စိတ်ဝင်စားမှု တစ်ကျော့ပြန်မြင့်တက်လာတဲ့ မောတောင်-ဆင်းခွန်နယ်စပ်ဂိတ်

စိတ်ဝင်စားမှု တစ်ကျော့ပြန်မြင့်တက်လာတဲ့ မောတောင်-ဆင်းခွန်နယ်စပ်ဂိတ်
Published 22 June 2024
ဇော်မိုးဦး (မြိတ်)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မောတောင်မြို့ရှိ မောတောင်နယ်စပ်ဂိတ်နဲ့ ထိုင်းနိုင်ငံ၊ ပရာကျွတ်ခီရီခံခရိုင်၊ ပရာကျွတ်မြို့နယ်၊ဒန်းဆင်းခွန်ကျေးရွာရှိ ဆင်းခွန်နယ်စပ်ဂိတ်ကို ကုန်သည်လုပ်ငန်းရှင်များနဲ့ ထိုင်းနိုင်ငံရှိအစိုးရ၊ အဖွဲ့အစည်းများနှင် လုပ်ငန်းရှင်များ အတော်လေး စိတ်ဝင်စားလာတာတွေ့ရပါတယ်။

ဒါဟာ တစ်ကျော့ပြန်စိတ်ဝင်စားလာမှုလို့ ပြောလို့ရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုင်းနိုင်ငံက ဆင်းခွန်ဂိတ်ကို အထူးယာယီနယ်စပ်ဂိတ်အဖြစ်သာထားရှိပြီး ကုန်သွယ်မှုပြုလုပ်နေပေမဲ့ အမြဲတမ်းဂိတ်တိုးမြှင့်ဖို့ စိတ်ဝင်စားမှုပြလိုက်၊ စိတ်ဝင်စားမှုမပြလိုက်နဲ့ အချိန်ကုန်လာခဲ့တာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြှင့်ခဲ့ပြီဖြစ်ပါတယ်။

ယခင်က ယာယီနယ်စပ်ဂိတ်အဖြစ်သာရှိနေခဲ့ပြီး မြန်မာနိုင်ငံဘက်က ၂၀၁၃ ခုနှစ်မှာ အမြဲတမ်းဂိတ်အဖြစ် မောတောင်နယ်စပ်ဂိတ်ကို သတ်မှတ်ပြီး တစ်နှစ်အကြာမှ ဆင်းခွန်ဂိတ်ကို အထူးယာယီနယ်စပ်ဂိတ်အဖြစ် တိုးမြှင့်လိုက်ခြင်းဖြစ်ပါတယ်။ အဲဒီကြားထဲမှာ အမြဲတမ်းဖြစ်ဖို့ကြိုးစားလိုက်၊ ပြန်ပြီးငြိမ်နေလိုက်နဲ့ ယခု ၂၀၂၄ ခုနှစ်မှာတော့ တစ်ကျော့ပြန်ပြီး ကုန်သွယ်မှုအထူးတိုးမြှင့် ဖို့ကြိုးစားလာပြန်ပါတယ်။ ကုန်သွယ်မှုတိုးမြှင့်ပြီး ကုန်သွယ်ချင်ပေမဲ့ ထိုင်းက သူတို့နယ်စပ်ဂိတ်ဟာ အထူးယာယီနယ်စပ်ဂိတ်အဆင့်သာ ရှိနေတဲ့အတွက်ပြင်ဆင်ဆောင်ရွက်မှုတွေ အတော်လေးလုပ်နေတာတွေ့ရပါတယ်။

