နေပြည်တော်တွင် မိသားစုလိုက် သုံးလောင်းပြိုင်လူသတ်မှု ဖြစ်ပွား

နေပြည်တော်တွင် မိသားစုလိုက် သုံးလောင်းပြိုင်လူသတ်မှု ဖြစ်ပွား
Published 12 August 2024

နေပြည်တော်တွင် မိသားစုလိုက် သုံးလောင်းပြိုင်လူသတ်မှု သြဂုတ် ၈ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နေပြည်တော် ဥတ္တရသီရိမြို့နယ် ဇဝနသိဒ္ဓိရပ်ကွက် မြတ်လေးလမ်းရှိ နေအိမ်တစ်အိမ်တွင် မိသားစုလိုက် သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး နေအိမ်အတွင်း သေဆုံးနေသည်ကို သြဂုတ် ၁၀ ရက်က တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“မိုးတွေ အရမ်းရွာတဲ့ရက်ဖြစ်တဲ့ သြဂုတ် ၈ ရက်က ဖြစ်သွားတာပေါ့။ သူ့ရဲ့သားက အိပ်ယာပေါ်မှာ။ အမျိုးသမီးက ရေချိုးခန်းဝမှာ။ သူက ထမင်းစားစားပွဲမှာ မှောက်လျက် သေနေတာ” ဟု အမှုနှင့်ပတ်သက်၍ သိရှိသူတစ်ဦးက ပြောကြားသည်။

အသက်ခံရသည့် မိသားစုသုံးဦးတွင် အသက် ၄၉ နှစ်အရွယ် အမျိုးသားသည် ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ အသက် ၄၈ အရွယ် အမျိုးသမီးသည် ထိုးသွင်းဒဏ်ရာ လေးချက်၊ အသက် ၂၉ အရွယ် သားဖြစ်သူသည် ထိုးသွင်းဒဏ်ရာ သုံးချက်တို့ဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

“CCTV မှတ်တမ်းအရ သြဂုတ် ၈ ရက်က သူက အိမ်သော့ဖွင့်ပေးတယ်။ အိမ်ပေါ်မှာ ထိုင်ကြတယ်။ အရက်ပုလင်းနှစ်လုံးလည်း တွေ့တယ်။ သောက်လက်စ တစ်လုံးလည်းတွေ့တယ်” ဟု အမှုနှင့်နီးစပ်သူတစ်ဦးက ပြောကြားသည်။

မိသားစုလိုက် သုံးလောင်းပြိုင် သတ်ဖြတ်ခံရသည့်ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူများသည် မော်တော်ဆိုင်ကယ်ဖြင့် အဆိုပါအိမ်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

“ပြစ်မှုကျူးလွန်သူတွေက စီးလာတဲ့ဆိုင်ကယ်ကို ထားခဲ့ပြီး ကားနဲ့ပြန်ထွက်သွားတာ။ ကျူးလွန်သူတွေကိုတော့ သိပြီ၊ နာမည်တွေလည်း သိထားပြီး။ အခုတော့ လိုက်ရှာနေတယ်” ဟု အမှုနှင့်နီးစပ်သူတစ်ဦးက ပြောကြားသည်။

သုံးလောင်းပြိုင် သတ်ဖြတ်ခံရသည့် မိသားစုတွင် ဖခင်ဖြစ်သူသည် ဆရာဝန်တစ်ဦးဖြစ်ကြောင်းနှင့် ရုပ်အလောင်းများအား နေပြည်တော်ကုတင်-၁၀၀၀ ဆေးရုံကြီးသို့ ပို့ဆောင်၍ စစ်ဆေးနေကြောင်း သိရသည်။

Most Read

Most Recent