ဆူဒန်တွင် ကာလဝမ်းရောဂါကူးစက်ဖြစ်ပွားနေကြောင်း ကျန်းမာရေးဝန်ကြီး ထုတ်ပြန်ကြေညာ

ဆူဒန်တွင် ကာလဝမ်းရောဂါကူးစက်ဖြစ်ပွားနေကြောင်း ကျန်းမာရေးဝန်ကြီး ထုတ်ပြန်ကြေညာ
သြဂုတ်၁၇ ရက်က ဆူဒန်နိုင်ငံအရှေ့ပိုင်း ဝက်ဒ်အယ်ဟီလူဒေသရှိ ကျေးလက်ဆေးကုသရေးစင်တာမှ လူနာများကို တွေ့ရစဉ်(Photo:AFP)
သြဂုတ်၁၇ ရက်က ဆူဒန်နိုင်ငံအရှေ့ပိုင်း ဝက်ဒ်အယ်ဟီလူဒေသရှိ ကျေးလက်ဆေးကုသရေးစင်တာမှ လူနာများကို တွေ့ရစဉ်(Photo:AFP)
Published 18 August 2024

စစ်ဘေးသင့် ဆူဒန်နိုင်ငံတွင် သီတင်းပတ်များစွာကြာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် ဆူဒန်ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၁၇ ရက်တွင် ကာလဝမ်းရောဂါကူးစက် ဖြစ်ပွားနေကြောင်း ၎င်း၏ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ဗီဒီယိုဖိုင်တွင် ပြောကြားခဲ့သည်။

“ရာသီဥတုအခြေအနေတွေနဲ့ သောက်သုံးရေ ညစ်ညမ်းမှုတွေကြောင့် ကာလဝမ်းရောဂါ ကူးစက်ဖြစ်ပွားနေကြောင်း ထုတ်ပြန်ကြေညာလိုက်ရပါတယ်”ဟု ကျန်းမာရေးဝန်ကြီး ဟိုင်သမ်အီဘရာဟင်က ဆိုသည်။

ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်းမှကာလဝမ်းရောဂါ ဗိုင်းရပ်စ်ပိုးကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် နိုင်ငံအရှေ့ပိုင်း ကက်ဆာလာပြည်နယ် အာဏာပိုင်များ၊ ကုလသမဂ္ဂအေဂျင်စီများနှင့် ကျွမ်းကျင်သူများနှင့်အတူ ကာလဝမ်း ရောဂါကူးစက်ဖြစ်ပွားနေကြောင်း ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဆူဒန်နိုင်ငံတွင်ဗိုလ်ချုပ်ကြီး အဗ္ဗဒယ် ဖာတာအယ်ဘာဟန်ဦးဆောင်သည့် ဆူဒန် စစ်တပ်နှင့် ၎င်း၏လက်ထောက်ဟောင်း မိုဟာမက်ဟမ်ဒမ်ဒါဂလို ဦးဆောင်သည့် အရန်တပ်ဖွဲ့Rapid Support  Forces (RSF)ကြား ၂၀၂၃ ခုနှစ်ဧပြီလကတည်းက စစ်ပွဲဖြစ်ပွားလျက်ရှိသည်။

ယင်းပဋိပက္ခသည် ကမ္ဘာ့အဆိုးဆုံးလူသားချင်း စာနာထောက်ထားမှု အကျပ်အတည်းတစ်ခုကို ကြုံတွေ့စေခဲ့ပြီး နိုင်ငံလူဦးရေ၏ ထက်ဝက်ဖြစ်သော လူ ၂၅ သန်းကျော်သည် ဆိုးရွားသော အငတ်ဘေးကို ကြုံတွေ့ ခံစားနေရသည်။

နိုင်ငံအနောက်ပိုင်း ဒါဖာဒေသရှိ ရွှေ့ပြောင်းနေထိုင်သူများ စခန်းတစ်ခုတွင် အငတ်ဘေး ကျရောက်နေကြောင်း ထုတ်ပြန်ခဲ့သည်။

ဆူဒန်တွင် သီတင်းပတ်ပေါင်းများစွာကြာ မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိပြီး ကက်ဆာလာပြည်နယ်သည် သဘာဝဘေးဒဏ်ကို အဆိုးဆုံး ကြုံတွေ့ခံစားနေရသည်။ ကက်ဆာလာပြည်နယ် အာဏာပိုင်များက အရေးပေါ် နိုင်ငံတကာ အကူအညီကို ချက်ချင်းတောင်းဆိုခဲ့သည်။

လူထောင်ပေါင်းများစွာသည် ရေကြီးမှုကြောင့် ရွှေ့ပြောင်းနေထိုင်ကြရပြီး အထူးသဖြင့် ကလေးများအပါအဝင် ဝမ်းလျှောခြင်းနှင့် နာမကျန်းဖြစ်သူများ ပိုမိုများပြားလာသည်။

ကာလဝမ်းရောဂါသည် ပြင်းထန်ဝမ်း ပျက်ဝမ်းလျှောခြင်း၊ အော့အန်ခြင်းနှင့်ကြွက်သားနာကျင်ခြင်းတို့ကို ခံစားရစေသည်။ယင်းရောဂါသည် ကာလဝမ်းရောဂါကိုဖြစ်စေသော ဘက်တီးရီးယားပါဝင်သည့် မသန့်ရှင်း သော အစားအစာ သို့မဟုတ် ရေကိုသောက်သုံးမိခြင်း သို့မဟုတ် စားသုံးမိခြင်းကြောင့် ဖြစ်ပွားခြင်းဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောကြားခဲ့သည်။

ယင်းသည် အလွန်ပြင်းထန်သော ရေဓာတ်ခန်းခြောက်မှုကို ဖြစ်ပေါ်စေပြီး အချို့ဖြစ်စဉ်များတွင် နာရီအနည်းငယ်အတွင်း အသက်သေဆုံးသည်အထိ ဖြစ်နိုင်သည်။

ဇူလိုင် ၂၈ ရက်အထိ နိုင်ငံပေါင်း ၂၆ နိုင်ငံ၌ ကာလဝမ်းရောဂါဖြစ်ပွားသူ ၃၀၇,၄၃၃ ဦးရှိကာ သေဆုံးသူ၂,၃၂၆ ဦးရှိကြောင်း WHO က ဆိုသည်။

ဆူဒန်တွင်ဖြစ်ပွားနေသော စစ်ပွဲသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းများ၏ အလုပ်များကို အဟန့်အတားဖြစ်စေခဲ့သည်။

ပဋိပက္ခတွင် ပါဝင်သောနှစ်ဖက်စလုံးက စစ်ရာဇဝတ်မှု ကျူးလွန်ကြောင်း အပြန်အလှန်စွပ်စွဲပြစ်တင် ပြောကြားခဲ့ကြသည်။

ဆူဒန်တွင်ဖြစ်ပွားသော စစ်ပွဲကြောင့်လူပေါင်း သိန်းချီသေဆုံးခဲ့ပြီးအချို့ကမူ လူ ၁၅၀,၀၀၀ သေဆုံးခဲ့သည်ဟု ခန့်မှန်းထားကြောင်း ဆူဒန်ဆိုင်ရာအမေရိကန်သံတမန် တွမ်ပါရီရယ်လိုက ဆိုသည်။

Ref:AFP

                                                           

Most Read

Most Recent