ချင်းပြည်နယ်မှ AA ထွက်ခွာပေးရန် မီဇိုရမ်ပြည်နယ်တွင် ချင်းစစ်ဘေးရှောင်များက ဆန္ဒပြတောင်းဆို 

ချင်းပြည်နယ်မှ AA ထွက်ခွာပေးရန် မီဇိုရမ်ပြည်နယ်တွင် ချင်းစစ်ဘေးရှောင်များက ဆန္ဒပြတောင်းဆို 
Photo - Chinland News 
Photo - Chinland News 
Published 10 August 2024

ချင်းပြည်နယ်မှ AA ထွက်ခွာပေးရန် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၌ ချင်းစစ်ဘေးရှောင်များက သြဂုတ် ၁၀ ရက်တွင် ဆန္ဒပြတောင်းဆိုခဲ့ကြောင်း ချင်းသတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရသည်။ 

အဆိုပါ ဆန္ဒပြတောင်းဆိုမှုကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့တွင် ရောက်ရှိနေသည့် ချင်းစစ်ဘေးရှောင်များက ဦးဆောင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းဆန္ဒပြတောင်းဆိုပွဲသို့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့တွင် ရောက်ရှိနေသည့် ချင်းစစ်ဘေးရှောင် အများအပြားတက်ရောက်ခဲ့သည်ကိုလည်း တွေ့ရသည်။ 

"ကျွန်တော်တို့ရွာ ကျန်ခဲ့တဲ့ မိသားစုတွေ ဒုက္ခကြုံတွေ့နေရတယ်။ ကျွန်တော်တို့လည်း စစ်ဘေးရှောင်နေရတယ်။ မွေးကင်းစကလေးမှ အဘိုးအဘွားအထိ ဒုက္ခကြုံတွေ့နေရပြီး စစ်ဘေးရှောင်နေရတာကို သိရှိရပါတယ်။ ဒီအရာတွေဟာ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ခွင့်ပြုချက်မရှိဘဲ ကျွန်တော်တို့ပြည်မှာရှိတဲ့ CNA ၊ CDF ၊ ပြည်သူများ၏ ခွင့်ပြုချက်မရှိဘဲ မတရားဝင်လာသော AA ၏ ပြဿနာလုပ်ရပ်တွေကြောင့် ကျွန်တော်တို့ပြည်သူတွေ ဒုက္ခကြုံတွေ့နေရပါတယ်။ ဒါကြောင့် အဲဒီပြဿနာကို ချင်းပြည်နယ်မှာ ပြုလုပ်နေတဲ့ AA သည် ယခုမှစ၍ ချင်းပြည်နယ်ကနေ ထွက်သွား။ မတူပီမြို့နယ်၊ ပလက်ဝမြို့နယ်မှ ချက်ချင်း လုံးဝ (လုံးဝ) ထွက်ခွာပေးပါရန် ကျွန်တော်တို့ ဆန္ဒပြရခြင်း ဖြစ်ပါတယ်" ဟု ဆန္ဒပြပွဲတွင် ပါဝင်သူတစ်ဦးက ပြောကြားသည်။ 

ယင်းဆန္ဒပြပွဲတွင် “ချင်းပြည်နယ်က AA ထွက်ခွာပေးရန်"၊ "ချင်းပြည်ကောင်စီကို ထောက်ခံသည်" စသည့် စာသားပါ ဆိုင်းဘုတ်များကို ကိုင်ဆောင်၍ ချင်းစစ်ဘေးရှောင်များက ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ကြသည်။ 

လက်ရှိတွင် AA သည် ချင်းပြည်နယ် ပလက်ဝမြို့ကို ထိန်းချုပ်ထားသည့်အပြင် ချင်းပြည်နယ်ရှိ တပ်မတော် တပ်စခန်းများကိုလည်း ချင်းညီနောင်အဖွဲ့နှင့် ပူးပေါင်း၍ တိုက်ခိုက်နေကြောင်း သိရသည်။

 

Most Read

Most Recent