၂၀၂၃ ခုနှစ်တွင် စစ်ပွဲဒဏ်သင့် ကလေးအရေအတွက် မြင့်တက်ခဲ့ကြောင်း ကုလသမဂ္ဂ ထုတ်ပြန်

၂၀၂၃ ခုနှစ်တွင် စစ်ပွဲဒဏ်သင့် ကလေးအရေအတွက် မြင့်တက်ခဲ့ကြောင်း ကုလသမဂ္ဂ ထုတ်ပြန်
ဇွန် ၁၀ ရက်က  ဆူဒန်နိုင်ငံ ဂီဒါရက်ဖ်မြို့၏  ဝင်ပေါက်တွင် ဂျာဇီရာပြည်နယ်မှ ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါလာသည့်  မော်တော်ယာဉ်တစ်စီးကို တွေ့ရစဉ်(Photo:AFP)
ဇွန် ၁၀ ရက်က  ဆူဒန်နိုင်ငံ ဂီဒါရက်ဖ်မြို့၏  ဝင်ပေါက်တွင် ဂျာဇီရာပြည်နယ်မှ ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါလာသည့်  မော်တော်ယာဉ်တစ်စီးကို တွေ့ရစဉ်(Photo:AFP)
Published 12 June 2024

၂၀၂၃ ခုနှစ်တွင် လက်နက်ကိုင်ပဋိပက္ခများတွင် ကလေးများအပေါ် အကြမ်းဖက်မှုများ အလွန်စိုးရိမ်ဖွယ်အဆင့်အထိ ရောက်ရှိခဲ့ပြီး အထူးသဖြင့် ဂါဇာနှင့် ဆူဒန်တို့တွင်ဖြစ်ကြောင်း ဇွန် ၁၁ ရက်တွင် အေအက်ဖ်ပီသတင်းဌာနက ရရှိသော ကုလသမဂ္ဂအစီရင် ခံစာတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ နှစ်စဉ်ထုတ်ပြန်နေကြ “လက်နက်ကိုင် ပဋိပက္ခနှင့်ကလေးများ”အစီရင်ခံစာ၌ ကလေးများကို သတ်ဖြတ်မှုနှင့် ကိုယ်လက်အင်္ဂါ ချို့တဲ့စေမှုအပြင် စာသင်ကျောင်းများနှင့် ဆေးရုံများကို တိုက်ခိုက်မှုများအတွက် ဆူဒန်စစ်တပ်နှင့် ပြိုင်ဘက်Rappid Support Forces(RSF) အရန်တပ်ဖွဲ့တို့ကို နာမည်ပျက်စာရင်းတင်သွင်း ဖော်ပြခဲ့သည်။

ထို့ပြင် နာမည်ပျက်စာရင်း၌ အစ္စရေးကို အောက်တိုဘာ ၇ ရက်က တိုက်ခိုက်ခဲ့သည့် ဟားမာ့စ်အဖွဲ့နှင့် ပါလက်စတိုင်းအစ္စလာမ် မစ်ဂျီဟတ်လက်နက်ကိုင်အဖွဲ့အပြင် ဂါဇာ၌ ဟားမာ့စ်တို့ကို လက်တုံ့ပြန်တိုက်ခိုက်နေသည့် အစ္စရေးစစ်တပ်တို့ကို ထည့်သွင်းဖော်ပြခဲ့သည်။

“၂၀၂၃ ခုနှစ်မှာ လက်နက်ကိုင်ပဋိပက္ခကြောင့် ကလေးတွေအပေါ် အကြမ်းဖက်မှုဟာ အလွန်စိုးရိမ်ဖွယ်အဆင့်အထိ ရောက်ရှိခဲ့ပါတယ်။ ထိတ်လန့်တုန်လှုပ်ဖွယ်ဆိုးရွားတဲ့ ချိုးဖောက်မှုတွေကတော့ ၂၁ ရာခိုင်နှုန်းအထိ တိုးလာပါတယ်” ဟု ကုလအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အစီရင်ခံစာတွင် ပြောကြားခဲ့သည်။

ကုလသမဂ္ဂသည် လွန်ခဲ့သည့်နှစ်က ကလေးသူငယ်များအပေါ် ကျူးလွန်သည့် ချိုးဖောက်မှု ၃၀,၇၀၅ မှုကို ထုတ်ဖော်ပြော ကြားခဲ့ပြီး ယင်းတို့တွင်သေဆုံးသူ ၅,၃၀၁ ဦး၊ ဒဏ်ရာရရှိသူ ၆,၃၄၈ ဦး၊ ကလေးတပ်သား သစ်စုဆောင်းခံရပြီး ပဋိပက္ခတွင် အသုံးချခံရသူ ၈,၆၅၅ ဦးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီရရှိရန် ငြင်းပယ်ခံရသူ ၅,၂၀၅ ဦးရှိကာ ပြန်ပေးဆွဲခံရသူ ၄,၃၅၆ ဦးရှိသည်ဟု ထုတ်ပြန်ထားသည်။

“ကျွန်တော်တို့တွေအနေနဲ့ လွန်ခဲ့တဲ့နှစ်ကလို ကလေးတွေအပေါ် ချိုးဖောက်မှုဖြစ်စဉ် အမြောက်အများကို ဘယ်တုန်းကမှအတည် မပြုခဲ့ဖူးပါဘူး” ဟု အမည်မဖော်လိုသည့် အကြီးတန်းကုလသမဂ္ဂ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

၂၀၂၃ ခုနှစ်တွင် ကလေးသူငယ်များသည် ပိုမိုတိုးပွားလာပြီး ဆိုးရွားသော အကျပ်အတည်းများကို ရင်ဆိုင်ခဲ့ရကာ ယင်းအကျပ် အတည်းများသည် ကလေးများ၏ အခွင့်အရေးများ အထူးသဖြင့် ၎င်းတို့ဘဝတွင် အခြေခံရပိုင်ခွင့်များကို အပြည့်အဝလျစ်လျူ ရှုထားကြောင်းပြသနေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားသော ပဋိပက္ခသည် ကလေးငယ်များအပေါ် ဆိုးရွားသော ချိုးဖောက်မှု ၁၅၅ ရာခိုင်နှုန်းအထိမြင့် တက်လာခဲ့သည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ တွေ့ရှိချက်အရ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုအတွင်းအစ္စရေး နှင့် အနောက်ဘက်ကမ်းဒေသတွင် ကလေး ငယ် ၄၃ ဦးအသတ်ခံရပြီး ဟားမာ့စ်နှင့်အခြား ပါလက်စတိုင်းအဖွဲ့များက အစ္စရေးကလေးငယ် ၄၇ ဦးကို ပြန်ပေးဆွဲခဲ့သည်ဟု ဆိုသည်။

၂၀၂၃ ခုနှစ်တွင် ဂါဇာကမ်းမြောင်ဒေသ၌ ပါလက်စတိုင်းကလေးငယ်၂,၁၄၁ ဦး သေဆုံးခဲ့ပြီး အောက်တိုဘာ ၇ ရက်မှဒီဇင်ဘာ ၃၁ ရက်အတွင်း၌ ကလေး ၂,၀၅၁ ဦး သေဆုံးခဲ့သည်ဟု အစီရင်ခံစာတွင် အတည်ပြုထားသည်။ အစ္စရေးကလေးငယ် ၃,၉၀၀ နှင့်ပါလက်စတိုင်းကလေးငယ် ၁၉,၈၈၇ ဦးအပါအဝင် ကလေးများအပေါ်ဆိုးရွားသော ချိုးဖောက်မှု ၂၃,၀၀၀ ကျော်ရှိသည်ဟု အစီရင်ခံစာတွင် ဆိုသည်။          

Ref:AFP

Most Read

Most Recent