ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်း ကညွတ်ကွင်းနှင့်ညောင်ပင်သာကြားတွင် ရထားလမ်းမိုင်းခွဲခံရပြီး ရထားသွားလာရေး ယာယီပြတ်တောက်

ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်း ကညွတ်ကွင်းနှင့်ညောင်ပင်သာကြားတွင် ရထားလမ်းမိုင်းခွဲခံရပြီး ရထားသွားလာရေး ယာယီပြတ်တောက်
  ကညွတ်ကွင်းနှင့်ညောင်ပင်သာကြား မိုင်းခွဲဖျက်စီးခံထားရသော မီးရထားလမ်းပိုင်းအားတွေ့ရစဉ်(ဓါတ်ပုံ CJ)
  ကညွတ်ကွင်းနှင့်ညောင်ပင်သာကြား မိုင်းခွဲဖျက်စီးခံထားရသော မီးရထားလမ်းပိုင်းအားတွေ့ရစဉ်(ဓါတ်ပုံ CJ)
Published 24 May 2024

ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်း ကညွတ်ကွင်းနှင့်ညောင်ပင်သာကြားတွင် ယနေ့(မေ ၂၄ ရက်) နံနက် အစောပိုင်းက ရထားလမ်း မိုင်းခွဲခံရပြီး ရထားလမ်းပိုင်းသွားလာရေးခရီးစဉ်များ ယာယီပြတ်တောက်ခဲ့ရ ကြောင်း ရန်ကုန်ဘူတာကြီး တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

ရထားလမ်းမိုင်းခွဲခံရသည့်အခြေအနေနှင့်ပတ်သက်ပြီး ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက“ အဲ့တာက ကညွတ်ကွင်းကို မေးမှပဲသိမှာလေ၊ ကျွန်တော်တို့က မိုင်းထိတာပဲသိတာ အသေးစိတ်ကို ကျွန်တော်တို့ဆီ ဘယ်ရဦးမလည်း အဲ့တာကတော့ လမ်းကိုချက်ချင်းပြုပြင်မှာပေါ့ဗျာ ခဏရပ်ပြီးပြုပြင်ဦးမှာပေါ့ ပြုပြင်ပြီး သွားလို့ရအောင်တော့ စီစဉ်နေမှာပေါ့။ အဓိက သိထားဖို့ကတော့ လမ်းကိုပြင်မယ် ပြင်ပြီးတာနဲ့ ပြန်ကောင်းရင် ပြန်သွားမယ်” ဟုပြောကြားသည်။

မေ ၂၄ ရက် နံနက် ၂ နာရီဝန်းကျင်ခန့်၌ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွတ်ကွင်းနှင့်ညောင်ပင်သာကြား ရထားလမ်းမိုင်တိုင်အမှတ် ၁၂၆/၇-၈ ကြား၊ ပတ္တာရွာလမ်းကူး အနီးတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရန်ကုန်-မန္တလေး မီးရထားလမ်း အဆန်လမ်းဘက်မှ အတွင်းသံလမ်းမှာ ၄ ပေခန့် ပြတ်ထွက်ကာ ကွန်ကရစ်ဇလီဖား ၅ တုံးခန့်ပျက်စီး၊ အစုန်လမ်းဘက်ခြမ်းတွင် အတွင်းသံလမ်း ၄ ပေခန့်ပြတ်ထွက်ပြီး ကွန်ကရစ်ဇလီဖား ၅ တုံးခန့် ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရထားလမ်းမိုင်းခွဲခံရခြင်းကြောင့် 11Up အမြန်ရထားကို ညောင်လေးပင်ဘူတာကြီး၌လည်းကောင်း၊ 994 DN ကုန်ရထားအား ဖြူးဖြူတာတွင်လည်းကောင်း ရပ်တန့်ထားရပြီး ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်း ရထားသွား လာရေး ယာယီပြတ်တောက်သွားခဲ့ရကြောင်းနှင့် ပျက်စီးသွားသောရထားလမ်းပိုင်းအား အမြန်ဆုံးပြုပြင် ဆောင်ရွက်လျှက်ရှိပြီး လမ်းပြန်ဖွင့်နိုင်ရန်ပြုပြင် ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ ကညွတ်ကွင်းနှင့် ညောင်ပင်သာကြား ရထားလမ်းပိုင်း၌ပင် ယခုလ မေလ ၁ ရက်နေ့ နံနက်အစော ၅ နာရီကျော်အချိန်ခန့်ကလည်း ရထားလမ်းပိုင်းအား မိုင်းထောင်ဖောက်ခွဲခံရမှုဖြစ်ပွားခဲ့ပြီး 901UP ကုန်ရထား တစ်စင်း စက်ခေါင်းအပါအအဝင် တွဲ(၄)တွဲ လမ်းချော်ကျခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်ကြောင့် အမှတ်(၁၁)အဆန် အမြန်ရထားမှာ ကျောက်တန်းမှ နောက်ပြန်လှဲ့ခဲ့ရပြီး အမှတ်(၁၂)အစ့န် အမြန်ရထားမှာ မြစ်သားမှ နောက်ပြန်လှဲ့ခဲ့ရကာ ရထားခရီးစဉ် ဖျက်သိမ်းခဲ့ရကြောင်းသိရပြီး ယခု မေလအတွင်း ကညွတ်ကွင်း နှင့် ညောင်ပင်သာကြား ရထားလမ်းပိုင်းအား နှစ်ကြိမ်တိုင် မိုင်းခွဲဖျက်စီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent