အူမကြီးကင်ဆာ 

အူမကြီးကင်ဆာ 
Published 10 June 2024
ဒေါက်တာလွင်သန့်

 

 

 

       ကင်ဆာရောဂါအများစုကို ရှိပြီလို့သိရတဲ့အချိန်မှာ အချိန်နောက်ကျပြီး အဆင့်မြင့်ဖြစ်နေတတ်ပါတယ်။ ကုသရခက်ခဲသလို အသက်ရှင်သန်နိုင်မှုရာခိုင်နူန်းနည်းသွားပါတယ်။ သည်လိုမဖြစ်အောင် ရောဂါတွေကို စောစောစီးစီးသိရှိအောင်လုပ်ဆောင်ဖို့လိုပါတယ်။ အူမကြီးကင်ဆာ (Ca.Colon) မှာလည်း စောစောရှိမယ်ဆိုရင်ခွဲစိတ်စရာမလိုဘဲ မှန်ပြောင်းနဲ့ကုသနိုင်ပြီး သက်တမ်းစေ့နေနိုင်တယ်လို့ ကင်ဆာသမားတော်တွေက ဆိုပါတယ်။

      အူမကြီးမှာ အကျိတ်ဖြစ်ရင် အစာအိမ်မှန်ပြောင်းကြည့်ပြီး မှန်ပြောင်းနဲ့ပဲ တစ်ခါတည်းကုသလိုက်တာကောင်းပါတယ်။ မှန်ပြောင်းနဲ့ကင်ဆာတွေကို တစ်ခါတည်းဖြတ်ထုတ်၊ တစ်ခါတည်းကုသလို့ရပါတယ်။ ကိုယ့်အသက်ကိုကြည့်ပြီး အသက် (၅၀) ဆိုရင် မှန်ပြောင်းကို စောစောကြည့်သင့်ပါတယ်။ အစာအိမ်ဆိုရင်လည်း (၄၀-၄၅) နှစ်လောက်မှာ မှန်ပြောင်းစကြည့်သင့်ပါတယ်။ သံသယဖြစ်တဲ့နေရာတွေဆိုရင် နည်းအသစ်တွေနဲ့ကြည့်သင့်ပါတယ်။ မသင်္ကာဖွယ်အကွက်၊ အလုံးတွေ့တယ်။သွေးကြောလေးတွေ့မယ်ဆိုရင် ရိုးရိုးအလင်းရောင်မကဘူး။ နည်းအသစ်တွေနဲ့လည်းကြည့်သင့်ပါတယ်။ အဲဒါတွေက ကုသရေးမှာ အများကြီးအထောက်အကူဖြစ်စေပါတယ်။

       အူမကြီးမှာ အလုံးတွေ့ရင်မှန်ပြောင်း (EMR Endoscopic Mucosal Resection) ကြည့်နိုင်ပါတယ်။ အလုံးလေးရှိတယ်ဆိုရင် မှန်ပြောင်းနဲ့ဖြည်းဖြည်းချင်းဖြတ်ထုတ်လိုက်တယ်ဆိုရင် ကင်ဆာဆဲလ်တွေပါသွားပါတယ်။ အချို့နေရာတွေက သွေးထွက်တာ၊ ပေါက်ထွက်တာတွေရှိတာကြောင့် ကလစ်တွေနဲ့ဖမ်းရပါတယ်။အလုံးက နှစ်စင်တီမီတာထက်ကြီးတယ်။ နက်တယ်ဆိုရင်ဖြတ်သလိုမဟုတ်ဘဲ လှီးထုတ်သင့်ပါတယ်။ လှီးထုတ်ဖို့အတွက် အသားပိုအောက်ကိုဆေးထိုးရပါတယ်။ဆေးထိုးလိုက်တာကြောင့် အသားပိုအပေါ်ကိုကြွတတ်လာတယ်။ အဲဒီလိုကြွတတ်လာရင် အသားပိုကိုလှီးထုတ်သင့်ပါတယ်။ ဘယ်လောက်လှီးထုတ်သလဲဆိုရင် အစာအိမ်နဲ့အူနံရံကငါးလွှာရှိတယ်။ နံပါတ် (၃) လွှာအထိ လှီးထုတ်လို့ရပါတယ်။ နံပါတ် (၄) နဲ့ (၂) လွှာကိုမရောက်ရင် ကင်ဆာမပျံ့တော့ပါဘူး။ အဲဒီလိုအဆင့်မှာ ကုသလိုက်နိုင်ရင် သူတို့တွေလုပ်ထားတဲ့စစ်တမ်းအရ သက်တမ်းစေ့နေနိုင်ပါတယ်။

