အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းနှင့် အုပ်စုအဖွင့်ပွဲ ယှဉ်ပြိုင်ကစားရမည့် ဗီယက်နမ်ကလပ် ထန်းဟွာအသင်းကို မြန်မာ ယူ-၂၃ အသင်း နည်းပြဟောင်း ပိုပေါ့ဗ်ကိုင်တွယ်နေ

အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းနှင့် အုပ်စုအဖွင့်ပွဲ ယှဉ်ပြိုင်ကစားရမည့် ဗီယက်နမ်ကလပ် ထန်းဟွာအသင်းကို မြန်မာ ယူ-၂၃ အသင်း နည်းပြဟောင်း ပိုပေါ့ဗ်ကိုင်တွယ်နေ
Photo: Thanh-Hoa
Photo: Thanh-Hoa
Published 19 August 2024

၂၀၂၄-၂၀၂၅ ရာသီ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းယူနိုက်တက်အသင်းသည် အုပ်စုအဖွင့်ပွဲအဖြစ် သြဂုတ်(၂၁) ရက်၊ မြန်မာစံတော်ချိန် ညနေ(၅) နာရီ (၃၀) မိနစ်တွင် ဗီယက်နမ်ကလပ် အရှေ့အာရှထန်းဟွာအသင်းနှင့် စတင်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းနှင့် စတင်ယှဉ်ပြိုင်ကစားရမည့် ဗီယက်နမ်ကလပ် အရှေ့အာရှထန်းဟွာအသင်းကို မြန်မာ ယူ-၂၃ အသင်း နည်းပြချုပ်ဟောင်းဖြစ်သူ ဘူလ်ဂေးရီးယားနိုင်ငံသား ဗီလစ်ဇာပိုပေါ့ဗ်က တာဝန်ယူကိုင်တွယ်နေလျက်ရှိသည်။

ဘူလ်ဂေးရီးယားနိုင်ငံသားနည်းပြ  ဗီလစ်ဇာပိုပေါ့ဗ်သည် မြန်မာ ယူ-၂၃ အသင်း(ယူ-၂၂)ကို ကာလကြာရှည် တာဝန်ယူကိုင်တွယ်ခဲ့သူဖြစ်သည်။

နည်းပြဗီလစ်ဇာပိုပေါ့ဗ်သည် မြန်မာ ယူ-၂၃ အသင်းကို ၂၀၂၉ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ  လေးနှစ်နီးပါးကြာ တာဝန်ယူကိုင်တွယ်ခဲ့ပြီး၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်စ်ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိအောင် စွမ်းဆောင်ပေးခဲ့သည်။

နည်းပြ ဗီလစ်ဇာပိုပေါ့ဗ်သည် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) နှင့် လမ်းခွဲခဲ့ပြီး ဗီယက်နမ်ကလပ် အရှေ့အာရှထန်းဟွာအသင်းထံသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

နည်းပြဗီလစ်ဇာပိုပေါ့ဗ်သည် ထန်းဟွာအသင်းကို  ဗီယက်နမ်ဖလား(National Cup) ပြိုင်ပွဲတွင် နှစ်ကြိမ်ဆက်(၂၀၂၃၊ ၂၀၂၃-၂၀၂၄) ချန်ပီယံဆုရရှိအောင်စွမ်းဆောင်ပေးထားသည်။

သို့ သော် ထန်းဟွာအသင်းသည် ပြီးခဲ့သည့် ၂၀၂၃- ၂၀၂၄ ဗီလိဂ်-၁ ပြိုင်ပွဲတွင်မူ အသင်း (၁၄) သင်း၌ အဆင့်(၉) နေရာသာ ရရှိခဲ့သည်။

ဗီယက်နမ်ကလပ် ထန်းဟွာအသင်းဘုတ်အဖွဲ့ဝင်များသည် ဗီယက်နမ်ဖလား (National Cup) ပြိုင်ပွဲတွင် နှစ်ကြိမ်ဆက် ချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးခဲ့သောကြောင့် နည်းပြ ဗီလစ်ဇာပိုပေါ့ဗ်ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်အတွင်းက ၂၀၂၅- ၂၀၂၆ ရာသီကုန်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သည်။

ဗီယက်နမ်ကလပ် ထန်းဟွာအသင်းသည် ပြီးခဲ့သည့် ၂၀၂၃- ၂၀၂၄ ရာသီ ဗီယက်နမ်ဖလား(National Cup) ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သောကြောင့်  ၂၀၂၄-၂၀၂၅ ရာသီ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် ၂၀၂၄-၂၀၂၅ ရာသီ အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် အုပ်စု(A) ၌ BG ပါသွန်ယူနိုက်တက် (ထိုင်း)၊ တီရန်ဂါနူး(မလေးရှား)၊ PSM မာကာဆာ(အင်ဒိုနီးရှား)၊ ထန်ဟွာ(ဗီယက်နမ်)၊ Svay Rieng(ကမ္ဘောဒီးယား) အသင်းတို့နှင့် ကျရောက်နေသည်။

၂၀၂၄-၂၀၂၅ ရာသီ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို သြဂုတ် (၂၁)ရက်မှစ၍ ပြိုင်ပွဲဝင်အသင်း(၁၂) သင်းကို (၆) သင်း (၂) အုပ်စုခွဲ၍ ကျင်းပသွားမည်ဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် အုပ်စု (၅)ပွဲအနက် အဝေးကွင်း(၃)ပွဲ၊ အိမ်ကွင်း(၂)ပွဲ ကစားရမည်ဖြစ်သည်။ 

Most Read

Most Recent