ရန်ကုန်၊ စစ်ကိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် ကျပ်သိန်းပေါင်း ၁၉၀၀၀ ကျော်တန်ဖိုးရှိ တရားမဝင် စက်သုံးဆီများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ယာဉ်အပိုပစ္စည်းများနှင့် ယာဉ်များ ဖမ်းဆီးရမိ

ရန်ကုန်၊ စစ်ကိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် ကျပ်သိန်းပေါင်း ၁၉၀၀၀ ကျော်တန်ဖိုးရှိ တရားမဝင် စက်သုံးဆီများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ယာဉ်အပိုပစ္စည်းများနှင့် ယာဉ်များ ဖမ်းဆီးရမိ
Published 17 June 2024

ရန်ကုန်၊ စစ်ကိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် သုံးရက်အတွင်း ကျပ်သိန်းပေါင်း ၁၉၀၀၀ ကျော်တန်ဖိုးရှိ တရားမဝင် စက်သုံးဆီများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ယာဉ်အပိုပစ္စည်းများနှင့် ယာဉ်များ ဖမ်းဆီးရမိကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

ထုတ်ပြန်ချက်အရ ဇွန် ၁၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာနှစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက်ပိုမိုပါရှိလာသည့် ကျပ် ၂၂၀၆၆၀၄၁၉ ခန့်တန်ဖိုးရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း Pre Painted Galvanized Iron Sheet In Coil ၁၀၈၃၁၅ ကီလိုဂရမ်၊ Castrol အင်ဂျင်ဝိုင် ၄၇၅၂ ကီလိုဂရမ်  သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွန် ၁၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရွာသာကြီး Dry Port ၌ Bonded Warehouse အတွင်းမှ ပိုင်ရှင်မှ စွန့်လွှတ်ကြောင်းတင်ပြလာသည့် ကျပ် ၁၂၅၀၉၈၁၀ ခန့်တန်ဖိုးရှိ Food Stuff စားသောက်ကုန်ကြမ်းပစ္စည်း ဖာ ၉၀ အပါအဝင် ကုန်ပစ္စည်းသုံးမျိုးကိုလည်းကောင်း၊ မိုင်းလားမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသောယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် ကျပ် ၂၅၀၂၃၁၅၀ ခန့်တန်ဖိုးရှိ ယာဉ်အပိုပစ္စည်း Speed Reducer Gearbox အခု ၃၀၊ Angel Valve ရေပိုက်ခေါင်း ၅၂၅ ကီလိုဂရမ် အပါအဝင်ကုန်ပစ္စည်း ငါးမျိုးနှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Giga Truck တစ်စီး (ခန့်မှန်းကျပ် ၄၅၀၀၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်းကျပ် ၈၂၅၃၂၉၆၀ ခန့် သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွန် ၁၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကျပ် ၁၅၈၀၂၆၀၀၀ ခန့်တန်ဖိုးရှိ တရားမဝင်စက်သုံးဆီ ပရီမီယမ်ဒီဇယ်ဆီ ၇၀၅၆ ဂါလန်ကိုလည်းကောင်း၊ ကံတလူပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကျပ် ၃၈၅၀၀၀၀ ခန့်တန်ဖိုးရှိ ပရီမီယမ်ဒီဇယ်ဆီ ဂါလန် ၃၅၀ ကိုလည်းကောင်း၊ စုစုပေါင်းကျပ် ၁၆၁၈၇၆၀၀၀ ခန့် သိမ်းဆည်းရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွန် ၁၄ ရက်တွင် ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာအုပ်စု ဟိုပိတ်ဈေး အရှေ့၌ယာဉ် ၁၁ စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ကျပ် ၃၀၅၅၅၀၀၀၀ ခန့်တန်ဖိုးရှိ တရုတ်နိုင်ငံထုတ် Parts of Bridge Crane သံပေါင်ကီလိုဂရမ် ၉၇၀၀၀  နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Howo Tractor Head ခုနစ်စီး၊ JAC Tractor Head တစ်စီး၊ Nissan Diesel Tractor Head တစ်စီး၊ Scania Tractor Head တစ်စီး၊ Foton Tractor Head တစ်စီးနှင့် နောက်တွဲယာဉ် ၁၁ တွဲ (ခန့်မှန်းကျပ် ၁၁၄၅၀၀၀၀၀၀)ကိုလည်းကောင်း၊ မူဆယ်မြို့ ဆင်ဖြူဂိတ်အကျော် လမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ပစ္စည်းများဖြစ်သည့် ကျပ် ၁၅၄၀၀၀၀၀ ခန့်တန်ဖိုးရှိ Wifi Router အလုံး ၅၀၊ Dell Laptop အလုံး ၂၀ အပါအဝင် ကုန်ပစ္စည်းသုံးမျိုး ကိုလည်းကောင်း၊ စုစုပေါင်းကျပ် ၁၄၆၅၉၅၀၀၀၀ ခန့် သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းအတွက်ကြောင့် ဇွန် ၁၂ ရက်၊ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာအမှုတွဲ ၂၄ မှုဖြစ်ပြီး ကျပ် ၁၉၃၁၀၁၉၃၇၉ ခန့်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

Most Read

Most Recent