၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပဲခူးတိုင်း၌ ကျောင်းအပ်နှံသူပေါင်း ၇၉၅၃၀၇ ဦးရှိပြီး ယခင်နှစ်ထက် ငါးသောင်းကျော်များပြား

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပဲခူးတိုင်း၌ ကျောင်းအပ်နှံသူပေါင်း ၇၉၅၃၀၇ ဦးရှိပြီး ယခင်နှစ်ထက် ငါးသောင်းကျော်များပြား
Published 5 June 2024

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပဲခူးတိုင်း၌ ကျောင်းအပ်နှံသူပေါင်း ၇၉၅၃၀၇ ဦးရှိပြီး ယခင်နှစ်ထက် ငါးသောင်းကျော်များပြားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

တောင်ငူမြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ်ကာလအတွင်း ယမန်နှစ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူ ၃၆၈၄၄ ဦး အပ်နှံခဲ့ပြီး ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ၄၁၀၆၈ ဦး အပ်နှံခဲ့သဖြင့် ၄၂၂၄ ဦး ပိုမိုအပ်နှံလာခဲ့ကြောင်းနှင့် ပဲခူးတိုင်းဒေသကြီးအနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းအပ်နှံရေး သီတင်းပတ်ကာလအတွင်း ကျောင်းသား ကျောင်းသူ ၇၃၈၆၈၅ ဦး အပ်နှံခဲ့ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူ ၇၉၅၃၀၇ ဦး အပ်နှံခဲ့ပြီးဖြစ်ရာ စုစုပေါင်း ၅၆၆၂၂ ဦး ပိုမို ကျောင်းအပ်နှံပြီးဖြစ်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇွန် ၄ ရက်က တောင်ငူမြို့ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်ပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုကို ကြည့်ရှုစစ်ဆေးကာ ကျောင်းနေ အရွယ်ကလေးအားလုံး ကျောင်းတက်ရေးအတွက် ဆရာ ဆရာမများ၊ မိဘပြည်သူများ၊ ရပ်မိရပ်ဖများ၊ တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းစည်းရုံးဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူမြို့ရှိ ပညာရေးဒီဂရီကောလိပ် ကျောင်းဟောင်းနေရာသို့ သွားရောက်ကာ ပညာရေးဒီဂရီကောလိပ်အဖြစ် ပြင်ဆင်တိုးချဲ့ဖွင့် လှစ်နိုင်မည့်အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မြတ်ပညာခန်းမ၌ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပြီး တိုင်းချစ် ပြည်ချစ်စိတ်ရှိရေး၊ စံနမူနာပြစည်းကမ်းကောင်းမွန်ရေး၊ စဉ်းစားတွေးခေါ်မှုကို အားပေးသော သင်ကြားနည်းစနစ်များကို လေ့ကျင့်ပျိုးထောင်ရေး၊ နိုင်ငံတော်ကျေးဇူးကို သစ္စာစောင့်သိ၍ နိုင်ငံတော်ကို အလုပ်အကျွေးပြုစုနိုင်သည့် စာသင်ကောင်းသော ဆရာ ဆရာမကောင်းများဖြစ်လာစေရေး ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူတက္ကသိုလ်သို့ ရောက်ရှိပြီး စာသင်ခန်းများတွင် ကျောင်းသား ကျောင်းသူများ ပျော်ရွှင်ချမ်းမြေ့စွာ စာသင်ယူနေမှုကိုကြည့်ရှုကာ ပါမောက္ခ/ဌာနမှူးများနှင့် တွေ့ဆုံပြီး သင်ကြားမှုအရည်အသွေး၊ ဘာသာရပ်အရည်အသွေး၊ သုတေသနအရည်အသွေး အစဉ်တိုးတက်ရေးတို့ကို အလေးထားဆောင်ရွက်ရန် တိုက်တွန်းမှာကြားခဲ့သည်။

Most Read

Most Recent