မြိတ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်အဖေဖြစ်သူထံမှ ရွှေများ လုယူထွက်ပြေးသည့် သားဖြစ်သူအား အသေဖမ်းဆီးရမိ

မြိတ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်အဖေဖြစ်သူထံမှ ရွှေများ လုယူထွက်ပြေးသည့် သားဖြစ်သူအား အသေဖမ်းဆီးရမိ
Published 6 June 2024

မြိတ်မြို့တွင် ဇွန် ၆ ရက်က ရွှေဆိုင်ပိုင်ရှင်အဖေဖြစ်သူထံမှ ရွှေများ လုယူထွက်ပြေးသည့် သားဖြစ်သူအား အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ဆိပ်ငယ်စျေးကြီးရှိ ဟိုက်ပါဂရိတ်ရွှေဆိုင်ပိုင်ရှင် ဦးအောင်သင်းမောင်မှာ ဇွန် ၆ ရက် နံနက် ၈ နာရီခန့်က ဆိုင်ဖွင့်ရန် ပြင်ဆင်နေစဉ် ဦးအောင်သင်းမောင်၏သားဖြစ်သူ ရောက်ရှိလာပြီး ဖခင်ဖြစ်သူကို ငရုတ်သီးမှုန့်ဖြင့် ပက်ကာ ရွှေများထည့်ထားသည့်ပုံးအား ယူဆောင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“ရွှေဆိုင်ပိုင်ရှင်သားက ဆိုင်ဖွင့်ချိန်မှာ ရောက်လာပြီး သူ့အဖေကို တစ်ခုခုတောင်းနေတဲ့ပုံ တွေ့ရတယ်၊ ခနနေတော့ ငရုတ်သီးမှုန့်နှင့်လှမ်းပစ်ပြီး ရွှေပုံးကိုလုယူပါတယ်၊ ဖခင်ဖြစ်သူက ပြန်ဆွဲတော့အသင့်ပါလာတဲ့ ပုဆိန်နဲ့ ပြန်ခုတ်ဖို့လုပ်တယ်၊ အနီးအနားကိုလည်း ပုဆိန်နဲ့ ဝှေ့ယမ်းနေတော့ လူတွေလည်း အနားမကပ်ရဲဖြစ်နေချိန်မှာ ဆိုင်ကယ်နှင့် မောင်းနှင်ထွက်ပြေးသွားတာ” ဟု မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

ရွှေဆိုင်ပိုင်ရှင်ဦးအောင်သင်းမောင်မှ သားဖြစ်သူ၏လုပ်ရပ်အား သက်ဆိုင်ရာသို့ အချိန်မီသတင်းပေးပို့တိုင်တန်းခဲ့ရာ ဖမ်းဆီးရမိရေးအတွက် ချက်ချင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“ရွှေဆိုင်ပိုင်ရှင်ရဲ့ ဒုတိယသားပါ၊ မူးယစ်ဆေးသုံးလို့ ထောင်လည်းကျခဲ့တယ်၊ အိမ်ထောင်လည်းရှိပါတယ်၊ ထိန်းမနိုင်လို့ မိဘတွေကိုယ်တိုင်လည်း အချုပ်ထဲ ထည့်ခဲ့ရသေးတယ်၊ အခုလည်း ရွှေပုံးလုပြေးပြီး လုံခြုံရေးဂိတ်တွေ၊ တံတားတွေကို အတင်းမောင်းနှင်ထွက်ပြေးတော့ လိုက်လံပစ်ခတ်ဖမ်းဆီးလိုက်ရတယ်” ဟု ဆွေမျိုးနီးစပ်သူတစ်ဦးက ပြောကြားသည်။

တာဝန်ရှိသူများက လိုက်လံဖမ်းဆီးရာ မြိတ်မြို့မှ မိုင် ၂၀ ကျော်အကွာ မဇောကျေးရွာအုပ်စု၊ ဓာတ်ဆီဆိုင်အနီးတွင် အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တာဝန်ရှိသူများက ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent