ဆိုလန်ကီကို အချိန်အခါကောင်းတွင် ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ပိုစတီကိုဂလူး ပြောကြား

ဆိုလန်ကီကို အချိန်အခါကောင်းတွင် ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ပိုစတီကိုဂလူး ပြောကြား
Photo : X
Photo : X
Published 12 August 2024

စပါးအသင်း၏နည်းပြ ပိုစတီကိုဂလူးက တိုက်စစ်မှူး ဆိုလန်ကီကို အချိန်အခါကောင်းတွင် ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။

ဆိုလန်ကီအား ခေါ်ယူနိုင်ခဲ့ခြင်းနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ ပိုစတီကိုဂလူးက "သူက ကျွန်တော်တို့အတွက် တကယ်ကောင်းတဲ့ အားဖြည့်မှုလို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ (၁၂)လတာကာလမှာ ကျွန်တော်တို့ ပျောက်ဆုံးနေခဲ့တဲ့အရာကို သူကယူဆောင်လာပေးနိုင်မှာပါ။ သူ့ရဲ့ ကစားသမားဘ၀ အချိန်အခါကောင်းမှာ ကျွန်တော်တို့ ခေါ်ယူနိုင်ခဲ့တာပါ။ သူက ပရီးမီးယားလိဂ်ရဲ့ စစ်မှန်တဲ့ တိုက်စစ်မှူးကောင်း တစ်ယောက်ဖြစ်လာအောင် တိုက်ပွဲဝင်နိုင်ခဲ့တဲ့သူပါ။ သူက တိုးတက်မှုရှိလာဖို့ လိုလားနေသူဖြစ်ပြီး သက်ရောက်မှုရှိအောင်လည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။

ပိုစတီကိုဂလူးက ပရီးမီးယားလိဂ်ပွဲစဉ် (၁)၌ ယှဉ်ပြိုင်ရမည့် လက်စတာနှင့်ပွဲတွင် ဆိုလန်ကီကို ချန်လှပ်ထားရမည့် အကြောင်းပြချက် ရှိမနေကြောင်းလည်း ပြောကြားခဲ့သည်။

ဆိုလန်ကီသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက ဘုန်းမောက်အသင်းတွင် ခြေစွမ်းပြခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်သွင်းဂိုး (၁၉)ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။

Most Read

Most Recent