“ဆင်းခွန်ဂိတ်မှာ အတော်လေးပြင်ဆင်နေတာတွေ့ရပါတယ်။ ပြောရရင်အခြေခံအဆောက်အအုံတွေက မြန်မာနိုင်ငံဘက်ခြမ်းမှာထက်အတော်လေးကိုအဆင့်မြင့်တာတွေလုပ်ထားပြီးပြီ။ ကားပါကင်၊ ကုန်စည်ထားမယ့်နေရာတွေ၊ စျေးပုံစံတွေ၊ ရေထွက်ပစ္စည်းတွေဖလှယ်မယ့်နေရာတွေ၊ ရုံးအဆောက်အအုံတွေ၊ ရေးဆိုးထုတ်မြောင်းတွေကအစ လမ်းအဆင့်မြှင့်တင်တာအဆုံး အဆင်သင့်ပြင်နေတာတွေ့ရပါတယ်။ အထူးယာယီနယ်စပ်ဂိတ်ကနေ အမြဲတမ်းဂိတ်အဖြစ်မလုပ်သေးတာတစ်ခုပဲရှိတယ်။ အမြဲတမ်းဂိတ်ဖြစ်လာရင်လိုအပ်မယ့်အခြေခံအဆောက်အအုံတွေ အဆင်သင့်လုပ်ထားနေပြီ’’ လို ့မောတောင်- ဆင်းခွန်ဂိ်တ်မှရေထွက်ပစ္စည်းတင်ပို့နေသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာတော့ ဆင်းခွန်ဂိတ်ကိုအမြဲတမ်းဂိတ်အဖြစ်တိုးမြှင့်သွားဖို့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ လုပ်ငန်းရှင်တွေက တွန်းအားပေးနေတယ်လို့ ထိုင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ အဲဒီလိုအနေထားတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မေလ ၁၄ ရက်နေ့မှာ ထိုင်းနိုင်ငံကာကွယ်ရေးဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ဦးဆောင်ပြီး ဆင်းခွန်ဂိတ်ကိုရောက်လာပါတယ်။ ဒါကထူးခြားဖြစ်စဉ်မျိုးပါ။ ထိုင်းနိုင်ငံက ဆင်းခွန်ဂိတ်ကို ထိုင်းတာဝန်ရှိသူတွေထဲက လာရောက်တာ အဆင့်မြင့်ဆုံးပုဂ္ဂိုလ်တွေလို့ပြောလို့ရပါတယ်။

’’ဆင်းခွန်ဂိတ်ကို ယခင်က ဒီလိုအဆင့်မြင့်အရာရှိကြီးတွေ လာရောက်တာမျိုးမရှိပါဘူး။ အဲဒါကိုကြည့်ခြင်းအားဖြင့် ထိုင်းနိုင်ငံအနေဖြင့် ဆင်းခွန်ဂိတ်ကို အမြဲတမ်းဂိတ်အဖြစ်မကြာမီတိုးမြှင့်ဖွင့်လှစ်သွားဖို ့မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုတိုးမြှင့်လုပ်ဆောင်သွားဖို့ စီစဉ်နေတာတွေ့မြင်နိုင်ပါတယ်” လို့ မြိတ် ပရာကျွတ်မောင်နှမမြို့တော် ဆက်ဆံရေးမှူးဦးအောင်ကြည်မြင့်ကပြောကြားခဲ့ပါတယ်။

မြိတ်မြို့ကနေ ၁၂၃ မိုင်သာကွာဝေးတဲ့ မောတောင်နယ်စပ်ဂိတ်က ရေထွက်ပစ္စည်းတွေကို အရှေ့ဘက်ပင်လယ်ကို ပို့ဆောင်ပေးမယ့် အဓိကထွက်ပေါက် တစ်ခုဖြစ်လာနိုင်ပါတယ်။ မောတောင်နဲ့ ကုန်သွယ်မှုပြုလုပ်နေတဲ့ ဆင်းခွန်နယ်စပ်ဂိတ်ကနေ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ကီလိုမီတာ ၂၀၀ သာကွာဝေးပြီး ဒန်းဆင်ခွန်ရွာကလည်း ဘန်ကောက်လမ်းမကြီးပေါ်မှာ တည်ရှိနေပါတယ်။

’’ထိုင်းနိုင်ငံက အမြဲတမ်းဂိတ်ဖွင့်လိုက်ရင် ရေီးသွားလုပ်ငန်းတွေပါတိုးတက်လာမယ့်သဘောပါပဲ။ အရှေ့ဘက်ပင်လယ်နဲ့ အနောက်ဘက်ပင်လယ်ကိုနေဝင်နေထွက်တစ်နေ့တည်းမှာ ခံစားနိုင်တဲ့မြို့က မြိတ်မြို့နဲ့ ဒန်းဆင်းခွန်ရွာပဲရှိတယ်။ တတိယနိုင်ငံသားတွေ လှိမ့်ပြီးဝင်လာမယ့်နယ်စပ်ပေါက်။ ဒါပေမဲ့ အခုနိုင်ငံရေးအခြေအနေတွေနဲ့ လမ်းခရီးအနေထားတွေကြောင့်ကြန့်ကြာနေဦးမှာပဲ” လိ်ု့ဒေသခံတစ်ဦးကေ ပြာကြားခဲ့ပါတယ်။

