မြစ်ကြီးနားမြို့တွင်  ဧရာဝတီမြစ်ရေ မြင့်တက်လာသဖြင့် အနိမ့်ပိုင်း ရပ်ကွက်များမှ ဒေသခံများ ရွှေ့ပြောင်း

မြစ်ကြီးနားမြို့တွင်  ဧရာဝတီမြစ်ရေ မြင့်တက်လာသဖြင့် အနိမ့်ပိုင်း ရပ်ကွက်များမှ ဒေသခံများ ရွှေ့ပြောင်း
Published 30 May 2024

ဧရာဝတီမြစ်ရေသည် မေလ ၂၉ ရက် ညပိုင်းက  မြစ်ကြီးနားမြို့တွင် ၁၀၃၂ စင်တီမီတာအထိ မြင့်တက်လာခဲ့သဖြင့် အနိမ့်ပိုင်း ရပ်ကွက်ရှိ နေအိမ်များထဲသို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ပြီး ဒေသခံများမှာ ညတွင်းချင်း ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။

မြစ်ကြီးနားမြို့ရှိ မြင့်ညိမ်းအေး၊ ရမ်ပူ၊ ကြက်ပေါင်ခြံ၊ လယ်ကုန်း ရပ်ကွက်များရှိ ရေဝင်ရောက်သည့် အိမ်များကို လူမှုကူညီရေးအဖွဲ့ ငါးဖွဲ့ထက်မနည်းကယ်ညီကယ်ဆယ်ရေးများ လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

"မနက် စာရင်းကတော့ ၄၀၀ ကျော်တယ်လို့သိရတယ်။ ည ၉ နာရီကနေ မနက်ပိုင်းအထိ သယ်နေကြရတာ။ ရေတ တက်တာ မြန်တော့ လောသွားတာပါ။ မနက်ပိုင်းလင်းတော့ ရေက ပြန်ကျတဲ့ဘက်ရောက်ပါပြီ"ဟု ကယ်ဆယ်ရေးတွင် ပါဝင်ခဲ့သူ က ဆိုသည်။

 ရေဘေးသင့် ဒေသခံများမှာ ဘုန်းကြီးကျောင်း နှင့် စာသင်ကျောင်းများတွင် ခိုလှုံနေထိုင်နေရကြောင်း သိရသည်။

 

ရီမယ် မုန်တိုင်းအရှိန်ကြောင့် ဧရာဝတီမြစ်အထက်ပိုင်း မေခ နှင့် မလိခ မြစ်ရေများ မြင့်တက်နေခြင်း ဖြစ်ကြောင်း မြစ်ကြီးနားမြို့ အခြေစိုက် မိုးဇလ တာဝန်ရှိသူတစ်ဦး က ဆိုသည်။

"မြစ်ရေက ၁၀၃၂  စင်တီမီတာ ရောက်အောင် တစ်နာရီခြား တစ်ပေနှုန်း နဲ့ ၇၂ နာရီအတွင်း ထိုးတက်သွားတယ်။မနက် ၂ နာရီမှာ ရပ်ပြီး ၅ နာရီမှာ ပြန်ဆင်းတယ်။ငါးပေလောက် ဆင်းသွားမှာပါ။အထက်မှာ မိုးလည်းရှိသေးတော့ ရေတော့ ကစားနေမှာပဲ"ဟု မြစ်ကြီးနားမြို့  မိုးဇလ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ 

ဘင်္ဂလား ပင်လယ်အော်တွင်  ဖြစ်ပေါ်ခဲ့သည့်် ဆိုင်ကလုန်းမုန်တိုင်း ရီမယ်(လ်) ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုမှုများ စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနမှ သတိပေးမှုများ ရှိခဲ့သည်။

Most Read

Most Recent