ရှိ မြို့ပြကာကွယ်ရေး အေဂျင်စီက ပြောကြားခဲ့သည်။

အယ်လ်ခါဒီကို ခေါ်ဆောင်သွားသော  အစ္စရေးဆေးရုံ ဆိုရိုကာ၏ ညွှန်ကြားရေးမှူး ရှလိုမီကိုဒက်ရှ်က ၎င်း (အယ်လ်ခါဒီ)သည် ကောင်းကောင်းမွန်မွန်ရှိနေပုံရသည်ဟု အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

“ဒီလို ရှည်လျားတဲ့အချိန်ကာလအထိ ဥမင်လိုဏ်ခေါင်းတွေထဲကို ရောက်နေသူတွေဟာ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်လေ့ရှိပါတယ်။ အယ်လ်ခါဒီကို ဆက်လက်ဆန်းစစ်တာတွေ လုပ်နေပါတယ်”ဟု  ရှလိုမီကိုဒက်ရှ်က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

အစ္စရေးတောင်ပိုင်းရှိ အစ္စရေး-အာရပ်တို့ အဓိကနေထိုုင်ရာမြို့ဖြစ်သော ရာဟတ်တွင် နေထိုင်သော အယ်လ်ခါဒီသည် အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်စစ်သွေးကြွတို့  စီးနင်းဝင်ရောက်ခဲ့သော ဒေသတစ်ခုတွင် ဂိုဒေါင်စောင့်အဖြစ် လုပ်ကိုင်နေသူဖြစ်သည်ဟု အစ္စရေးစစ်တပ်က ပြောကြားသည်။

၎င်းလွတ်မြောက်မှုကို ကြိုဆိုကြောင်း ဓားစာခံများနှင့် ပျောက်ဆုံးမိသားစုများ ဖိုရမ်အုပ်စုဖြစ်သော အစ္စရေးလှုံ့ဆော်ရေးအဖွဲ့က ပြောကြားခဲ့ပြီး အခြားဓားစာခံများ လွတ်အောင်လုပ်ရမည်ဟု ဆိုသည်။

Ref:AFP

Most Read

Most Recent