မီးကုန်ယမ်းကုန် စစ်ပွဲဖြစ်လာမည်ဆိုပါက အစ္စရေးနိုင်ငံထဲက မည်သည့်နေရာမဆို ဘေးကင်းမည်မဟုတ်ဟု ဟစ်ဇဘိုလာအကြီးအကဲက ခြိမ်းခြောက်လိုက်ပြီး အစ္စရေးကို ကူညီသည့် ဆိုက်ပရက်စ်ကိုလည်း ခြိမ်းခြောက်

မီးကုန်ယမ်းကုန် စစ်ပွဲဖြစ်လာမည်ဆိုပါက အစ္စရေးနိုင်ငံထဲက မည်သည့်နေရာမဆို ဘေးကင်းမည်မဟုတ်ဟု ဟစ်ဇဘိုလာအကြီးအကဲက ခြိမ်းခြောက်လိုက်ပြီး အစ္စရေးကို ကူညီသည့် ဆိုက်ပရက်စ်ကိုလည်း ခြိမ်းခြောက်
ဟစ်ဇဘိုလာအကြီးအကဲ ရုပ်သံမိန့်ခွန်းပြောကြားနေပုံကို ဇွန် ၁၉ ရက်တွင်တွေ့ရစဉ်(Photo:Reuters)
ဟစ်ဇဘိုလာအကြီးအကဲ ရုပ်သံမိန့်ခွန်းပြောကြားနေပုံကို ဇွန် ၁၉ ရက်တွင်တွေ့ရစဉ်(Photo:Reuters)
Published 21 June 2024

ရန်သူများဖြစ်ကြသော အစ္စရေးနှင့်ဟစ်ဇဘိုလာတို့ မီးကုန်ယမ်းကုန်စစ်ပွဲဖြစ်ပွားမည်ဆိုပါက အစ္စရေးနိုင်ငံရှိ မည်သည့်နေရာမဆို လုံခြုံလိမ့်မည်မဟုတ်ဟု လက်ဘနွန်၏ ဟစ်ဇဘိုလာအဖွဲ့အကြီးအကဲက ဇွန် ၁၉ ရက်တွင် ပြောကြားလိုက်ပြီး ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သော ဆိုက်ပရက်စ်ကိုလည်း ပထမဆုံးအကြိမ် ခြိမ်းခြောက်လိုက်ကာ မြေထဲပင်လယ်ဒေသရှိ အခြားသောနေရာများကိုလည်း ခြိမ်းခြောက်ခဲ့သည်။

ဟစ်ဇဘိုလာသည် ဂါဇာစစ်ပွဲနှင့်အပြိုင် အစ္စရေးနှင့်အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားနေသည်မှာ ရှစ်လ ကျော်ရှိပြီဖြစ်သည်။ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာအဖွဲ့က အစ္စရေးနယ်မြေထဲရှိ အရေးကြီး သော စစ်ရေးနေရာများကို ဒရုန်းဖြင့် ရိုက်ထားသော ပုံများအား ဇွန် ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“ပိုမိုကျယ်ပြန့်တဲ့ စစ်ပွဲဖြစ်လာမယ်ဆိုရင် အစ္စရေးမှာ ကျွန်တော်တို့ရဲ့ဒုံးကျည်တွေနဲ့ ဒရုန်းတွေကနေ ဘေးကင်းတဲ့နေရာရှိ လာလိမ့်မှာမဟုတ်ပါဘူး” ဟု ဇွန် ၁၉ ရက် ရုပ်သံမိန့်ခွန်းတွင် ဟစ်ဇဘိုလာအကြီးအကဲ ဆာယက်ဟာဆန်နာဆရယ်က ပြောကြားခဲ့သည်။

ဟစ်ဇဘိုလာ အုပ်စုသည် တိတိကျကျ တိုက်ခိုက်မှုများ လုပ်ဆောင်ရာတွင် ပစ်မှတ်ထားနိုင်သော ပစ်မှတ်တစ်လှေကြီးရှိထားသည်ဟု ဆိုသည်။

