အစ္စရေးက ဂါဇာကမ်းမြောင်အလယ်ပိုင်းကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် လူ ၃၁ ဦးသေဆုံးပြီး ၂၀ ဒဏ်ရာရခဲ့သည်ဟု ဂါဇာမြို့ပြကာကွယ်ရေးအေဂျင်စီ ပြောကြား

အစ္စရေးက ဂါဇာကမ်းမြောင်အလယ်ပိုင်းကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် လူ ၃၁ ဦးသေဆုံးပြီး ၂၀ ဒဏ်ရာရခဲ့သည်ဟု ဂါဇာမြို့ပြကာကွယ်ရေးအေဂျင်စီ ပြောကြား
ဂျာဘာလီယာ ဒုက္ခသည်စခန်း တိုက်ခိုက်ခံရပုံကို မေ ၁၈ ရက်တွင်တွေ့ရစဉ်(Photo:Reuters)
ဂျာဘာလီယာ ဒုက္ခသည်စခန်း တိုက်ခိုက်ခံရပုံကို မေ ၁၈ ရက်တွင်တွေ့ရစဉ်(Photo:Reuters)
Published 21 May 2024

မေ ၁၉ ရက်က ဂါဇာအလယ်ပိုင်းကို အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၃၁ ဦးသေဆုံးသွားသည်ဟု ဂါဇာမြို့ပြကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဂါဇာစစ်ပွဲနှင့်ပတ်သက်၍ ဆွေးနွေးရန် အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန် အစ္စရေးကို ရောက်ရှိနေစဉ်  ဂါဇာအလယ်ပိုင်းကို အစ္စရေးက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အစ္စရေးစစ်သားများသည် ဂါဇာတောင်ဘက်ဖျား ရာဖာမြို့ကို ပြောင်းရွှေ့သွားခဲ့သည်။ ရာဖာသည် ဟားမာ့စ်၏ နောက်ဆုံး အမာခံခြေကုပ်နေရာဖြစ်သည်ဟု အစ္စရေးစစ်တပ်က ပြောကြားထားသည်။ အစ္စရေးစစ်တပ်က ရာဖာကို မြေပြင်စစ်ဆင်ရေးလုပ်နေခြင်းကြောင့် ရာဖာရှိ အရပ်သား ၈၀၀,၀၀၀ သည် စစ်ဘေးရှောင် ခဲ့ရသည်ဟု အမေရိကန်က ပြောကြားခဲ့သည်။

ဟားမာ့စ်၏လက်နက်ကိုင်အဖွဲ့ခွဲဖြစ်သော အက်ဇီဒိုင်းအယ်လ်ကာဆင်တပ်ရင်းက ရာဖာ နယ်စပ်ဂိတ်ရှိ အစ္စရေးစစ်သားများကို ပစ်မှတ်ထားခဲ့သည်ဟု ပြောကြားခဲ့သည်။ အဆိုပါ နယ်စပ်ဂိတ်ကို မော်တာဖြင့်ပစ်ခတ် ခဲ့ခြင်းဖြစ်သည်ဟု အက်ဇီဒိုင်းအယ်လ်ကာ ဆင်တပ်ရင်းက ပြောကြားခဲ့သည်။ ရာဖာနယ်စပ်ဂိတ်သည် လူသားချင်းစာနာမှု အကူအညီများ ပို့ဆောင်ရေးအတွက် အရေးပါသော လမ်းကြောင်းဖြစ်သည်ဆိုသော်လည်း ယင်းနယ်စပ်ဂိတ်ကို ယခုအခါပိတ်ထားသည်ဟု သိရသည်။

အစ္စရေးသည် ယခင်က ၎င်းစစ်တပ်၏ ထိန်းချုပ်မှုအောက်တွင်ရှိသည်ဆိုသော ဂါဇာမြောက်ပိုင်းနှင့် အလယ်ပိုင်း ဒေသတို့တွင်ရှိသော ဟားမာ့စ်တပ်ဖွဲ့များကိုလည်း တိုက်ခိုက်လျက်ရှိရာ အချိန်ကာလရှည်လျားသည့် သောင်းကျန်းမှု ချေမှုန်းရေး စစ်ဆင်ရေးဖြစ်လာနိုင်သည်ဟု အမေရိကန်က သတိပေးထားသည်။

ညပိုင်းတွင် နောက်ဆုံးလုပ်ဆောင်သော လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုအတွင်း အလယ်ပိုင်း နူဆေးရတ် ဒုက္ခသည်စခန်းရှိ နေအိမ်တစ်လုံး တိုက်ခိုက်ခံရသဖြင့် အနည်းဆုံး လူ ၃၁ ဦးသေဆုံးသွားခဲ့ပြီး လူ ၂၀ ဒဏ် ရာရသွားခဲ့သည်ဟု ဂါဇာမြို့ပြကာကွယ်ရေး အေဂျင်စီက ပြောကြားခဲ့သည်။

အစ္စရေးစစ်လေယာဉ်က လွန်ခဲ့သော ၂၄ နာရီအတွင်းတွင် အကြမ်းဖက် ပစ်မှတ် ဒါဇင်ပေါင်းများစွာကို တိုက်ခိုက်ခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သော အစ္စရေးစစ်တပ်ကလည်း အဆိုပါ သတင်းကို မိမိတို့ စစ်ဆေးနေ သည်ဟု ပြောကြားခဲ့သည်။

လူနေအဆောက်အအုံတစ်ခုလုံး ပျက်စီးသွားခဲ့သည်ဟု မျက်မြင်တွေ့သူယာဆာ အဘူဘူလာက အေအက်ဖ်ပီကို ပြောကြားခဲ့ပြီး အပျက်အစီးများအောက်တွင် အလောင်းများရှိနေဆဲဖြစ်သည်ဟု ဆိုသည်။

အစ္စရေး၌ နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုများဖြစ်ပေါ်နေဆဲတွင် အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်သည် ဂျေရုဆလင်တွင် အစ္စရေးအမျိုးသား လုံခြုံရေးအကြံပေး တီဇာချီဟာနက်ဘီနှင့် လည်းကောင်း၊ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့်လည်းကောင်း တွေ့ဆုံခဲ့ပြီး ဂါဇာစစ်ပွဲကိစ္စ၊ စစ်ပွဲအလွန် ဖြစ်နိုင်ခြေ အနေအထားများကို ဆွေးနွေးခဲ့သည်။

ဂါဇာ၌ ဟားမာ့စ်စစ်ဆင်ရေးနှင့် ဂါဇာ၏အနာဂတ်တို့အတွက် နိုင်ငံရေးဗဟာဗျူဟာတို့ကို ချိတ်ဆက်ရန် ဆူလီဗန်က နေတန်ယာဟုကို ဆော်သြခဲ့သည်ဟု သိရသည်။

                                                          Ref:AFP

Most Read

Most Recent