       အူမကြီးကင်ဆာ စောစောသိနိုင်ဖို့၊ ကင်ဆာဖြစ်ပေမဲ့ စောစောသိရင် သက်တမ်းစေ့နေနိုင်ပါတယ်။ ဒါကြောင့်သူများနိုင်ငံမှာ မှန်ပြောင်းကြည့်တာကို အစောကြီးလုပ်တယ်။ နည်းပညာအသစ်တွေနဲ့လုပ်တယ်။ မြန်မာနိုင်ငံမှာ လောလောဆယ် အစောပိုင်းကင်ဆာတွေကို သိပ်ရှာမနိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် ရောဂါလက္ခဏာလည်းမရှိ၊ ရှာရင်လည်းနည်းပညာအသစ်တွေနဲ့ရှာရမယ်။ တစ်ခါရှာရင်လည်း နာရီဝက်၊တစ်နာရီလောက်အချိန်ပေးပြီး ရှာရပါတယ်။ အချိန်မရှိတာကြောင့်ပုံမှန်လောက်ပဲကြည့်ပါတယ်။ မျိုးရိုးရှိတယ်။ ရောဂါလက္ခဏာပေါ်တယ်ဆိုရင်တော့ နည်းပညာအသစ်တွေနဲ့ ကြည့်နိုင်ပါတယ်။

      အူမကြီးကင်ဆာသိတာ နောက်ကျသွားရင် ခွဲစိတ်ပြီးကုရပါတယ်။ ခွဲစိတ်မယ်ဆိုရင်တော့ ခွဲစိတ်ဆရာဝန်ကို အကူညီတောင်းရပါမယ်။ ခွဲစိတ်ဆရာဝန်က လိုအပ်တာခွဲစိတ်ပြီး ပြန်ဆက်ပေးပါတယ်။ ခွဲလို့မရတဲ့လူနာဆိုရင်တော့ ဓာတ်ရောင်ခြည်ပေး ကုသနိုင်ပါတယ်။ လူနာအရမ်းခံရနိုင်ပါတယ်။

          အခုနောက်ပိုင်းစက်တွေက အရမ်းကောင်းသွားသလို ဓာတ်ရောင်ခြည်အန္တရာယ် (ဘေးထွက်ဆိုးကျိုး) က အရမ်းနည်းသွားပါတယ်။ သူများနိုင်ငံမှာတော့ သည့်ထက်ကောင်းတဲ့ (Digital machine) အထိရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း စက်အသစ်ဝယ်ကာ နေပြည်တော်၊ တောင်ကြီး၊ ရန်ကုန်၊ မန္တလေးတို့မှာရှိပါတယ်။ ပုဂ္ဂလိကဆေးခန်း (၂-၃) ခုမှာလည်း ဓာတ်ရောင်ခြည်စက်တွေရှိပါတယ်။

          အချို့လူနာတွေကတော့ ကင်ဆာဆေးသွင်းကုသပါတယ်။ အချို့ ဆေးဒဏ်ခံနိုင်ပါတယ်။ အချို့လည်း ဆေးဒဏ်မခံနိုင်ကြပါဘူး။ ကင်ဆာဆေးကလည်းဈေးပေါတာရှိတယ်။ ဈေးကြီးတာရှိတယ်။ အမျိုးစုံရှိပါတယ်။ ဆေးသွင်းရင်ပျို့တာ၊ အန်တာ၊ ဆံပင်ကျွတ်တာ၊ ပါးစပ်မှာအနာဖြစ်တာတွေရှိပါတယ်။ အချို့ကင်ဆာ၊ဘေးသွင်းမှာကြောက်ပြီး မသွင်းကြပါဘူး။ အချို့ကလည်းဆေးသွင်းလိုက်ရင် သက်တမ်းပိုရှည်မှာမို့ သွင်းကြပါတယ်။ ကင်ဆာဆေးတွေမှာ မကောင်းတာကဆိုးကျိုးများတယ်။ ကင်ဆာဆဲလ်အပြင် ကောင်းတဲ့ဆဲလ်တွေကိုပါ ဖျက်ဆီးပစ်တာကြောင့် ခံနိုင်ရည်ရှိတဲ့အချိန်မှာ ကင်ဆာဆေးသွင်းကုသမှုခံယူတာ ပိုကောင်းပါတယ်။

