ရန်ကုန်တွင် ဓာတ်ဆီတစ်လီတာ ကျပ် သုံးထောင်ကျော်သို့ ရောက်ရှိလာပြီး ဆီဆိုင်အများစုတွင် ဆီများပြန်လည်ရရှိနေကာ တန်းစီသည့်မော်တော်ယာဉ် နည်းပါးလာ

ရန်ကုန်တွင် ဓာတ်ဆီတစ်လီတာ ကျပ် သုံးထောင်ကျော်သို့ ရောက်ရှိလာပြီး ဆီဆိုင်အများစုတွင် ဆီများပြန်လည်ရရှိနေကာ တန်းစီသည့်မော်တော်ယာဉ် နည်းပါးလာ
သြဂုတ် ၁၉ ရက်က မွန်းလွဲပိုင်းက သုဝဏ္ဏမြို့နယ်ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် စက်သုံးဆီရောင်းချနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
သြဂုတ် ၁၉ ရက်က မွန်းလွဲပိုင်းက သုဝဏ္ဏမြို့နယ်ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် စက်သုံးဆီရောင်းချနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 19 August 2024

ရန်ကုန်တွင် ဓာတ်ဆီတစ်လီတာ ကျပ်သုံးထောင်ကျော်သို့ ရောက်ရှိလာပြီး ဆီဆိုင်များတွင် ဆီများပြန်လည်ရရှိနေကာ တန်းစီသည့်မော်တော်ယာဉ် နည်းပါးလာသည်ဟု ရန်ကုန်မြို့ရှိ မော်တော်ယာဉ်မောင်းနှင်သူများထံမှ သိရသည်။

သြဂုတ် ၁၉ ရက်တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိသည့် ဆီစျေးနှုန်းများမှာ ၉၂ တစ်လီတာ ကျပ် ၂၉၉၀၊ ၉၅ တစ်လီတာ ကျပ် ၃၂၁၀၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၃၁၁၅၊ ရိုးရိုးဒီဇယ် တစ်လီတာ ကျပ် ၂၆၂၀ ဖြစ်ကြောင်း သိရသည်။

သြဂုတ် ၁၇ ရက်တွင် စက်သုံးဆီဆိုင်များတွင် ရောင်းချခဲ့သည့် စျေးနှုန်းများမှာ ၉၂ တစ်လီတာ ကျပ် ၂၉၀၀၊ ၉၅ တစ်လီတာ ကျပ် ၃၀၄၅၊ ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၃၁၁၅၊ ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၂၅၆၀ ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် ဓာတ်ဆီအမျိုးအစားများမှာ ပျမ်းမျှအားဖြင့် ကျပ် ၁၀၀ ကျော်၊ ရိုးရိုးဒီဇယ်ဆီအမျိုးအစားမှာ တစ်လီတာကျပ် ၆၀ မြင့်တက်လာခြင်းဖြစ်သည်။

“ဆီစျေးကတော့ တက်လာတယ်။ ဆိုင်တွေရဲ့ ဘေလ်ဘုတ်မှာလည်း ဆီလေးမျိုးလုံး ပြန်ရောင်းနေကြပြီ။ ကားတန်းတွေက အရင်လောက်တော့ မဆိုးတော့ဘူး။ တော်တော်နည်းလာတယ်။ သိပ်လည်းမစောင့်ရတော့ ဘူး” ဟု ရန်ကုန်မြို့တွင် အငှားယာဉ်မောင်းနှင်သူတစ်ဦးက ပြောကြားသည်။

ရန်ကုန်ရှိ စက်သုံးဆီဆိုင်များတွင် တန်းစီဝယ်ယူရသည့် အခြေအနေမှာ သြဂုတ် ၁၂ ရက် ညနေပိုင်းတွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များတွင် ဆီဝယ်ယူရန် တန်းစီခဲ့ရသည့် မော်တော်ယာဉ်များမှာ ရာနှင့်ချီရှိခဲ့ပြီး သြဂုတ် ၁၇ ရက်မှစတင်ကာ လျော့နည်းလာခြင်းလည်းဖြစ်သည်။

“ဆီဝယ်ဖို့ ညအိပ် တန်းစီခဲ့ရတယ်။ မနက်ဖက်တန်းစီရင် တော်တော်လေးကို စောင့်ရတယ်။ ဒီနေ့တော့ ကားတန်းက လျော့လာပြီ။ တန်းစီရင်တော့ တစ်နာရီလောက်တော့ စောင့်ရတယ်။ အရင်လို အချိန်သိပ်မပေးရ တော့ဘူး”ဟု သာကေတမြို့နယ်ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် ဆီဝယ်ယူခဲ့သူတစ်ဦးက ပြောကြားသည်။

ဆီစျေးနှုန်းများမှာ သြဂုတ် ၁၆ ရက်မှ စတင်ကာ မြင့်တက်လာခြင်းဖြစ်သည်။

သြဂုတ် ၁၅ ရက်တွင် ရောင်းချခဲ့သည့် စျေးနှုန်းများအရ ၉၂ တစ်လီတာ ကျပ် ၂၇၅၀၊ ၉၅ တစ်လီတာ ကျပ် ၂၈၉၀၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၂၉၄၅၊ ရိုးရိုးဒီဇယ် တစ်လီ တာ ကျပ် ၂၄၅၀ ဖြစ်ကြောင်း သိရသည်။

သြဂုတ် ၁၅ ရက်တွင် စက်သုံးဆီများ အလုံအလောက်မရရှိသဖြင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းအချို့တွင်လည်း ကျောင်းသူကျောင်းသားများကို ကြိုပို့သည့် မော်တော်ယာဉ်များ မပြေးဆွဲနိုင်ဘဲ မိမိအစီအစဉ်ဖြင့်သာ လာ ရောက်ပို့ဆောင်ကြရန် မှာကြားလျက်ရှိသည်ဟု ကျောင်းသားမိဘအချို့၏ ပြောကြားချက် အရသိရသည်။

လက်ရှိတွင် ဆီဆိုင်အများစုမှာ မော်တော်ယာဉ်တစ်စီးလျှင် အများဆုံး ကျပ်ငါးသောင်းဖိုးသာ ရောင်းချပေးနေသည်ဟု သိရသည်။

သြဂုတ်လဆန်းပိုင်းက ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များတွင် ဆီပြတ်လတ်မှုများ ဖြစ်ပွားခဲ့ရာ မိုးကြီးသည့်ကာလဖြစ်သဖြင့် ဆီတင်ကားများ ဘေးအန္တရာယ်ကင်းရှင်းရန်အတွက် သတိထားမောင်းနှင်ကြသဖြင့် ပုံမှန်အချိန်ထက် ပိုမိုကြန့်ကြာခဲ့ကြောင်း၊ ယင်းကြောင့် စက်သုံးဆီအရောင်းဆိုင်များတွင် ယာယီစက် သုံးဆီပြတ်လပ်မှုများ ကြုံတွေ့ခဲ့ရကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့် ဖြူးရေးအသင်းက သြဂုတ် ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယာယီ စက်သုံးဆီပြတ်လပ်ခြင်းကြောင့် လူထုစိုးရိမ်မှုက အနည်းငယ်ပိုမိုမြင့်တက်လာခြင်းကြောင့် ယနေ့ဖြစ်ပျက်နေသည့်အခြေအနေ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ထို့ပြင် မတည်ငြိမ်သည့်ဒေသများမှ ပြောင်းရွှေ့လာသူအများစုသည် မြို့ကြီးများသို့ ရောက်ရှိလာသည့်အတွက် စက်သုံးဆီလိုအပ်ချက်လည်း မြို့ကြီးများတွင် ပိုမိုခဲ့ကြောင်း အဆိုပါအသင်းက ထုတ်ပြန်ထားသည်။

Most Read

Most Recent