ဆင်းခွန်နယ်စပ်ဂိတ်ကုန်သွယ်ရေးက အတော်လေးတိုးတက်လာနေတာတွေ့ရတယ်။ လမ်းခရီးကြန့်ကြာမှုတွေရှိပေမဲ့လည်း ကုန်သွယ်မှု ပုံံမှန်လုပ်ဆောင်နေနိုင်တာတွေ့ရပါတယ်။ ထိုင်းနိုင်ငံအနေနဲ့လည်း အနောက်ဘက်စင်္ကြံလမ်းကြောင်းဖော်ဆောင်ရာမှာ မောတောင်-ဆင်းခွန်-ဘန်ကောက်ကုန်သွယ်မှုလမ်းကြောင်းကို အတော်လေးစိတ်ဝင်စားမှုရှိလာနေပါတယ်။

လက်ရှိအနေအထားမှာ ထီးခီး-ကန်ချနာဘူရီကုန်သွယ်မှုလမ်းကြောင်းကို သူတို့စိတ်ဝင်စားမှုမပြတော့ဘူး။ ဘုရားသုံးဆူနယ်စပ်လမ်းကြောင်းက သုံးမရပါဘူး။ မြဝတီ-မဲဆောက်လမ်းကြောင်းကြန့်ကြာမှုများလာရင် နယ်စပ်ထွက်ပေါက်တစ်ခုရှာဖွေပြီး ဆောင်ရွက်ပေးဖို့ ထိုင်းအစိုးရက သူတို့မှာ တာဝန်ရှိတယ်လို့ ခံယူထားတယ်လို့ ထိုင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ဆင်းခွန်ဂိတ်ဖြစ်ပေါ်တိုးတက်လာမှု၊ အနာဂတ်အတွက် အလားအလာများ၊ အမြဲတမ်းဂိတ်အဖြစ်အဆင့်မြှင့်တင်ဆောင်ရွက်ပါက ရရှိမယ့်အကျိုးတရားများ၊ အခက်အခဲများကို ထိုင်းနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ကမြန်မာအစိုးရနဲ့ ဆွေးနွေးမှုများလုပ်ဆောင်သွားမယ်လို့ပြောကြားထားပါတယ်

          မောတောင်ကုန်သွယ်ရေးစခန်းကလည်း ၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့မှ ဇွန်လ ၈ ရက်နေ့အထိ လေးရက်တာကာလအအတွင်း စုစုပေါင်းကုန်သွယ်မှုမမာဏ သုည ဒသမ ၈၃၇ သန်းဆောင်ရွက်ထားနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။ မောတောင်-ဆင်းခွန်နယ်စပ်ဂိတ်မှ လူဝင်လူထွက်ကို ၂၀၂၀ ပြည့်နှစ် မတ်လကတည်းက ကိုဗစ်ကြောင့် ယခုအထိခွင့်ပြုမှုမရှိသေးပါဘူး။ ကုန်သွယ်မှုက ပုံမှန်လုပ်ဆောင်နေပြီး လမ်းခရီးကြန်ွှကြာမှုနဲ့ ကုန်ကျမှုတွေအများအပြားရှိနေတာကိုလည်းကြုံတွေ့နေရပါတယ်။

          အမြဲတမ်းဂိတ်ဖွင့်လှစ်ဖို့က နယ်နိမိတ်တိုင်းတာမှုတွေ၊ ကုန်သွယ်မှုအတွက်အခြေခံအဆောက်အအုံတွေ၊ တတိယနိုင်ငံသားတွေ ဝင်ထွက်သွားလာခွင့်တွေနဲ့ ကျန်တဲ့အစိုးရအချင်းအချင်းဆောင်ရွက်ရမယ့်အပိုင်းတွေ အများကြီးရှိနေပါသေးတယ်။ ၂၀၁၀ ပြည့်နှစ်ကျော်က ကြိုးစားလာခဲ့တဲ့ အမြဲတမ်းဂိတ်ဖြစ်ဖို့နယ်နိမိတ်ကိစ္စရပ်များက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ သက်ဆိုင်ခဲ့တာပါ။ တစ်ကျော့ပြန်စိတ်ဝင်စားမှုပြလာပေမဲ့ ထိုင်းနိုင်ငံအနေနဲ့ အမြဲတမ်းဂိတ်အဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်သွားဖို့ ဘယ်လောက်အထိ ဆောင်ရွက်နိုင်မလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

                                                                                    

Most Read

Most Recent