အန်ဇို၏ ဗီဒီယိုကြောင့် ပါရီအိုလံပစ်၌ အာဂျင်တီးနားအသင်း နိုင်ငံတော်သီချင်း သီဆိုချိန်တွင် လှောင်ပြောင်ခံခဲ့ရပြီး ပွဲအတွင်း အကျည်းတန်ဖြစ်ရပ်များ ဖြစ်ပွား

အန်ဇို၏ ဗီဒီယိုကြောင့် ပါရီအိုလံပစ်၌ အာဂျင်တီးနားအသင်း နိုင်ငံတော်သီချင်း သီဆိုချိန်တွင် လှောင်ပြောင်ခံခဲ့ရပြီး ပွဲအတွင်း အကျည်းတန်ဖြစ်ရပ်များ ဖြစ်ပွား
Photo: Daily Mail
Photo: Daily Mail
Published 25 July 2024

အာဂျင်တီးနားကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက်ဇ်၏ လူမျိုးရေးခွဲခြားသည့် ဗီဒီယိုကြောင့် ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲဝင် အာဂျင်တီးနားယူ-၂၃ အသင်းသည် ပနားမားယူ-၂၃ အသင်းနှင့် ကစားခဲ့သည့် အိုလံပစ်အုပ်စုပွဲစဉ်၌ နိုင်ငံတော်သီချင်းသီဆိုချိန်တွင် ပရိသတ်များ၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရပြီး ပွဲအတွင်း အကျည်းတန်ဖြစ်ရပ်များလည်း ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲတွင် အာဂျင်တီးနားလက်ရွေးစင်အသင်း ဗို်လ်စွဲပြီးနောက် အသင်းကစားသမားများသည် ဘတ်စ်ကားပေါ်တွင် အောင်ပွဲခံရာ၌ ပြင်သစ်ကစားသမားများအား လူမျိုးရေးခွဲခြားသည့် သီချင်းကို သီဆိုခဲ့ပြီး ကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက်ဇ်က ၎င်း၏ Instagram တွင် Live လွှင့်ခဲ့ခြင်း ဖြစ်သည်။

ယင်းဗီဒီယိုကြောင့် အန်ဇိုဖာနန်ဒက်ဇ်မှာ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ပြီး ပြန်လည်တောင်းပန်ခဲ့ရသော်လည်း အာဂျင်တီးနားပြည်သူများမှာ ၎င်းကိုထောက်ခံခဲ့သလို၊ အောင်ပွဲခံအခမ်းအနားတွင်လည်း ပြင်သစ်ကစားသမားများကို လူမျိုးရေးခွဲခြားသည့်သီချင်းကို ထပ်မံသီဆိုခဲ့ကြသည်။

ဇူလိုင်လ (၂၄) ရက်တွင် ၂၀၂၄ ပါရီအိုလံပစ်ဘောလုံးပြိုင်ပွဲ၏ အုပ်စု(B)ပွဲစဉ်အဖြစ် အာဂျင်တီးနားယူ-၂၃ နှင့် မော်ရိုကိုယူ-၂၃ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပြင်သစ်ပရိသတ်များသည် အန်ဇိုဖာနန်ဒက်ဇ်၏လူမျိုးရေးခွဲခြားမှု ဗီဒီယိုကြောင့် အာဂျင်တီးနားယူ-၂၃ အသင်းကို လှောင်ပြောင်ခဲ့ကြခြင်းဖြစ်သည်။

အာဂျင်တီးနား-မော်ရိုကိုပွဲမတိုင်မီ အာဂျင်တီးနားယူ-၂၃အသင်း နိုင်ငံတော်သီချင်းသီဆိုချိန်တွင် ပရိသတ်များသည် လှောင်ပြောင်မှုများပြုလုပ်ခဲ့သလို၊ အာဂျင်တီးနားကစားသမားများကို ခွက်များ၊ အရာဝတ္ထုများဖြင့် ပစ်ပေါက်မှုများ ရှိခဲ့ကြောင်းလည်း သိရှိရသည်။

အဆိုပါပွဲစဉ်တွင် အာဂျင်တီးနားယူ-၂၃ အသင်းသည် မော်ရိုကိုအသင်းကို ပွဲအပြီးတွင် (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။

အာဂျင်တီးနားအသင်းအတွက် ချေပဂိုးကို ပွဲချိန် (၉၀+၁၆) မိနစ်တွင် မာဒီနာက သွင်းယူခဲ့သော်လည်း နောက်ပိုင်းတွင် VAR ကြည့်ပြီး ပယ်ချခံခဲ့ရသည်။

သို့သော် မာဒီနာ ဂိုးသွင်းနောက် ကွင်းအတွင်း မော်ရိုကိုပရိသတ်အချို့ ကျူးကျော်ဝင်ရောက်မှု ဖြစ်ပွားခဲ့သလို၊ အာဂျင်တီးနားကစားသမားများကို မီးရှူးမီးပန်းများဖြင့် ပစ်ပေါက်မှုများ ရှိခဲ့ကြောင်း သိရှိရသည်။

ကွင်းအတွင်း ဝင်ရောက်ခဲ့သည့် မော်ရိုကိုပရိသတ်များကို ကွင်းလုံခြုံရေးနှင့် ရဲဝန်ထမ်းများက ပူးပေါင်းဖမ်းဆီးခဲ့ရပြီး ကစားသမားများလုံခြုံရေးအတွက် ပွဲကို (၇၅) မိနစ်ကြာ ရပ်နားခဲ့ရသည်။

ယင်းနောက် ပွဲပြန်လည်ကစားချိန်၌ VAR ပြန်ကြည့်ခဲ့ပြီး မာဒီနာ ဂိုးသွင်းချိန်တွင် ကစားကွက်တည်ဆောက်ရာ၌ ပါဝင်ခဲ့သည့် အန်နီမြွန် လူကျွံနေသည်ဟုဆိုကာ ပယ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent