၂၀၂၄-၂၀၂၅ ရာသီ MNL အမှတ်ပေးပြိုင်ပွဲကို ဇူလိုင်(၆) ရက်မှစ၍ ရန်ကုန်၊ တောင်ကြီးနှင့် ပုသိမ်မြို့တို့တွင် ကျင်းပမည်

၂၀၂၄-၂၀၂၅ ရာသီ MNL အမှတ်ပေးပြိုင်ပွဲကို ဇူလိုင်(၆) ရက်မှစ၍ ရန်ကုန်၊ တောင်ကြီးနှင့် ပုသိမ်မြို့တို့တွင် ကျင်းပမည်
Photo: EMG
Photo: EMG
Published 15 June 2024

 

မြန်မာနေရှင်နယ်လိဂ်သည် ၂၀၂၄-၂၀၂၅ ရာသီ MNL အမှတ်ပေးပြိုင်ပွဲကို ဇူလိုင် (၆)ရက်မှ ဖေဖော်ဝါရီ (၂၈)ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်သည် လာမည့်ရာသီ MNL အမှတ်ပေးပြိုင်ပွဲကို အိမ်ကွင်းများ ထပ်တိုးကျင်းပမည်ဖြစ်သောကြောင့် ရန်ကုန်၊ တောင်ကြီး နှင့် ပုသိမ်မြို့ (၃)မြို့တွင် ကျင်းပမည်ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်သည် MNL ကလပ်အသင်းများနှင့် နောက်ဆုံးအစည်းအဝေးထပ်မံပြုလုပ်မည်ဖြစ်ပြီး  ပွဲစဉ်များအတည်ပြုမည်ဖြစ်ကာ ပွဲစဉ်ဇယားကို ဇွန်လလယ်နောက်ပိုင်း ထုတ်ပြန်မည်ဖြစ်သည်။ 

လာမည့်ရာသီ MNL အမှတ်ပေးပြိုင်ပွဲတွင် လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းအပါအဝင် ရန်ကုန်ယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်၊ အား/ကာသိပ္ပံ၊ ဒဂုံစတားယူနိုက်တက်၊ ရခိုင်ယူနိုက်တက်၊ ရတနာပုံ၊ မဟာယူနိုက်တက်၊ မြဝတီ၊ ဧရာဝတီယူနိုက်တက်၊ သစ္စာအားမာန်နှင့် Dagon Port အသင်း ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြိုင်ပွဲကို နှစ်ကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ်အနေဖြင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) နှင့် အာရှဘောလုံးအဖွဲ့ချုပ် (AFC) တို့က သတ်မှတ်ထားသည့် ဘောလုံးပြက္ခဒိန်အတိုင်း ပထမဆုံးပြောင်းလဲကျင်းပမည့် ဘောလုံးရာသီလည်းဖြစ်သည်။ 

မြန်မာနေရှင်နယ်လိဂ်သည် ယခင်ဘောလုံး ရာသီများကို သက္ကရာဇ်တစ်ခုအတွင်း အပြီးကျင်းပလေ့ရှိသော်လည်း လာမည့်ရာသီမှ စတင်ကာ အာရှဘောလုံးအဖွဲ့ချုပ် (AFC) က ကျင်းပနေသည့် ကလပ်ပြိုင်ပွဲ ဘောလုံးရာသီအတိုင်း ပြောင်းလဲကျင်းပမည်ဖြစ်သောကြောင့် ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် စတင်ကာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကုန်တွင် ပြီးဆုံးမည်ဖြစ်သည်။ 

မြန်မာနေရှင်နယ်လိဂ်သည် MNL အမှတ် ပေးပြိုင်ပွဲကို ၂၀၀၉ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး လာမည့်ရာသီတွင် (၁၅) ကြိမ်မြောက် ပြုလုပ်မည်ဖြစ်သည်။ ကျင်းပပြီးစီးခဲ့သည့် (၁၄) ကြိမ်တွင် ရန် ကုန်ယူနိုက်တက်နှင့် ရှမ်းယူနိုက်တက်အသင်းတို့ က (၅)ကြိမ်စီ၊ ရတနာပုံအသင်းက (၄)ကြိမ် ဗိုလ်စွဲကာ ပြိုင်ပွဲသမိုင်းတစ်လျှောက် ယင်း (၃)သင်းသာ ချန်ပီယံဆု ရရှိသေးခြင်းဖြစ်သည်။ ရာသီကြို ပြင်ဆင်မှုများ၊ လက်ရှိကျင်းပနေသည့် MNL League Cup ပြိုင်ပွဲ စွမ်းဆောင်ရည်များအရ ချန်ပီယံဆုအတွက် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်း နှင့် ရန်ကုန်ယူနိုက်တက်အသင်းသာ ရေပန်းအစားဆုံးဖြစ်နေသည်။ 

MNL ခေတ်ဦးကာလတွင် ကြီးစိုး ခဲ့သည့် ရတနာပုံအသင်းသည် ၂၀၁၆ ရာသီတွင် ချန်ပီယံဆုရရှိပြီးနောက် (၆) ရာသီဆက်တိုက် အောင်မြင်မှုနှင့် ဝေးကွာလျက်ရှိပြီး MNL League Cup ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့သော်လည်း နိုင်ငံခြားသားကစားသမား မခေါ်ယူခြင်း၊ ပြည်တွင်းနာမည်ကြီးကစားသမား မပါဝင်ခြင်းတို့ကြောင့် ချန်ပီယံဆုစိန်ခေါ် နိုင်ရန် အခွင့် အရေးနည်းပါးလျက်ရှိသည်။ 

ရှမ်းယူနိုက်တက် အသင်းသည် နောက်ဆုံး (၆) ရာသီတွင် ချန်ပီယံဆု (၅) ကြိမ်အထိ ရယူကာ MNL နောက်ပိုင်းကာလ၏ အအောင်မြင်ဆုံးအသင်း ဖြစ်လာသည်။ ထို့ပြင် ရှမ်းယူနိုက်တက်အသင်းသည် ပြီးခဲ့သည့်ရာသီ MNL အမှတ်ပေးချန်ပီယံဆုရရှိရာတွင် စံချိန်သစ်၊ မှတ်တမ်းကောင်းများ ပိုင်ဆိုင်ခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် (၄)ရာသီဆက် ဗိုလ်စွဲခြင်း၊ ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံး (၂)ရာသီဆက် ရှုံးပွဲမရှိစံချိန်နှင့် (၃)ကြိမ်မြောက် ရှုံးပွဲမရှိစံချိန် ပိုင်ဆိုင်ခဲ့သည်။

Most Read

Most Recent