ရီးယဲလ်အသင်းမှာ နည်းပြဘဝ နောက်ဆုံးကလပ်ဖြစ်နိုင်ပြီး လက်ရွေးစင်အသင်းကိုကိုင်တွယ်ရန် စိတ်လှုပ်ရှားမှုများစွာမရှိကြောင်း အန်ဆယ်လော့တီပြောကြား

ရီးယဲလ်အသင်းမှာ နည်းပြဘဝ နောက်ဆုံးကလပ်ဖြစ်နိုင်ပြီး လက်ရွေးစင်အသင်းကိုကိုင်တွယ်ရန် စိတ်လှုပ်ရှားမှုများစွာမရှိကြောင်း အန်ဆယ်လော့တီပြောကြား
Photo: The Obi One Podcast
Photo: The Obi One Podcast
Published 4 August 2024

 

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ကာလိုအန်ဆယ်လော့တီက ရီးယဲလ်အသင်းမှာ မိမိအတွက် နည်းပြဘဝ နောက်ဆုံးကလပ်ဖြစ်နိုင်ပြီး လက်ရွေးစင်အသင်းကိုကိုင်တွယ်ရန် စိတ်လှုပ်ရှားမှုများစွာမရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အန်ဆယ်လော့တီသည် ဒီဇင်ဘာတွင် အသစ်ချုပ်ဆိုထားသည့် စာချုပ်အရ ရီးယဲလ်အသင်း၌ ၂၀၂၆ ခုနှစ်အထိ ဆက်ရှိနေမည်ဖြစ်ပြီး စာချုပ်ကုန်ဆုံးချိန်တွင် အသက် ၆၇ နှစ်ရှိမည်ဖြစ်သည်။ ချယ်လ်ဆီးအသင်း ကွင်းလယ်လူဟောင်း မီခေးလ်နှင့်ပြုလုပ်သည့် "Obi One" Podacst အစီအစဉ်တွင် အန်ဆယ်လော့တီက အနာဂတ်နှင့်ပတ်သက်၍ ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။

"ဒါက ကျွန်တော့်ရဲ့ နောက်ဆုံးကလပ် ဖြစ်မယ်လို့ထင်တယ်။ နိုင်ငံအသင်းတစ်သင်းမှာ အခွင့်အရေးရှိဦးမလားဆိုတာတော့ ကျွန်တော်မသိပါဘူး။ ကျွန်တော်က နိုင်ငံအသင်းကို ကိုင်တွယ်ရတာ အရမ်းစိတ်မလှုပ်ရှားပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် အနှစ်သက်ဆုံးဖြစ်တဲ့ နေ့စဉ်နဲ့အမျှဖြတ်သန်းမှုကို ဆုံးရှုံးရမှာဖြစ်လို့ပါ။ ကျွန်တော်လုပ်နေတာတွေအတွက် တကယ်ပျော်ရွှင်ပါတယ်။ ဒါက နည်းပြတစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ ၂၉ ကြိမ်မြောက် ရာသီဖြစ်မှာပါ။ ကျွန်တော် ဆုဖလားတွေအများကြီးရယူနိုင်ခဲ့တာ အမှန်ပါပဲ။ ဒါပေမဲ့ ဆုံးရှုံးခဲ့ရတဲ့ ဆုဖလားအရေအတွက်ကိုလည်း တွေးကြည့်လိုက်ပါ"ဟု ၎င်းက ဆိုသည်။

ရီးယဲလ်အသင်းသည် ယခုနွေရာသီတွင် ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေနှင့် ဘရာဇီးလ်လူငယ်ကြယ်ပွင့် အန်းဒရစ်ချ် နှစ်ဦးကိုသာ ခေါ်ယူထားပြီး ကစားသမား ခေါ်ယူမှု ထပ်လုပ်မည်မဟုတ်ကြောင်း အန်ဆယ်လော့တီက ပြောကြားထားသည်။ အမ်ဘာပေရောက်ရှိလာခြင်းမှာ အသင်း၏ဟန်ချက်ညီမှုအတွက် ပြဿနာမဖြစ်နိုင်ကြောင်း အန်ဆယ်လော့တီက "Obi One" Podacst အစီအစဉ်တွင် ထည့်သွင်းပြောကြားခဲ့သည်။

"အဲဒါက ပြဿနာမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ အဓိကအချက်ကတော့ ကစားသမားတိုင်းဟာ ကိုယ့်ရဲ့အရည်အသွေးကို အသင်းနဲ့ အသင်းဖော်တွေအတွက် ဖြည့်ဆည်းပေးနိုင်ဖို့ပါပဲ။ ကီယန်အမ်ဘာပေ အတွက်လည်း အဲဒီအတိုင်း အတိအကျပါပဲ။ ကျွန်တော်တို့က ကောင်းမွန်တဲ့လူစာရင်းကို တည်ဆောက်ထားတာပါ။ ၂၀၁၈ ခုနှစ်မှာ ခရစ္စတီယာနိုရော်နယ်လ်ဒိုထွက်ခွာသွားပြီးနောက် ကောင်းမွန်တဲ့ လူငယ်ကစားသမားတွေကို တစ်နှစ်ပြီးတစ်နှစ် ခေါ်ယူနိုင်ခဲ့တယ်။ ဗင်နီစီယပ်စ်၊ ရိုဒရီဂိုနဲ့ ဗယ်လ်ဗာဒီ၊ နောက်တော့ ကာမာဗင်ဂါ၊ ချူယာမန်နီ၊ ဘယ်လင်ဂမ်၊ အာဒါဂူလာနဲ့ အခု ကီယန်အမ်ဘာပေ အထိပါပဲ။ ကျွန်တော်တို့ဆီမှာ ငယ်ရွယ်ပြီး ထူးချွန်တဲ့လူစာရင်း ရှိပါတယ်။ ဒါပေမဲ့ အဓိက အချက်က ကာဗာဟယ်လ်လို ၀ါရင့်ကစားသမားတွေက အသင်းရဲ့စိတ်ဓာတ်ပိုင်းကို ထိန်းထားပေးနိုင်တာပါ" ဟု အန်ဆယ်လော့တီက ပြောကြားခဲ့သည်။

Most Read

Most Recent