မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်  ချင်းမိုင်ယူနိုက်တက်အသင်းနှင့်ကစားခဲ့သည့် ရာသီကြိုခြေစမ်းပွဲတွင် လမ်ဖွန်အသင်းအတွက် ဂိုးသွင်းယူ

မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်  ချင်းမိုင်ယူနိုက်တက်အသင်းနှင့်ကစားခဲ့သည့် ရာသီကြိုခြေစမ်းပွဲတွင် လမ်ဖွန်အသင်းအတွက် ဂိုးသွင်းယူ
Photo: Lamphun FC
Photo: Lamphun FC
Published 29 July 2024

မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်သည် ချင်းမိုင်ယူနိုက်တက်အသင်းနှင့်ကစားခဲ့သည့် ရာသီကြိုခြေစမ်းပွဲတွင် ၎င်း၏မိခင်ကလပ် လမ်ဖွန်အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ကြောင်း သိရသည်။

လမ်ဖွန်အသင်းသည် ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်က အိမ်ကွင်းတွင် ထိုင်းလိဂ်-၂  ကလပ် ချင်းမိုင်ယူနိုက်တက်အသင်းနှင့် ရာသီကြိုခြေစမ်းကစားခဲ့ရာ(၃-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ယင်းခြေစမ်းပွဲတွင် တောင်ပံတိုက်စစ်ကစားသမားဖြစ်သူ မောင်မောင်လွင်သည် လမ်ဖွန်အသင်း၏ ပွဲထွက်ကစားသမားစာရင်းတွင် မပါဝင်ခဲ့သော်လည်း လူစားဝင်ကစားခဲ့ပြီး တတိယမြောက်အနိုင်ဂိုးကို သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

လမ်ဖွန်အသင်းသည် ချင်းမိုင်ယူနိုက်တက်အသင်းနှင့်ပွဲတွင် ပွဲကစားချိန်(၄၅၊ ၆၀) မိနစ်တို့တွင် ဂိုးများသွင်းယူခဲ့သဖြင့် နှစ်ဂိုးပြတ်အနိုင်ရနေပြီး ပွဲကစားချိန်(၇၉) မိနစ်တွင် မောင်မောင်လွင်က ဘယ်ခြမ်းမှ အသင်းဖော်၏ ဖြတ်တင်ပေးမှု ကို ညာခြေဖြင့်ထိန်းပြီး ဘယ်ခြေဖြင့် ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။

ယင်းခြေစမ်းပွဲမှာ လမ်ဖွန်အသင်း၏ ရာသီကြို တတိယမြောက် ခြေစမ်းပွဲဖြစ်ပြီး ချင်းမိုင်ယူနိုက်တက်အသင်းနှင့် မတိုင်မီ ထိုင်းလိဂ်-၁ ကလပ် ဆူခိုထိုင်းအသင်း၊ ထိုင်းလိဂ်-၂ ကလပ် ဖာရေးယူနိုက်တက်အသင်းတို့နှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားထားသည်။

လမ်ဖွန်အသင်းသည် ဇူလိုင်  ၁၈ ရက်က ဆူခိုထိုင်းအသင်းနှင့် ခြေစမ်းကစားခဲ့ရာ(၃-၁)ဂိုး၊ ဇူလိုင် ၂၄ ရက်က ဖာရေးယူနိုက်တက်အသင်းနှင့် ခြေစမ်းကစားခဲ့ရာ(၂-၁) ဂိုးတို့ဖြင့် အနိုင်ရရှိထားသည်။

မောင်မောင်လွင်သည်၂၀၂၁-၂၀၂၂ ရာသီဝက်အပြောင်းအရွှေ့ကာလကတည်းက ရန်ကုန်ယူနိုက်တက်အသင်းမှ လမ်ဖွန်အသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်း၏ အမာခံကစားသမားအဖြစ် ပါဝင်ကစားခွင့် ရရှိနေသူဖြစ်သည်။

မောင်မောင်လွင်သည်  လမ်ဖွန်အသင်းတွင် ၂၀၂၁-၂၀၂၂ ရာသီ၌  ၄ ဂိုး၊ ၂၀၂၂- ၂၀၂၃ ရာသီ၌ ၃ ဂိုး၊ ၂၀၂၃-၂၀၂၄ ရာသီ၌ ၂ ဂိုး သွင်းယူပေးခဲ့ကာ ဂိုးဖန်တီးမှုများစွာပြုလုပ်ပေးနိုင်ခဲ့သလို ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုများလည်း ရရှိခဲ့သည်။

မောင်မောင်လွင်သည် ပထမဆုံးပြည်ပကလပ်အသင်းအဖြစ် လမ်ဖွန်အသင်းတွင် ကာလရှည်ကစားနေခြင်းဖြစ်သည်။  

 

Most Read

Most Recent