ကချင်ပြည်နယ်  ပန်ဝါမြို့အနီး မြေရှားသတ္တု ရှာဖွေသည့် လုပ်ကွက်တစ်ခုတွင် မြေပြိုမှု ဖြစ်ပွားခဲ့ပြီး သုံးဦး သေဆုံး

ကချင်ပြည်နယ်  ပန်ဝါမြို့အနီး မြေရှားသတ္တု ရှာဖွေသည့် လုပ်ကွက်တစ်ခုတွင် မြေပြိုမှု ဖြစ်ပွားခဲ့ပြီး သုံးဦး သေဆုံး
Published 20 June 2024

ကချင်ပြည်နယ်၊ မြစ်ကြီးနား ခရိုင်၊ချီဖွေမြို့နယ်၊ပန်ဝါမြို့အနီး မြေရှားသတ္တုရှာဖွေနေသည့် လုပ်ကွက်တစ်ခုတွင်  ပြိုကျမှုဖြစ်ပါပွားရာ လူသုံးဦး သေဆုံးကြောင်း ပန်ဝါမြို့ခံ တစ်ဦးက ဆိုပါသည်။

ဇွန်လ ၁၉ ရက် ည သန်းခေါင်းယံ တွင် ဖြစ်ပွားခဲ့သဖြင့်  အလုပ်သမား တန်းလျား အဆောက်အဦ  ပြိုကျခဲ့ပြီး ၊ ရှာဖွေရေးများ လုပ်ဆောင်နေကြောင်း ဒေသခံ တစ်ဦးက ပြောကြားသည်။

''  ပါထိုက်ဟော် ရွာနားပေါ့။ ရှာဖွေရေးတွေ လုပ်နေကြတုန်းပဲ။ တောင်က ပဲ့ကျသွားတာပေါ့။ ပေနှစ်ထောင်လောက် ရွေ့သွားတယ်။အဲဒါတွေက အလုပ်သမား တန်းလျားတွေကို ဖုံးသွားတာ။ လမ်းအလုပ်သမားပဲ ရှိတယ်လို့ ပြောကြတယ်။ သတ္တု အလုပ်သမားမရှိဘူးလို့လည်း ပြောကြတယ်။သူတို့ကိုယ်တိုင်လည်း စာရင်းထုတ်မပြသေးတော့ ခက်တယ်။ အလုပ်သမား သုံးယောက်ရဲ့ အလောင်းကတော့ရပြီ။  မိုးကလည်း ရက်ဆက်ကြီးနေတာလေ ခုတလောက''ဟု ဆိုသည်။

သေဆုံးသူများမှာ လမ်းအလုပ်သမားများဖြစ်သည့် ဦးထွန်းနိုင်ကြူ၊ဦးဇော်တူးမိုင်နှင့် ဒေါ်ခေါန်မိုင် တို့ဖြစ်ကြောင်း သိရသည်။

ယင်းမြေပြိုမှုနှင့် ပတ်သက်၍ ဦးဇခုန်တိန့်ယိန်း မိသားစုထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း မအားလပ်သေးကြောင်းသာ ဖြေကြားခဲ့သည်။

ဇွန်လ ၄ ရက်နေ့ကလည်း မြန်မာမျိုးကိုကို ကုမ္ပဏီ  လုပ်ကွက်  တွင် မြေပြိုမှု ဖြစ်ပွားရာ လုပ်သားနှစ်ဆယ်ဝန်းကျင် ပျောက်ဆုံးခဲ့ပြီး ရုပ်အလောင်း အချို့သာ ပြန်လည် တွေ့ရှိခဲ့သည်။

သတ္တုတွင်း ဦးစီးဌာန ၏ ချင်ပြည်နယ်(ရုံးခွဲ)မှတ်တမ်းများအရ မြေရှားသတ္တု (Rare Earth Metal )ကို တရုတ်ပြည်နယ် နယ်စပ် ပန်ဝါ၊လွယ်ဂျယ်၊ဖီမော်ဒေသများတွင် ထွက်ရှိပြီး မြေရှားသတ္တု ဖြစ်ထွန်းမှုနှုန်း

မှာ Weathered Granite များအတွင်း ဖြစ်ထွန်းပြီး ထုတ်လုပ်သည့် နည်းလမ်းစဉ်မှာ ဖျော်ရည်ဖြင့်ဓါတ်ပြု ဖျော်ထုတ်သည့် နည်းလမ်းစဉ် (Leaching Method)ဖြစ်သဖြင့် ကုန်ကျစရိတ် နည်းပါးစွာဖြင့် အလွယ် တကူ ထုတ်ယူနိုင်ကြောင်း၊ အသုံးပြုသည့် ပစ္စည်းများမှာ အမိုနီယမ် ဆာလဖိတ်(NH4SO4)၊Oxalic Acid (COOH)2၊ 2H2O၊ အမိုနီယမ်ဘိုင်ကာဘွန်နိတ် (NH4HCO3) တို့ဖြစ်ကြောင်း၊ တန်ဖိုးမြင့်မား၍ ရှားပါးသော သတ္တုများဖြစ်ကြောင်း၊ သတ္တု(ဒြပ်စင်)တစ်မျိုးခြင်း အလိုက် သန့်စင်ထုတ်လုပ်ရန် ခက်ခဲပြီး နည်းပညာနှင့်အရင်းအနှီးများစွာ လိုအပ်ကြောင်း၊ မြေရှားဒြပ်စင် ၁၇ မျိုးရှိကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် ၂၀၂၂ခုနှစ် မတ်လ ဂြိုဟ်တု ဓါတ်ပုံ မှတ်တမ်းများအရ သတ္တုတူးဖော်ရေးလုပ်ကွက်ပေါင်း ၂၇၀၀ ကျော်ကို တွေ့ရှိခဲ့ရကြောင်း Global Witness မှ  သြဂုတ်၉ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ အမေရိကန် ဒေါ်လာ သန်း ၂၀၀ တင်ပို့ခဲ့ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ၂၀၂၃ ခုနှစ် ယင်းအဖွဲ့၏ အစီရင်ခံစာတွင် လုပ်ကွက်ဆိုဒ်ပေါင်း သုံးရာကျော်ရှိပြီး ၂၀၂၃ ခုနှစ်တွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တပ်ပို့ခဲ့သည့်  မြေရှားသတ္တုတန်ဖိုးသည်အမေရိကန် ဒေါ်လာ သန်း ၁၄၀၀ ကျော်ရှိခဲ့ကြောင်း တရုတ်နိုင်ငံ အကောက်အခွန်ဌာနကို ကိုးကားကာ ဖော်ပြခဲ့သည်။

 

ကချင်ပြည်နယ် ချီဖွေမြို့နှင့် ပန်ဝါမြို့ကြား ၁၅ မိုင်ဝန်းကျင်ခန့်တွင် တောင်များကို အပေါ်ယံမြေသားများ မဖယ်ပစ်ပစ် ငါးပေပတ်လည်တွင် ၆ လက်မ အပေါ်များဖောက်ကာ သတ္တုရည်များ လောင်းထည့်ကာ အတွင်းမှ ရှားပါးသတ္တုများကို စုပ်ယူနေခြင်းဖြစ်သည်။

 

 

Most Read

Most Recent