ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုကြောင့် မန်စီးတီးအသင်းအနေဖြင့် တန်းဆင်းသည်အထိ အမှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံရဖွယ်ရှိနေ

ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုကြောင့် မန်စီးတီးအသင်းအနေဖြင့် တန်းဆင်းသည်အထိ အမှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံရဖွယ်ရှိနေ
Photo: Sky Sports
Photo: Sky Sports
Published 17 August 2024

 

ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှု စွဲချက် ၁၁၅ ချက်ဖြင့် စွဲချက်တင်ခံထားရသည့် ပရီးမီးယားလိဂ်လေးနှစ်ဆက် ချန်ပီယံ မန်စီးတီးအသင်းသည် ပြစ်မှုထင်ရှားပါက ကြီးလေးသည့် အမှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံရမည်ဖြစ်ပြီး တန်းပါဆင်းသွားနိုင်ကြောင်း သိရှိ ရသည်။ 

မန်စီးတီးအသင်း၏ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှု စွဲချက်များကို ပရီးမီးယားလိဂ်အနေဖြင့် လာမည့်စက်တင်ဘာလမှ စတင်ကာ ၁၀ ပတ်ကြာ ကြားနာစစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းထွက်ပေါ်နေသည်။ မန်စီးတီးအသင်းသည် ၂၀၀၉ ခုနှစ် မှစတင်ကာ ကိုးနှစ်တာကာလအတွင်း စပွန်ဆာရယူခြင်း၊ နည်းပြနှင့် ကစားသမားများကို လစာပေးချေခြင်းတို့တွင် မသမာမှုများပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံနေရပြီး ပြစ်မှုထင်ရှားပါက တန်းဆင်းပြစ်ဒဏ်ကျခံနိုင်သလို အမှတ်လျှော့ပြစ်ဒဏ်နှင့် ကြီးလေးသည့် ဒဏ်ငွေ တပ်ရိုက်ခံရနိုင်ကြောင်း သိရှိရသည်။ 

မန်စီး တီးအသင်းဘက်ကမူ လက်ရှိထွက်ပေါ်နေသည့်သတင်းများနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆန်ထားပြီး ၎င်းတို့အနေဖြင့် အမှားမလုပ်ထားခြင်း မရှိကြောင်းလည်း ထုတ်ပြန်ထားသည်။ ထို့ပြင် မန်စီးတီးအသင်းက ဘဏ္ဍာရေး စည်းမျဉ်းချိုးဖောက်မှု စွဲချက် ၁၁၅ ချက်နှင့် ပတ်သက်ပြီး လွတ်လပ်စွာစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးပါက ၎င်းတို့အနေဖြင့် အမှားမလုပ်ခဲ့သည်ကို သက်သေပြနိုင်မည်ဟုလည်း ယုံကြည်နေကြောင်း သိရသည်။ 

သို့သော် ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်း၏ အမှုဆောင်အရာရှိချုပ်တစ်ဦးကမူ မန်စီးတီးအသင်းအနေဖြင့် ကြီးလေးသည့် အမှတ်လျှော့ပြစ်ဒဏ်နှင့် ရင်ဆိုင်ရနိုင်ပြီး တန်းဆင်းရနိုင်သည်ဟု ယုံကြည်နေကြောင်း The Times က ဖော်ပြခဲ့သည်။ The Times ၏ ဖော်ပြချက်အရ ပရီးမီးယားလိဂ်ကလပ်အသင်း၏အမှုဆောင်အရာရှိချုပ်က "ပရီးမီးယားလိဂ်ရဲ့ စုံးစမ်းစစ်ဆေးမှုတွေအရ မန်စီးတီးအသင်းအနေနဲ့ အပြစ်ရှိတယ်လို့ သိရပြီး သူတို့အနေနဲ့ အမှတ်လျှော့ပြစ်ဒဏ် ကျခံရမှာ သေချာပါတယ်။ မန်စီးတီးအသင်းအနေနဲ့ အမှတ် ၇၀ နဲ့ အမှတ် ၈၀ ကြား အလျှော့ခံရနိုင်ပြီး အဲဒီလိုသာ ကျခံရမယ်ဆိုရင် သူတို့ တန်းဆင်းရမှာ သေချာပါတယ်"ဟု ပြောကြားခဲ့သည်။

ပရီးမီးယားလိဂ်သည် မန်စီးတီးအသင်းအား ၂၀၂၃ ဖေဖော်ဝါရီတွင် ဘဏ္ဍာရေးစည်း မျဉ်းချိုးဖောက်သည်ဟု ဆိုကာ စွဲချက် ၁၁၅ ချက်ဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။ မန်စီး တီးအသင်းသည် ယင်းကတည်းက အင်္ဂလန်ရှိ ထိပ်တန်းရှေ့နေကို ငှားရမ်းကာ တရားဆိုင်ရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ 

ထို့ပြင် မန်စီးတီး အသင်းသည် ပရီးမီးယားလိဂ်၏ဘဏ္ဍာရေး စည်းမျဉ်းမှာ တရားမျှတမှုမရှိဟုဆိုကာ တရားပြန်လည်စွဲဆိုထားကြောင်းလည်း သိရှိရသည်။ မန်စီးတီးအသင်းကမူ ၎င်းတို့အနေဖြင့် အမှားလုပ်ထားခြင်းမရှိဘဲ ယခု အမှုတွင်လည်း အပြစ်မရှိကြောင်း သက်သေပြသွားမည်ဟု ကြေညာထားသည်။ 

Most Read

Most Recent