           ခေတ်မီနောက်ဆုံးပေါ် ကုသပေးနိုင်တဲ့နည်းလမ်းတွေရှိပါတယ်။ နောက်ပိုင်းမှာ ကင်ဆာဖြစ်နေတဲ့ဆဲလ်ကိုပဲ တိုက်ရိုက်ကီမို (Chemotherapy) ပေးပြီးကုသပါတယ်။ အခြားနေရာမှ ဆဲလ်တွေကို မထိချင်ဘူးဆိုရင် အဲဒါကိုပစ်မှတ်ကုထုံး (Targeted therapy) လို့ခေါ်ပါတယ်။ ဈေးလည်းပိုကြီးလာပါတယ်။ ပိုကောင်းလာပါတယ်။ ဆိုးကျိုးလည်းနည်းလာပါတယ်။ အရင်တုန်းကကုနေတာက အမြောက်နဲ့ ပစ်လိုက်သလို ရောဂါဖြစ်တဲ့နေရာလည်းထိတယ်။ ကောင်းတဲ့နေရာလည်းထိပါတယ်။ အခုနောက်ပိုင်းကတော့ တကယ်ရောဂါဖြစ်နေတဲ့နေရာကိုရှာမယ်။ အဲဒီနေရာကိုပဲကုမယ်ဆိုရင်တော့ပိုကောင်းပါတယ်။

          ကင်ဆာကိုကုသတဲ့ကုထုံးတွေကလည်း အရင်ကထက် အများကြီးပိုကောင်းလာပါတယ်။ အချို့ဆေးတွေက အထဲမှာရှိတဲ့ လက်ခံ (Receptor) ကိုကုသတယ်။ ဟော်မုန်းနဲ့ကုသတယ်။ အခုနောက်ပိုင်းကင်ဆာဖြစ်ရင် ဆေးသွင်းရမှာလည်းမကြောက်သင့်ပါဘူး။ အခုနောက်ပိုင်းမှာပေါ်လာတဲ့ ကင်ဆာဆေးတွေကပိုကောင်းလာတယ်။ ပိုလည်း အောင်မြင်လာပါတယ်။

      ကင်ဆာကို အဆင့်နဲ့ကုသပါတယ်။ အဆင့် (၁) ဆိုရင်မှန်ပြောင်းနဲ့ခွဲစိတ်ကုသပါတယ်။ အဆင့် (၂) နဲ့ (၃) ဆိုရင်ခွဲလို့ရရင် ခွဲပြီး ဓာတ်ရောင်ခြည်ပြပါတယ်။ကင်ဆာဆေးသွင်းမယ်။ ခွဲလို့မရဘူးဆိုရင်မခွဲဘဲ ဓာတ်ရောင်ခြည်ပြမယ်။ ကင်ဆာဆေးသွင်းမယ်။ အချို့ကခွဲလို့လည်းမရဘူးဆိုရင် ကြာကြာနေလို့ရအောင်၊ ဝေဒနာမခံစားရအောင်၊ အစာစားနိုင်အောင်နည်းမျိုးစုံနဲ့ကုသပေးပါတယ်။ ကုပြီးရင်လည်း ထပ်ဖြစ်နိုင်လို့ မကြာခဏခေါ်ကြည့်၊ တစ်လတစ်ခါခေါ်ကြည့်သင့်ပါတယ်။ ပြန်စစ်ဆေးပေးသင့်ပါတယ်။

      ကင်ဆာရောဂါကို ဘယ်သူမှမဖြစ်ချင်ကြပါဘူး။ ကင်ဆာရောဂါတွေ့ပြီဆိုရင်လည်း လူနာကိုရှင်းပြရတာအချို့ ခက်ခဲပါတယ်။ မသိစေချင်တာမျိုးတို့၊ လူနာကိုသည်လောက်ပဲကုတော့မယ်ဆိုတာမျိုး၊ ဆရာဝန်ကိုဈေးဆစ်တတ်ပါတယ်။ ကင်ဆာဖြစ်ပြီဆိုရင် လူတိုင်းက စိတ်မကောင်းဖြစ်ကြပါတယ်။ လူနာကိုပြောရမှာလည်းပြောမထွက်တဲ့ရောဂါဖြစ်နေပါတယ်။ မပြောလို့လည်းမရပြန်ဘူး။ တစ်ဆင့်ပြီးတစ်ဆင့် ကုလို့ရပါတယ်။ လူနာက စက်ကြီးမြင်ရရင် အလိုလိုသိရှိပြီး သူတို့ရောဂါအမှန်အတိုင်းသာပြောပါတော့လို ့တောင်းခံလာမှေ ပြာပြကြရတာ ပိုအဆင်ပြေတယ်။

       ကင်ဆာဖြစ်ပြီး လူနာသာမက လူနာရဲ့မိသားစုအခြေအနေပါကြည့်ပေးသင့်ပါတယ်။ သိပ်အဆင်မပြေတဲ့လူနာတွေဆိုရင်ပြည်သူဆေးရုံတင်ပြီး ကုသပေးသင့်ပါတယ်။ မြန်မာနိုင်ငံမှာ စပြီးကြုံရတာက ကင်ဆာဖြစ်ပြီဆိုရင် လူနာရှင်တွေအကုန်လုံးက လူနာကိုမပြောပါနဲ့။ လူနာကလွဲလို့ အကုန်လုံးက ကင်ဆာရောဂါရှိမှန်းသိပါတယ်။ တစ်ကမ္ဘာလုံးမှာ သတ်မှတ်ထားတာက လူနာအရေးအကြီးဆုံးပါပဲ။ လူနာက ခွဲချင်ရင်‌ခွဲပေးရပါတယ်။ မခွဲချင်ရင်ဘယ်လောက်ပဲအရေးကြီးတဲ့ရောဂါဖြစ်ပါစေ မခွဲပေးသင့်ပါဘူး။ ဆေးသွင်းမယ်။ မှန်ပြောင်းကြည့်မယ်။ ကင်ဆာဆေးကျွေးမယ်။ အကုန်လုံးလူနာသဘောပဲဖြစ်တယ်။ လူနာသဘောတူပါမှ လုပ်ပေးရပါတယ်။ ဆေးပညာရှင်ကျင့်ဝတ်ရှိပါတယ်။

       မြန်မာနိုင်ငံမှာ ပြောင်းပြန်ဖြစ်နေတာက လူနာကို နောက်ဆုံးမှပြောရတယ်။ လူနာရှင်တွေက လူနာသိသွားရင်စိတ်ဓာတ်တွေကျမှာစိုးရိမ်ကြတယ်။ ဆရာဝန်ကလူနာကို ရှင်းပြချင်ပေမဲ့ လူနာရှင်ကသဘောတူမှသာ လူနာရောလူနာရှင်ပါ ပွင့်ပွင့်လင်းလင်းပြောဆိုပြီး သဘောတူညီချက်ရယူတာ အကောင်းဆုံးပဲဖြစ်ပါတယ်။ လူနာရှင်တွေ သဘောမတူရင်တော့ လူနာကိုမပြောဘဲ လူနာရှင်တွေကိုပဲ အရင်ရှင်းပြပြီး ကုသမှုလုပ်ငန်းစဉ်ရှင်းပြပြီး ကုသရပါတယ်။

         အူမကြီးဆိုတာ အစာအကြွင်းအကျန်တွေကို အညစ်အကြေးအဖြစ်စွန့်ထုတ်နိုင်ဖို ့ပြောင်းလဲပေးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းပဲဖြစ်ပါတယ်။ စားသောက်လိုက်တဲ့ အစားအစာက အူမကြီးဆီရောက်ဖို့ပျမ်းမျှ (၃-၈) နာရီအထိကြာပါတယ်။ အဲဒီအချိန်အပိုင်းအခြားအတွင်း ခန္ဓာကိုယ်ဟာ အစာများမှ အာဟာရဓာတ်ကိုစုပ်ယူကာ ကျန်ရှိတဲ့အကြွင်းကျန်တွေကို အညစ်အကြေးအဖြစ်စွန့်ထုတ်ပစ်တယ်။ အူမကြီးကင်ဆာဟာ အမျိုးသားနဲ့အမျိုးသမီး နှစ်ဦးစလုံးမှာ တတိယမြောက်အဖြစ်အများဆုံးကင်ဆာအမျိုးအစားဖြစ်ပါတယ်။

          အနောက်ပိုင်း(U.S)မှာနှစ်စဉ်ဖြစ်ပွားတဲ့လူနာအရေအတွက် ၁၀၅၀၀၀ ခန့်ရှိပါတယ်။ လူတစ်ယောက်အူမကြီးကင်ဆာဖြစ်ပေါ်နိုင်ခြေနူန်းဟာ အသက် ၅၀ နောက်ပိုင်းမြင့်တက်လာပါတယ်။ ဘီနိုင်း (Benign) ဆဲလ်အစု အဒရီနိုမေးတပ်ပေါ့လစ် (Adenomatous polyps) လို့ခေါ်တဲ့ သေးငယ်တဲ့အဆင့်မှာ ဖြတ်ထုတ်နိုင်ရင် ရောဂါပျောက်နိုင်ပါတယ်။ ဖြစ်နိုင်ခြေမြင့်မားတဲ့ မိသားစုကင်ဆာဖြစ်ဖူးတဲ့သူတွေမှာ အသားပိုများ၊ မွေးရာပါအခြေအနေများ၊ အူမကြီးရောင်ရမ်းခြင်းနဲ့ ခရုမ်း(Crohn၊'s) ရောဂါစုရှိသူများ ကင်ဆာစစ်ဆေးမှုခံယူသင့်ပါတယ်။ ကင်ဆာကုသမှုတစ်ခုထက်မက ခံယူသင့်ပါတယ်။