ပိုင်နက်အငြင်းပွား ကျောက်တန်းအနီးတွင် ဖိလစ်ပိုင်သင်္ဘောများအား ထိန်းချုပ်ရေးအစီအမံများ လုပ်ဆောင်ခဲ့သည်ဟု တရုတ် ပြောကြား

ပိုင်နက်အငြင်းပွား ကျောက်တန်းအနီးတွင် ဖိလစ်ပိုင်သင်္ဘောများအား ထိန်းချုပ်ရေးအစီအမံများ လုပ်ဆောင်ခဲ့သည်ဟု တရုတ် ပြောကြား
တောင်တရုတ်ပင်လယ်ရှိ ပိုင်နက်အငြင်းပွား Second Thomas သောင်ခုံရှိ ဖိလစ်ပိုင်စစ်သင်္ဘော BRP Sierra Madre အား ၂၀၂၃ ခုနှစ် မတ်လ ၉ ရက်က တွေ့ရစဉ်(Photo:Reuters)
တောင်တရုတ်ပင်လယ်ရှိ ပိုင်နက်အငြင်းပွား Second Thomas သောင်ခုံရှိ ဖိလစ်ပိုင်စစ်သင်္ဘော BRP Sierra Madre အား ၂၀၂၃ ခုနှစ် မတ်လ ၉ ရက်က တွေ့ရစဉ်(Photo:Reuters)
Published 26 August 2024

တောင်တရုတ်ပင်လယ်ရှိ ပိုင်နက်အငြင်းပွား ဆာဘီနာ သောင်ခုံအနီး၊ ရေပြင်ထဲသို့ ဝင်ရောက်လာသော ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် သင်္ဘောနှစ်စင်းအား ထိန်းချုပ်ရေး အစီအမံများ လုပ်ဆောင်ခဲ့ကြောင်း တရုတ်က သြဂုတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ဖိလစ်ပိုင်သည် ရှန်ပင်ကျောင် သောင်ခုံအနီး၊ ရေပြင်ထဲသို့ တရားမဝင် ဝင်ရောက်လာသည့် သင်္ဘောနှစ်စင်းကို စေလွှတ်ခဲ့သည်ဟု  တရုတ်ကမ်းခြေစောင့်တပ်က ဆာဘီနာ သောင်ခုံကို ရည်ညွှန်းပြောဆိုခဲ့သည်။

ယင်းသင်္ဘောများသည် တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောများရှိရာသို့ ပုံမှန်အတိုင်း ခုတ်မောင်းလာခဲ့ပြီး အန္တရာယ်ရှိသော ချဉ်းကပ်မှုကို ရှေ့တိုးလုပ်ဆောင်ခဲ့သည်ဟု တရုတ် ကမ်းခြေစောင့်တပ်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

“တရုတ်ကမ်းခြေစောင့်တပ်ဟာ ဥပဒေနဲ့အညီ ဖိလစ်ပိုင်သင်္ဘောတွေကို ထိန်းချုပ်ဖို့ အစီအမံတွေ လုပ်ဆောင်ခဲ့တယ်”ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

ပိုင်နက်အငြင်းပွား တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်နှင့် တရုတ်သင်္ဘောများအကြား ထိပ်တိုက်တွေ့မှုများ မြင့်တက်လာခြင်းကြောင့် ဖိလစ်ပိုင်နှင့် အပြန်အလှန်ကာကွယ်ရေး သဘောတူစာချုပ် ချုပ်ဆိုထားသော အမေရိကန်အနေဖြင့် ပဋိပက္ခထဲတွင် ပါဝင်ပတ်သက်ရနိုင်သည့်အပေါ် စိုးရိမ်မှုများ တိုးလာခဲ့သည်။

သယံဇာတ အရင်းအမြစ်ကြွယ်ဝသော တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း တရုတ်က အခိုင်အမာ ပြောဆိုထားပြီး ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့နှင့် အငြင်းပွားလျက်ရှိ သည်။

မကြာသေးမီ ရက်ပိုင်းက တရုတ်ကထိန်း ချုပ်ထားသည့် ဆာဘီနာ သောင်ခုံတစ်ဝိုက်တွင် နှစ်ဖက်ထိပ်တိုက်တွေ့မှုများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့သည်။ ယင်းသောင်ခုံသည် ဖိလစ်ပိုင်၏ ပါလာဝမ်ကျွန်းအနောက်ဘက် ကီလိုမီတာ ၁၄၀ အကွာတွင် တည်ရှိကာ တရုုတ်နှင့် အနီးကပ်ဆုံး ကုန်းမြေထုဖြစ်သော ဟိုင်နန်ကျွန်းနှင့် ကီလိုမီတာ ၁,၂၀၀ ခန့်ကွာဝေးသည်။

သြဂုတ် ၂၅ ရက်က ၎င်းသောင်ခုံအနီးတွင် မိမိတို့၏ သင်္ဘောတစ်စင်းနှင့် ဖိလစ်ပိုင် သင်္ဘောတစ်စင်း ဝင်တိုက်မိခဲ့သည်ဟု တရုတ်က ပြောကြားခဲ့သည်။

ဖိလစ်ပိုင် အစိုးရကမူ ပြီးခဲ့သည့် သီတင်းပတ်အတွင်း တောင်တရုတ်ပင်လယ်၌ ဝေဟင်နှင့် ရေပြင်တို့တွင် ထိပ်တိုက်တွေ့မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် တရုတ်က ရန်လိုပြီး ပရော်ဖက်ရှင်နယ် မပီသသည့် ဥပ ဒေမဲ့ လုပ်ရပ်များကို အကြိမ်ကြိမ်လုပ်ဆောင် နေသည်ဟုဆိုကာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

 စကားဘရို သောင်ခုံနှင့် ဆူဘီ ကျောက်တန်းတို့တွင် ကင်းလှည့်နေသည့် အရပ်ဘက် လေယာဉ်တစ်စင်း အနီးတွင် တရုတ်တိုက်လေယာဉ်က အန္တရာယ်ရှိသော မောင်းနှင်မှုများ ပြုလုပ်ခဲ့သည်ဟု ဖိလစ်ပိုင်အစိုးရ၏ အမျိုးသားပင်လယ် ရေကြောင်းဆိုင်ရာကောင်စီက ပြောကြားခဲ့သည်။

သြဂုတ် ၂၅ ရက်ကလည်း တရုတ်သင်္ဘောများသည် ဆာဘီနာသောင်ခုံရှိ ဖိလစ်ပိုင် ငါးဖမ်းသမားများအတွက် ထောက်ပံ့ဖြည့်တင်းရေးမစ်ရှင် လုပ်ဆောင်နေသည့် ဖိလစ်ပိုင် အစိုးရ၏ သင်္ဘောတစ်စင်းအား ပိတ်ဆို့ခြင်း၊ အရှိန်ဖြင့်ဝင်တိုက်ခြင်းနှင့် မီးသတ်ပိုက်ဖြင့် ထိုးခြင်းတို့ လုပ်ဆောင်ခဲ့သည်ဟုလည်း အမျိုးသား ပင်လယ်ရေကြောင်းဆိုင်ရာ ကောင်စီက ဆိုသည်။

ယင်းလုပ်ရပ်များသည် စိုးရိမ်ဖွယ်ဖြစ်သည်ဟုလည်း ၎င်းကောင်စီက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယခုလအတွင်း တောင်တရုတ်ပင်လယ်ပေါ်၌ ကင်းလှည့်ပျံသန်းနေသည့် မိမိတို့၏ လေယာဉ်တစ်စင်းအား တရုတ်တိုက်လေယာဉ်က မီးကျည်များဖြင့် ပစ်လွှတ်ခဲ့ကြောင်း ဖိလစ်ပိုင်အစိုးရက သြဂုတ် ၂၄ ရက်တွင် စွပ်စွဲပြောဆိုခဲ့သည်။

Ref:AFP,Reuters

                  

Most Read

Most Recent