စိန့်မာတင်ကျွန်းကိစ္စနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ပြုတ်ကျအောင် လုပ်ရာတွင် အမေရိကန်ပါဝင်ပတ်သက်မှုမရှိဟု အိမ်ဖြူတော် ပြောကြား

စိန့်မာတင်ကျွန်းကိစ္စနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ပြုတ်ကျအောင် လုပ်ရာတွင် အမေရိကန်ပါဝင်ပတ်သက်မှုမရှိဟု အိမ်ဖြူတော် ပြောကြား
Published 13 August 2024
Ref:Reuters

မကြာသေးမီက ရာထူးမှ နုတ်ထွက်ခဲ့ပြီး တောင်အာရှနိုင်ငံတစ်နိုင်ငံကို ထွက်ပြေးလာခဲ့သော ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ဖယ်ရှားခံရသည့်ကိစ္စတွင် အမေရိကန် ပါဝင်ပတ်သက်ခြင်းမရှိဟု သြဂုတ် ၁၂ ရက်တွင် အိမ်ဖြူတော်က ပြောကြားခဲ့ပြီး အမေရိကန်ကြား ဝင်စွက်ဖက်သည်ဟု စွပ်စွဲပြောဆိုနေမှုများသည် အမှားသက်သက်သာဖြစ်သည်ဟု ဆိုသည်။

“ကျွန်မတို့ ပါဝတ်ပတ်သက်တာမျိုး လုံးဝမရှိပါဘူး။ အဲဒီကိစ္စတွေမှာ အမေရိကန်အစိုးရပါဝင်ခဲ့တယ်ဆိုတဲ့ သတင်းတွေ၊ ကောလာဟလတွေဟာ အမှားသက်သက်ပဲဖြစ်ပါတယ်” ဟု အိမ်ဖြူတော်ပြောရေးဆိုခွင့်ရ ကာရင်ဂျင်းပီယာရီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဟာဆီနာပြုတ်ကျခဲ့ရာတွင် အမေရိကန်အစိုးရပါဝင်ပတ်သက်ခဲ့သလားဟူသော မေးခွန်းကို ပြောရေးဆိုခွင့်ရှိသူက အထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် ဘင်္ဂလားပင်လယ်အော်ရှိ ဘင်္ဂလားဒေ့ရှ်၏ စိန့်မာတင်ကျွန်းကို ထိန်းချုပ်ချင်သောကြောင့် ဟာဆီနာကို ဖြုတ်ချရာတွင် အမေရိကန်ပါ ဝင်ပတ်သက်ခဲ့သည်ဟု အိန္ဒိယရှိ Economics Tines သတင်းစာက သြဂုတ် ၁၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။ ဟာဆီနာသည် အဆိုပါကိစ္စကို ရင်းနှီးသော မိတ်ဆွေများမှ တစ်ဆင့်ပြောကြားခြင်းဖြစ်သည်ဟု အဆိုပါသတင်းစာက ဖော်ပြခဲ့သည်။

မိခင်ဟာဆီနာသည် ထိုကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာပြောကြားခြင်းမရှိဟု ဟာဆီနာ၏သား ဆာဂျက်ဝါဇက်က သြဂုတ် ၁၁ ရက်တွင် ဆိုရှယ်မီဒီယာX ၌ ပို့စ်တင်ခဲ့သည်။

“ဘင်္ဂလားဒေ့ရှ်ပြည်သူတွေကပဲ အနာဂတ်ဘင်္ဂလားဒေ့ရှ်အစိုးရကို ဆုံးဖြတ်သင့်တယ်လို့ ကျွန်မတို့ ယုံကြည်ထားပါတယ်။ အဲဒါဟာ ကျွန်မတို့ရဲ့ရပ်တည်ချက် သဘောထားဖြစ်ပါတယ်” ဟု အိမ်ဖြူတော်ပြောရေးဆိုခွင့်ရက ဖြည့်စွက်ပြောကြားခဲ့သည်။

Most Read

Most Recent