အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများတွင် ကူးစက်ဖြစ်ပွားမှုများရှိနေသဖြင့် Mpox(မျောက်ကျောက်)ရောဂါ ကာကွယ်ရေးအတွက် လေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ် ဝင်ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်နေဟု ထုတ်ပြန်

အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများတွင် ကူးစက်ဖြစ်ပွားမှုများရှိနေသဖြင့် Mpox(မျောက်ကျောက်)ရောဂါ ကာကွယ်ရေးအတွက် လေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ် ဝင်ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်နေဟု ထုတ်ပြန်
Photo: AFP
Photo: AFP
Published 19 August 2024

မြန်မာနိုင်ငံတွင် ကူးစက်ဖြစ်ပွားနိုင်ခြေ နည်းပါးသော်လည်း အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများတွင် ကူးစက်ဖြစ်ပွားမှုများရှိနေသဖြင့် Mpox(မျောက်ကျောက်)ရောဂါကာကွယ်ရေးအတွက် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဝင်ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

၂၀၂၄ ခုနှစ်အတွင်း ကွန်ဂိုနိုင်ငံ(DRC)နှင့် အာဖရိကတိုက်ရှိ နိုင်ငံများတွင် Mpox (မျောက်ကျောက်)ရောဂါ ကူးစက်ဖြစ်ပွားမှုအရှိန်မြင့်တက်လာခြင်း၊ ကွန်ဂိုနိုင်ငံအရှေ့ပိုင်းတွင် ရောဂါပိုး မျိုးကွဲအသစ်(Clade lb) လျင်မြန်စွာကူးစက်ပျံ့နှံ့လာပြီး နယ်စပ်ဖြတ်ကျော်နှင့် နိုင်ငံတကာကူးစက်ပျံ့နှံ့မှုများရှိနေခြင်းတို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ၂၀၂၄ ခုနှစ်၊ ဩဂုတ် (၁၄)ရက်တွင် Mpox (မျောက်ကျောက်)ရောဂါ ကူးစက်မှုအား နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Mpox(မျောက်ကျောက်)ရောဂါအား နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (PHEIC) အဖြစ် ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃ ရက်တွင် ပထမအကြိမ်ထုတ်ပြန်ကြေညာခဲ့စဉ်ကပင် ဖျားခြင်းနှင့် အနီစက်/ အရည်ကြည်ဖုထွက်ခြင်း ရောဂါလက္ခဏာစောင့်ကြပ်ကြည့်ရှုခြင်း (Fever with Vesicular Rash Surveillance) လုပ်ငန်းအား နေပြည်တော်နှင့်တိုင်းဒေသကြီး/ပြည်နယ်များရှိ ပြည်သူ့ဆေးရုံများနှင့် ကျန်းမာရေးဌာနများတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားမှု သိသာစွာကျဆင်းလာသည့်အတွက် ၂၀၂၃ ခုနှစ်၊ မေ ၁၁ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုင်ငံတကာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေမှ ဖြေလျှော့ခဲ့သော်လည်း မြန်မာနိုင်ငံတွင် ရောဂါလက္ခဏာစောင့်ကြပ်ကြည့်ရှုခြင်းအား ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ်မှ လက်ရှိအချိန်အထိ သံသယလူနာများ၏ ဓာတ်ခွဲနမူနာ (၁၂၉)ခု အား ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာတွင် Mpox(မျောက်ကျောက်)ရောဂါ အတည်ပြုလူနာ မရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရောဂါဖြစ်ပွားနိုင်ခြေသတ်မှတ်ချက်အရ Mpox (မျောက်ကျောက်) ရောဂါသည် မြန်မာနိုင်ငံတွင် ကူးစက်ဖြစ်ပွားနိုင်ခြေ နည်းပါးသော်လည်း အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများတွင် ကူးစက်ဖြစ်ပွားမှုများရှိနေသဖြင့် ကျန်းမာရေးဝန်ကြီးဌာနသည် Mpox(မျောက်ကျောက်) ရောဂါကာကွယ်ရေးအတွက် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဝင်ထွက် ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုအား နှီးနွယ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ လူနာတွေ့ရှိပါက ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် သီးခြားလူနာဆောင်များ၊ လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများ အသင့်ပြင်ဆင်ထားရှိခြင်း၊ ပြည်သူလူထုအတွင်း ရောဂါကာကွယ်ရေးနည်းလမ်းများအား ကျန်းမာရေးအသိပညာပေးခြင်း တို့အား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

Mpox(မျောက်ကျောက်)ရောဂါသည် လိင်မှတစ်ဆင့် ကူးစက်ခြင်း၊ အရေပြားထိတွေ့ခြင်း၊ မျက်နှာချင်းဆိုင် အနီးကပ်တွေ့ဆုံခြင်းတို့ဖြင့် ကူးစက်ခြင်း၊ ရောဂါပိုးကပ်ငြိနေသော အရာဝတ္တုများကို ကိုင်တွယ်ထိတွေ့ခြင်း၊ ရောဂါပိုးကူးစက်ခံရသော တိရစ္ဆာန်နှင့်တိုက်ရိုက် ထိတွေ့ခြင်းတို့ဖြင့် ကူးစက်ခြင်းများအားဖြင့် အဓိကကူးစက်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

Mpox(မျောက်ကျောက်)ရောဂါ သံသယလက္ခဏာခံစားနေရသူနှင့် အနီးကပ်ထိတွေ့မှုကို ရှောင်ကြဉ်ခြင်း၊ အနီးကပ်ထိတွေ့မှုကို ရှောင်လွှဲ၍မရပါက လက်အိတ်ဝတ်ဆင်ခြင်းနှင့် နှာခေါင်းစည်း(mask)ကို တပ်ဆင်ခြင်း၊ လက်ကို ဆပ်ပြာနှင့်ရေ (သို့မဟုတ်) ရေမလို လက်သန့်ဆေးရည် အသုံးပြု၍ စနစ်တကျ ဆေးကြောခြင်း၊ သံသယရောဂါလက္ခဏာ ခံစားနေရသူ၏ အသုံးအဆောင်ပစ္စည်းများကို ကိုယ်တွယ်ရာတွင် လက်အိတ်ဝတ်ဆင်ခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ခြင်းတို့ဖြင့် ရောဂါကူးစက်မှုမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

ပြည်သူများအနေဖြင့် ဖျား၍ မျက်နှာ၊ လက်၊ ခြေထောက်၊ ပါးစပ်နှင့် လိင်အင်္ဂါများတွင် အနီကွက်များနှင့်အတူ အရည်ကြည်ဖုများပေါက်ခြင်း၊ ပြန်ရည်အိတ် (lymph node) များ ရောင်ရမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ မောပမ်းနွမ်းနယ်ခြင်း အစရှိသော လက္ခဏာများရှိခြင်း၊ ဖျားခြင်းနှင့် အနီစက်/အရည်ကြည်ဖုထွက်ခြင်း ရောဂါ လက္ခဏာ ခံစားနေရသူများ (အထူးသဖြင့် ရောဂါပိုးတွေ့ရှိရာ နိုင်ငံ/ဒေသများမှ လွန်ခဲ့သော ၂၁ ရက်အတွင်း ပြန်လာသူများ)နှင့် ထိတွေ့မိခြင်းရှိပါက နိုင်ငံတကာ (သို့မဟုတ်) ပြည်တွင်း ခရီးသွားခြင်းကို ရှောင်ကြဉ်သင့်ပြီး နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပို့၍ ကုသမှုခံယူကြပါရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

Most Read

Most Recent