လီဗာပူးလ်နည်းပြအဖြစ် ပထမဆုံးအင်တာဗျူးတွင် အသင်း၏ယဉ်ကျေးမှုကို နားလည်ရန် လေ့ကျင့်ရေးဗီဒီယိုများကို ကြည့်ရှုနေဟု အာနယ်ဆလော့ ပြောကြား

လီဗာပူးလ်နည်းပြအဖြစ် ပထမဆုံးအင်တာဗျူးတွင် အသင်း၏ယဉ်ကျေးမှုကို နားလည်ရန် လေ့ကျင့်ရေးဗီဒီယိုများကို ကြည့်ရှုနေဟု အာနယ်ဆလော့ ပြောကြား
Photo: Liverpool
Photo: Liverpool
Published 20 June 2024

လီဗာပူးလ်နည်းပြသစ် အာနယ်ဆလော့က လီဗာပူးလ်နည်းပြဘဝ ပထမဆုံးအင်တာဗျူးကို ဇွန်လ (၁၉)ရက်(ဗုဒ္ဓဟူးနေ့)တွင် ပြုလုပ်ခဲ့ပြီး အသင်း၏ကစားဟန်နှင့် အသင်း၏ယဉ်ကျေးမှုကို နားလည်ရန်အတွက် အသင်းကစားခဲ့သည့်ပွဲစဉ်များကိုသာမက လေ့ကျင့်ရေးဗီဒီယိုပါ ကြည့်ရှုလေ့လာနေကြောင်း ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ၂၀၂၃-၂၄ ရာသီကုန်တွင် အသင်းနှင့်လမ်းခွဲခဲ့သည့် ဂန္ထဝင်နည်းပြ ယာဂန်ကလော့ပ်၏နေရာတွင် ဖီယင်နုနည်းပြ ဆလော့(၄၅ နှစ်)အား (၃)နှစ်စာချုပ်ဖြင့် အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ဆလော့သည် ဖီယင်နုအသင်းကို နယ်သာလန်အမှတ်ပေးချန်ပီယံဆုနှင့် နယ်သာလန်ဖလားတို့ကို ရယူပေးခဲ့သူဖြစ်ပြီး ဇွန်လ (၁) ရက်မှ စတင်ကာ လီဗာပူးလ်နည်းပြအဖြစ် စတင်တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

ဆလော့သည် အသင်းနှင့်လမ်းခွဲသည့် ဂန္ထဝင်နည်းပြ ကလော့ပ်၏ နှုတ်ဆက်ပွဲကို အလေးထားသည့်အနေဖြင့် မီဒီယာတွေ့ဆုံမှုကို ဆိုင်းငံ့ခဲ့ပြီး ဇွန်လ (၁၉) ရက်တွင်မှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဆလော့က ''အခုလို ခင်ဗျားနဲ့ စကားပြောရတာ ကောင်းပါတယ်။ ဒါပေမဲ့ သိစေချင်တာက ကျွန်တော် ဒီနေ့မှ အလုပ်စလုပ်တာ မဟုတ်ဘူးဆိုတာပါပဲ။ အသင်းဝန်ထမ်းတွေ တော်တော်များများနဲ့ ကျွန်တော် ဆက်သွယ်ပြီးပါပြီ။ ဒီမှာရှိတဲ့လူတွေနဲ့ရော အသစ်ရောက်လာမယ့်လူတွေနဲ့ရော စကားပြောဖြစ်ပါတယ်။ ရစ်ချက်(အားကစားဒါရိုက်တာ)နဲ့ဆိုရင် နေ့တိုင်းနီးပါး စကားပြောဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အသင်းအသင့်ဖြစ်အောင် လုပ်ထားဖို့ လိုပါတယ်။ လီဗာပူးလ်ရဲ့ပွဲတွေတော်တော်များများကို ကျွန်တော် ကြည့်ပြီးပါပြီ။ လေ့ကျင့်ရေးအစီအစဉ်တွေကိုလည်း ကြည့်ဖြစ်ပါတယ်။ ပွဲတွေက ပရိသတ်တွေလည်း ကြည့်ဖူးတော့ ကျွန်တော်တို့မှာ ကစားသမားကောင်းတွေ ရှိတာကို သိပြီးဖြစ်မှာပါ။ လေ့ကျင့်ရေးဗီဒီယိုတွေကြည့်ရတာ အသင်းရဲ့ယဉ်ကျေးမှုကို နားလည်ဖို့ ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။

လာမည့်ရာသီ ပရီးမီးယားလိဂ်တွင် အဆင့် (၃) ထက် ပိုမြင့်သည့်အဆင့် ရပ်တည်ရေးမှာ စိန်ခေါ်မှုဖြစ်ကြောင်းလည်း ဆလော့က ပြောကြားခဲ့သည်။

''လီဗာပူးလ်မှာ ထိပ်တန်းကစားသမားတွေ၊ တကယ်ကောင်းတဲ့ ကစားသမားတွေရှိပြီး ထိပ်တန်းနည်းပြတစ်ဦး အချိ်န်ကြာမြင့်စွာကိုင်တွယ်ခဲ့ပါတယ်။ လီဗာပူးလ်ကို အဆင့်(၃)ထက် ပိုမြင့်တဲ့နေရာမှာ ရှိနေတာကို ကျွန်တော်တို့တွေ မြင်ချင်ကြမှာပါ။ ဒါက ကျွန်တော်တို့ အခုရင်ဆိုင်ရမယ့် စိန်ခေါ်မှုပါပဲ''ဟု ဆလော့က ပြောကြားခဲ့သည်။ 

Most Read

Most Recent