ပါရီအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် တောင်ကိုရီးယားအားကစားအဖွဲ့ကို မြောက်ကိုရီးယားဟု မှားယွင်းကြေညာခဲ့သဖြင့် IOC တောင်းပန်ခဲ့ရ

ပါရီအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် တောင်ကိုရီးယားအားကစားအဖွဲ့ကို မြောက်ကိုရီးယားဟု မှားယွင်းကြေညာခဲ့သဖြင့် IOC တောင်းပန်ခဲ့ရ
Photo: AFP
Photo: AFP
Published 29 July 2024

ပါရီအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် တောင်ကိုရီးယားအားကစားအဖွဲ့ကို မြောက်ကိုရီးယားနှင့် မှားယွင်းကြေညာခဲ့သဖြင့် နိုင်ငံတကာအိုလံပစ်ကော်မတီ(IOC)က တောင်းပန်ခဲ့ရကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားကျင်းပသည့် Seine မြစ်အတွင်း တောင်ကိုရီးယားအားကစားအဖွဲ့ ရောက်ရှိလာစဉ် အစီအစဉ်ကြေညာသူက မြောက်ကိုရီးယားနိုင်ငံ၏အမည်အပြည့်အစုံဖြစ်သည့် ဒီမိုကရက်တစ် ကိုရီးယားပြည်သူ့သမ္မတနိုင်ငံဟု ပြင်သစ်ဘာသာနှင့်ရော အင်္ဂလိပ်ဘာသာဖြင့်ပါ မှားယွင်းကြေညာခဲ့ခြင်းဖြစ်သည်။

ဖွင့်ပွဲအခမ်းအနား ရုပ်သံလွှင့်နေစဉ်အတွင်း တောင်ကိုရီးယားအသင်းကို ကြေညာရာတွင် မှားယွင်းမှုအတွက် အလေးအနက်တောင်းပန်ပါကြောင်း IOC က လူမှုကွန်ရက်မှတစ်ဆင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

တောင်ကိုရီးယားအားကစားဝန်ကြီးဌာနက ယင်းဖြစ်ရပ်အပေါ် ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း ပြောကြားသည်။

၂၀၀၈ အိုလံပစ်အလေးမချန်ပီယံနှင့် အားကစားဒုဝန်ကြီးဖြစ်သူ ဂျန်မီရန်းက အဆိုပါဖြစ်ရပ်အတွက် ဆွေးနွေးရန် IOC ဥက္ကဋ္ဌ သောမတ်စ်ဘတ်ချ်နှင့်  တွေ့ဆုံခွင့်ရလိုကြောင်း တောင်းဆိုခဲ့သည်။

ထို့ပြင် အားကစားဝန်ကြီးဌာနက တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနအား ပြင်သစ်အစိုးရအပေါ် ဖိအားပေးရန် တိုက်တွန်းခဲ့သည်။

ကိုရီးယားနှစ်နိုင်ငံသည် လတ်တလောတွင် မြောက်ကိုရီးယားဘက်မှ အမှိုက်ဘောလုံးများ လွှင့်တင်မှုအတွက် ဆက်ဆံရေးတင်းမာလျက်ရှိသည်။

Most Read

Most Recent