“မြေထဲပင်လယ်မှာ စောင့်နေတဲ့အရာဟာ အလွန်ကြီးမားတယ်ဆိုတာ အစ္စရေး သိထားပါတယ်။ ဒီလိုပြင်း ထန်တဲ့စစ်ပွဲဖြစ်မယ်ဆိုရင် ကုန်းမြေ၊ ဝေဟင်နဲ့ရေပြင်တို့မှာ ကျွန်တော်တို့အတွက် စောင့်နေမယ်ဆိုတာ သိပါတယ်”ဟု ၎င်းက ပြောသည်။

ဇွန် ၁၉ ရက်တွင် အစ္စရေးလေကြောင်း တိုက်ခိုက်မှုများ၊ အစ္စရေးတပ်များနှင့် ပါလက်စတိုင်းစစ်သွေး ကြွများဖြစ်ပွားနေသော တိုက်ပွဲများက ဂါဇာကို တုန်လှုပ်စေခဲ့ချိန်တွင် အစ္စရေးစစ်တပ်က နိုင်ငံမြောက်ပိုင်း စစ်မျက်နှာ၌ ဟစ်ဇဘိုလာကို ထိုးစစ်ဆင်ရန် အဆင်သင့်ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

လက်ဘနွန်နှင့်အနီးဆုံးနိုင်ငံဖြစ်သော အီးယူနိုင်ငံဆိုက်ပရက်စ်ကိုလည်း နာဆရယ်လာက ခြိမ်းခြောက်ခဲ့သည်။  ဆိုက်ပရက်စ်သည် စစ်ရေးလေ့ကျင့်မှုများအတွက် ၎င်း၏ လေဆိပ်များနှင့်စစ်အခြေစိုက်စခန်းများကို အစ္စရေးအား အသုံးပြုခွင့်ပေးထားသည်ဟု နာဆရယ်လာက စွပ်စွဲခဲ့သည်။

“လက်ဘနွန်ကို ပစ်မှတ်ထားဖို့ ရန်သူအစ္စရေးအတွက် ဆိုက်ပရပ်စ်လေဆိပ်တွေနဲ့ စစ်အခြေစိုက်စခန်းတွေကို ဖွင့်ပေးတာဟာ  ဆိုက်ပရက်စ်အစိုးရအနေနဲ့စစ်ပွဲရဲ့အစိတ်အပိုင်းဖြစ်လာတယ်ဆိုတဲ့ သဘောဖြစ်တယ် ဆိုတာ ဆိုက်ပရက်စ်အစိုးရကို သတိပေးပါတယ်။ ဟစ်ဇဘိုလာတော်လှန်ရေးအဖွဲ့က ဆိုက်ပရက်စ်ကို စစ်ပွဲရဲ့အစိတ်အပိုင်းအဖြစ် ကိုင်တွယ်ဖြေရှင်းပါလိမ့်မယ်”ဟု ၎င်းက သတိပေးခဲ့သည်။ 

“ဆိုက်ပရက်စ်ဟာ ပြဿနာရဲ့အစိတ်အပိုင်းမဟုတ်ပါဘူး။ ဖြေရှင်းနည်းရဲ့အစိတ်အပိုင်းဖြစ်ပါတယ်။ လူသားချင်းစာနာမှု ဆိုင်ရာအကူအညီတွေကို ဆိုက်ပရက်စ်ကနေ ဂါဇာကို ပို့ပေးနေတာကို အာရပ်ကမ္ဘာက ရော နိုင်ငံတကာအသိုင်းအဝိုင်းကပါ အသိအမှတ်ပြုထားပါတယ်”ဟု နာဆရယ်လာက ပြောကြားခဲ့သည်။ဆိုက်ပရက်စ်သည် အစ္စရေးစစ်တပ်ကို အခြေစိုက်စခန်းအတွက် အသုံးပြုခွင့်ပေးမထားသော်လည်း ဝေဟင်ကို အသုံးပြုခွင့်ပေးခဲ့ဖူးသည်။  

Ref:Reuters

Most Read

Most Recent