■ သက်ဆင်၏သမီး ပေတုန်တန် ရှင်နာဝပ် ထိုင်းဝန်ကြီးချုပ်ဖြစ်ပြီ

■ သက်ဆင်၏သမီး ပေတုန်တန် ရှင်နာဝပ် ထိုင်းဝန်ကြီးချုပ်ဖြစ်ပြီ
Published 18 August 2024

ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ သမီးဖြစ်သူ ပေတုန်တန် ရှင်နာဝပ်သည် ယနေ့ (သြဂုတ် ၁၈ ရက်) နံနက်ပိုင်းတွင် ဘုရင်မင်းမြတ်၏ ခန့်အပ်လွှာကို လက်ခံရရှိသဖြင့် ထိုင်းနိုင်ငံ၏ ၃၁ ဦးမြောက် ဝန်ကြီးချုပ် ဖြစ်လာကြောင်း သိရသည်။

 

ဘုရင့်ခန့်အပ်လွှာ လက်ခံရယူသည့် အခမ်းအနားကို ဘန်ကောက်မြို့ရှိ ဖုအာထိုင်းပါတီဌာနချုပ်မှာ ယနေ့ (သြဂုတ် ၁၈ ရက်) နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သြဂုတ် ၁၆ ရက်က ပြုလုပ်ခဲ့သည့် ထိုင်းလွှတ်တော်ထဲ၌ ဝန်ကြီးချုပ်ပြန်လည်ရွေးချယ်မဲပေးပွဲတွင် မဲအနိုင်ရပြီး ပေတုန်တန် ရှင်နာဝပ် (၃၇ နှစ်) သည် ထိုင်းနိုင်ငံ၏ အသက်အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်လာခြင်းလည်း ဖြစ်သည်။ 

ပေတုန်တန်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် တာဝန်ယူခဲ့ကြသူများထဲတွင် ၎င်း၏အဒေါ်ဖြစ်သူ ရင်လပ် ပြီးလျှင် ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ်လည်း ဖြစ်သည်။

ယနေ့ (သြဂုတ် ၁၈ ရက်) နံနက်ပိုင်းက ပြုလုပ်သည့် ဝန်ကြီးချုပ် ခန့်အပ်လွှာလက်ခံသော အခမ်းအနားသို့ ပေတုန်တန်၏ ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နှင့် မိသားစုများ အပါအဝင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖွဲ့စည်းပုံခုံရုံးဆုံးဖြတ်ချက်နှင့် ဝန်ကြီးချုပ်တာဝန်မှ ရပ်ဆိုင်းခံလိုက်ရသည့် ဆရီထာ ထာဝီဆင်လည်း တက်ရောက်လာသည်ကို တွေ့ရသည်။

 

Most Read

Most Recent