မေ ၂၉ ရက်မှ ဇွန် ၃ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ အနောက်တောင်မုတ်သုံလေ ဝင်ရောက်မည်

မေ ၂၉ ရက်မှ ဇွန် ၃ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ အနောက်တောင်မုတ်သုံလေ ဝင်ရောက်မည်
Published 28 May 2024

မေ ၂၉ ရက်မှ ဇွန် ၃ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ အနောက်တောင်မုတ်သုံလေ ဝင်ရောက်မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ ဇွန်လ လပတ်အတွက် မိုးလေဝသခန့်မှန်းချက်အနေဖြင့် အနောက်တောင်မုတ်သုံလေသည် မေ ၂၉ ရက်မှ ဇွန် ၃ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ ဝင်ရောက်နိုင်ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအတင့်အသင့်မှ အားကောင်းနိုင်ကြောင်း သိရသည်။

မိုးရွာသွန်းမှုအခြေအနေဖြင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

မိုးရွာသွန်းရက်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၂၂ ရက်မှ ၂၈ ရက်ခန့်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ၁၅ ရက်မှ ၂၁ ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ရှစ်ရက်မှ ၁၄ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

Most Read

Most Recent