လာမည့်ဇန်နဝါရီတွင် ဥရောပကလပ်များသို့ အငှားဖြင့်လာကစားမည်မဟုတ်ဟု ရွန်နီပြောကြား

လာမည့်ဇန်နဝါရီတွင် ဥရောပကလပ်များသို့ အငှားဖြင့်လာကစားမည်မဟုတ်ဟု ရွန်နီပြောကြား
Published 28 October 2018

 

မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်း၏တိုက်စစ်မှူး ရွန်နီက လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ဥရောပကလပ်များသို့ အငှားစာချုပ်ဖြင့် လာရောက်ကစားမည်မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

အသက် (၃၃) နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်အသင်း တိုက်စစ်မှူးဟောင်း ရွန်နီသည် ယခုရာသီမေဂျာလိဂ်တွင် ဒီစီယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြကစားနေပြီး (၁၂) ဂိုးသွင်းယူခဲ့သလို၊ ဂိုးဖန်တီးမှု (၇) ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သည်။

လာမည့်ဇန်နဝါရီတွင် မေဂျာလိဂ်ပြိုင်ပွဲများ ရပ်နားထားသဖြင့် ရွန်နီသည် ဥရောပကလပ်များတွင် နာမည်ကျော်ဘောလုံးသမားဟောင်းများဖြစ်သည့် ဒေးဗစ်ဘက်ခမ်း၊ ဒိုနိုဗန်တို့ကဲ့သို့ ဥရောပအခြေစိုက်ကလပ်များတွင် အငှားစာချုပ်ဖြင့် လာရောက်ကစားဖွယ်ရှိနေကြောင်း မီဒီယာများက ဖော်ပြခဲ့ကြခြင်းဖြစ်သည်။

သို့သော် ရွန်နီက ၄င်းအနေဖြင့် ဒီစီယူနိုက်တက်အသင်းအတွက်သာ အာရုံစိုက်ထားကြောင်းနှင့် ဇန်နဝါရီတွင် ဥရောပကလပ်များသို့ အငှားလာကစားမည်မဟုတ်ကြောင်း ESPN နှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ရွန်နီက ” ကျွန်တော့်အနေနဲ့ လာမယ့်ဇန်နဝါရီမှာ အငှားစာချုပ်နဲ့ ဥရောပကလပ်တွေမှာ လာကစားမှာမဟုတ်ပါဘူး။ အခုအချိန်မှာ ဒီစီယူနိုက်တက်အသင်းအတွက်ပဲ အပြည့်အဝအာရုံစိုက်ထားပြီး ရာသီကုန်သွားရင်လည်း ဒီမှာပဲ ကျွန်တော်ဆက်နေမှာပါ။ ခရစ္စမတ်ကာလအတွင်းမှာတော့ မိသားစုနဲ့ သူငယ်ချင်းတွေကိုတွေ့ဖို့ အင်္ဂလန်ကို ပြန်ဖြစ်ပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့ ဥရောပကလပ်အသင်းတစ်ခုကို အငှားနဲ့သွားကစားဖို့ အစီအစဉ် လုံးဝမရှိပါဘူး” ဟု ပြောကြားခဲ့သည်။

ထို့ပြင် ရွန်နီက ၄င်းအနေဖြင့် အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်၏ စိတ်ဝင်စားခြင်းကိုခံနေရသော်လည်း လက်ရွေးစင်အသင်းအတွက် ပြန်လည်ကစားပေးမည်မဟုတ်ကြောင်းပြောကြားခဲ့သည်။

Most Read

Most Recent