ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရေယာဉ်များကို မြန်မာဘက်အခြမ်းမှ ပစ်ခတ်ခဲ့သည့်ဖြစ်စဉ်တွင် AA အဖွဲ့က ပစ်ခတ်ခြင်းဟု နစက ထုတ်ပြန်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရေယာဉ်များကို မြန်မာဘက်အခြမ်းမှ ပစ်ခတ်ခဲ့သည့်ဖြစ်စဉ်တွင် AA အဖွဲ့က ပစ်ခတ်ခြင်းဟု နစက ထုတ်ပြန်
Published 7 July 2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရေယာဉ်များကို မြန်မာဘက်အခြမ်းမှ ပစ်ခတ်ခဲ့သည့်ဖြစ်စဉ်တွင် AA အဖွဲ့က ပစ်ခတ်ခြင်းဟု နိုင်ငံ‌တော်စီမံ အုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်‌ရေးအဖွဲ့က ထုတ်ပြန်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရေယာဉ်များကို မြန်မာဘက်ခြမ်းမှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့မှုနှင့်စပ်လျဉ်း၍  ပြန်လည်ဖြေကြားရာတွင် နစက သတင်းထုတ်ပြန်ရေးအဖွဲ့က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားထားခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာ့ဖ်မှ စိန့်မာတင်ကျွန်းသို့ ကူးသန်းသွားလာနေသည့် ဘင်္ဂလားဒေ့ရှ်ရေယာဉ်များအနက် ဇွန်လ ၅ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ဘင်္ဂလားဒေ့ရှ် အစိုးရဝန်ထမ်းများ တင်ဆောင်လာသော ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်ရေယာဉ်ကိုလည်းကောင်း၊ ဇွန်လ ၈ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ဘင်္ဂလားဒေ့ရှ် အရပ်ဘက် လှေနှစ်စင်းကို လည်းကောင်း၊ ဇွန်လ ၁၁ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ဘင်္ဂလားဒေ့ရှ် အရပ်ဘက် လှေနှစ်စင်းကို လည်းကောင်း မြန်မာဘက်ခြမ်းရှိ ရခိုင်ပြည်နယ်၊ ညောင်ပင်ကြီး-ဂျင်းချောင်း ဒေသဘက်မှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်ဟု သိရှိရကြောင်း နစက သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်သည်။

အထက်ပါဖြစ်စဉ်များကို စိစစ်ရာ ၎င်းရက်များတွင်မြန်မာ့တပ်မတော် စစ်ကြောင်းများသည် ရခိုင်ပြည်နယ်၊ နှာခေါင်းတိုချောင်းဝဒေသ ဝန်းကျင်၊ အလယ်သံကျော်နှင့် မောရဝတီ ဝန်းကျင်၌လည်းကောင်း၊ အချို့စစ်ကြောင်းများသည် မောင်တောဒေသ တစ်ဝိုက်၌ လည်းကောင်း အခြေပြုခြင်း၊ AA အဖွဲ့နှင့် အပြန်အလှန်ပစ် ခတ်ခြင်း အချို့သာရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ရေယာဉ်များ ပစ်ခတ်ခံရ သည့် ဖြစ်စဉ်နေရာတစ်ဝိုက်တွင် မြန်မာ့တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် စစ်ကြောင်းများ မရှိကြောင်း နစက သတင်းထုတ်ပြန် ‌ရေးအဖွဲ့က ထုတ်ပြန်သည်။

ထို့ပြင် မြန်မာ့တပ်မတော်စစ်ရေယာဉ်များသည်လည်း ဇွန်လ ၅ ရက်နှင့် ၁၁ ရက် တွင် လှုပ်ရှားမှု မရှိခဲ့ဘဲ ဇွန်လ ၈ ရက်တွင် အလယ်သံကျော်၊ နှာခေါင်းတိုချောင်းဝမှ  မောင်တောဒေသသို့  သွားရောက်သည့် ခရီးစဉ်ရှိခဲ့ပြီး ၎င်းခရီးစဉ်မှာလည်း ညပိုင်းတွင်သာ သွားရောက်ခဲ့သည့် ခရီးစဉ်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရေယာဉ်များ ပစ်ခတ်ခံရသည့် ရခိုင်ပြည်နယ်၊ ညောင်ပင်ကြီး- ဂျင်းချောင်းဒေသအနီးတွင် မှိုဝင်ရွာပျက်ရှိပြီး ၎င်းနေရာသည် AA အဖွဲ့ ခိုအောင်းလှုပ်ရှားလျက်ရှိသော ဒေသဖြစ်ပြီး တပ်မတော်စစ်ရေယာဉ်များကို အမြဲပစ်ခတ်နှောင့်ယှက်နေသည့် နေရာဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ဘင်္ဂလားဒေ့ရှ်ရေယာဉ်များ ပစ်ခတ်ခံရသည့် အချိန်များတွင် ၎င်းနေရာဝန်းကျင်၌ တပ်မတော်စစ်ကြောင်းများ၊ စစ်ရေယာဉ်များ လှုပ်ရှားသွားလာခြင်း မရှိကြောင်းနှင့် စိစစ်ချက်များအရ AA အဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အစိုးရ၊ တပ်မတော်အချင်းချင်း ရင်းနှီးသောဆက်ဆံမှုများ ရှိကြောင်း၊ နှစ်နိုင်ငံနယ်ခြားဒေသ စည်းမျဉ်းစည်းကမ်းများ အတိုင်း လိုက်နာကျင့်သုံးလျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

Most Read

Most Recent