ယခုတစ်ပတ်ကျင်းပမည့် ONE Friday Fight 77 ပြိုင်ပွဲတွင် မြန်မာ့ရိုးရာလက်ဝှေ့သမား စူပါရေချမ်းနှင့် ထိုင်းဖိုက်တာ စူတင်ရင်း ယှဉ်ပြိုင်ထိုးသတ်မည်

ယခုတစ်ပတ်ကျင်းပမည့် ONE Friday Fight 77 ပြိုင်ပွဲတွင် မြန်မာ့ရိုးရာလက်ဝှေ့သမား စူပါရေချမ်းနှင့် ထိုင်းဖိုက်တာ စူတင်ရင်း ယှဉ်ပြိုင်ထိုးသတ်မည်
Photo: WURKZ
Photo: WURKZ
Published 26 August 2024

ယခုတစ်ပတ်ကျင်းပမည့် ONE Friday Fight 77 ပြိုင်ပွဲတွင် မြန်မာ့ရိုးရာလက်ဝှေ့သမား စူပါရေချမ်းနှင့် ထိုင်းဖိုက်တာ စူတင်ရင်းတို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။

ONE Friday Fight 77 ပြိုင်ပွဲကို လာမည့်သြဂုတ် ၃၀ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံ၌ ကျင်းပမည်ဖြစ်ပြီး တွဲဆိုင်း ၁၂ ဆိုင်း ထည့်သွင်းထားကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင်  မြန်မာ့ရိုးရာလက်ဝှေ့သမား စူပါရေချမ်း နှင့် ထိုင်းဖိုက်တာ စူတင်ရင်းတို့သည် ပွဲစဉ် ၃ ၌ ၁၄၃ ပေါင်(Catchweight) တန်းတွင် ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။

ယခု နောက်ပိုင်း မြန်မာ့ရိုးရာလက်ဝှေ့လောကတွင် အတောက်ပဆုံးလူငယ်ဖိုက်တာများထဲ၌ တစ်ဦးအပါအဝင်ဖြစ်သည့် စူပါရေချမ်းသည် ONE Championship နှင့် လက်တွဲပြီးနောက်  ONE Friday Fight  ပြိုင်ပွဲတွင် ဝင်ရောက်ထိုးသတ်သည်မှာ ယခုပထမဆုံးဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာ့ရိုးရာလက်ဝှေ့ပရိသတ်များသည် လူငယ်တက်လူ စူပါရေချမ်း၏ ယခုတစ်ပတ်ထိုးသတ်မည့်ပွဲအပေါ် အထူးအာရုံစိုက် အားပေးနေလျက်ရှိကြောင်း သိရသည်။

စူပါရေချမ်းသည်  ယခု ၂၀၂၄ ခုနှစ် မတ်လအတွင်းက အာရှနဂါးနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ သရေကျခဲ့ပြီး ဧပြီအတွင်းက စောဂျွန်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာတွင် အကွဲထိုးအနိုင်ရရှိထားသည်။

စူပါရေချမ်းသည် ပြီးခဲ့သည့် မေလအတွင်းက နက္ခမင်းနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာတွင် သရေကျခဲ့သည်။

စူပါရေချမ်းသည် ပြည်ပပွဲ နောက်ဆုံးပွဲအဖြစ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာအတွင်းက ကမ္ဘောဒီးယားနိုင်ငံသို့သွားရောက်၍ ခွန်ခမာပွဲ ထိုးသတ်ထားရာ ကမ္ဘောဒီးယားဖိုက်တာ ဆွမ်ဗီချိုင်းနှင့် သရေကျခဲ့သည်။

စူပါရေချမ်းသည် မြန်မာ့ရိုးရာလက်ဝှေ့ဖိုက်တာများဖြစ်သည့် နက္ခအောင်နှင့် အောင်ထက်ဟိန်းတို့ကို အနိုင်ရထားပြီး ထိုင်းနိုင်ငံသား မွေထိုင်းဖိုက်တာ ထရိမ်းအပါအဝင် ရဲသွေးနီ၊ ထက်နိုင်အောင်၊ ယှူးခလိန်းအောင်တို့နှင့် သရေကျထားကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ့ရိုးရာလက်ဝှေ့သမားများသည် ONE Championship နှင့် လက်တွဲပြီး ONE Friday Fight မွေထိုင်းပြိုင်ပွဲများတွင် သွားရောက်ထိုးသတ်နေသည်မှာ အရေအတွက်အလွန်များပြားလာပြီဖြစ်ပြီး အောင်မြင်မှုများလည်း ရရှိနေပြီဖြစ်သည်။

မြန်မာ့ရိုးရာလက်ဝှေ့သမားများထဲတွင် လက်ရှိ၌ အအောင်မြင်ဆုံးဖိုက်တာအဖြစ် ပရိသတ်အချစ်တော် စိုးလင်းဦးက ထိပ်ဆုံး၌ ရပ်တည်နေလျက်ရှိသည်။

စိုးလင်းဦးသည် ONE Championship နှင့် လက်တွဲပြီးနောက် ONE Friday Fight မွေထိုင်းပြိုင်ပွဲများတွင် သုံးပွဲထိုးသတ်ထားရာ သုံးပွဲစလုံးကို အလဲထိုးဖြင့် အနိုင်ရရှိထားသည်။

စိုးလင်းဦးသည် ပြီးခဲ့သည့် ဇွန်လအတွင်းက ထိုင်းနိုင်ငံသား နာမည်ကြီးမွေထိုင်းဖိုက်တာ ပေါင်ဆရီကို ဒုတိယအချီ၌ အလဲထိုးခဲ့ပြီး ဒေါ်လာတစ်သိန်းတန်စာချုပ် ရရှိထားသည်။ 

Most Read

Most Recent