ဇာဗီ၏နေရာတွင် အစားထိုးရန်အတွက် ဘိုလော့ဂ်နာနည်းပြ သီယာဂိုမော့တာ၊့ ဘရိုက်တန်အသင်းနှင့် လမ်းခွဲထားသည့် ဒီဇယ်ဘီတို့အား ဘာစီလိုနာ ပစ်မှတ်ထား

ဇာဗီ၏နေရာတွင် အစားထိုးရန်အတွက် ဘိုလော့ဂ်နာနည်းပြ သီယာဂိုမော့တာ၊့ ဘရိုက်တန်အသင်းနှင့် လမ်းခွဲထားသည့် ဒီဇယ်ဘီတို့အား ဘာစီလိုနာ ပစ်မှတ်ထား
Photo: X
Photo: X
Published 20 May 2024

ဘာစီလိုနာအသင်းသည် နည်းပြ ဇာဗီ၏နေရာတွင် အစားထိုးရန်အတွက် အီတလီလူမျိုးနည်းပြများဖြစ်သည့် ဘိုလော့ဂ်နာအသင်းနည်းပြ သီယာဂိုမော့တာ နှင့် ဘရိုက်တန်အသင်းမှ ထွက်ခွာခဲ့သော ဒီဇယ်ဘီတို့နှစ်ဦးအား ပစ်မှတ်ထားနေကြောင်း ဘာစီလိုနာအခြေစိုက် စပိန်အားကစားသတင်းစာ Mundo Deportivo ကဖော်ပြခဲ့သည်။

ဘာစီလိုနာအသင်းသည် ယခုရက်ပိုင်းအတွင်း အသင်း၏ နည်းပြဖြစ်သူ ဇာဗီနှင့် လမ်းခွဲရန် နီးစပ်နေပြီဟု သတင်းများခပ်စိပ်စိပ်ထွက်ပေါ်ခဲ့ပြီးနောက် ၎င်း၏နေရာတွင်အစားထိုးရန်အတွက် နည်းပြသစ်ရှာဖွေမှုများကို ပြုလုပ်လျက်ရှိနေပြီး မော့တာနှင့် ဒီဇယ်ဘီမှာ ရေပန်းအစားဆုံးဖြစ်နေကြောင်းသိရသည်။

ဘာစီလိုနာအသင်း၏ အကယ်ဒမီထွက် ဂန္ထဝင်ကွင်းလယ်လူဟောင်းဖြစ်သူ ဇာဗီသည် ၂၀၂၃ နှစ်ကုန်ပိုင်းကတည်းက ဘာစီလိုနာအသင်းမှ ထွက်ခွာရန် နီးစပ်ခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်ရက်သတ္တပတ်ကမှ ဘာစီလိုနာအသင်းတွင် ဆက်ရှိမည်ဟု ပြန်လည်အတည်ပြုခဲ့သော်လည်း လက်ရှိတွင်မူ ပုဂ္ဂိုလ်ရေးပြဿနာများနှင့်အတူ အသင်းနှင့် လမ်းခွဲမည့်အခြေအနေသို့ တစ်ကျော့ပြန်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်း နည်းပြသစ်ရေပန်းစားမှုတွင်ပါဝင်နေသော ဒီဇယ်ဘီ (၄၄ နှစ်)နှင့် မော့တာ (၄၁ နှစ်)တို့သည် အလားအလာရှိသည့် လူငယ်နည်းပြများအဖြစ် သတ်မှတ်ခံထားရသူများဖြစ်ပြီး ၎င်းတို့နှစ်ဦး၏ စွမ်းဆောင်ရည်မှတ်တမ်းနှင့် အချက်အလက်များမှာလည်း အခြားထိပ်တန်းကလပ်အသင်းကြီးများ၏ စိတ်ကြိုက်ဖြစ်နေကြောင်း သိရသည်။

ဘာစီလိုနာ၊ အက်သလက်တီကို၊ ဂျီနိုအာ၊ အင်တာမီလန်နှင့် PSG အသင်းများတွင် ကစားသမားဘဝဖြတ်သန်းခဲ့သည့် မော့တာသည် ပရော်ဖက်ရှင်နယ်နည်းပြဘဝကို အီတလီမြေတွင်စတင်ခဲ့ပြီး ဘိုလော့ဂ်နာအသင်းအား မကိုင်တွယ်မီက ဂျီနိုအာနှင့် စပီဇီယာအသင်းများကို ကိုင်တွယ်ခဲ့သူဖြစ်သည်။

မော့တာကိုယ်တိုင်ကလည်း ဘာစီလိုနာအသင်းအား ကိုင်တွယ်ရန်ဆန္ဒရှိနေပြီး ယခုရာသီကုန်တွင် အနာဂတ်နှင့်ပတ်သက်၍ ဘိုလော့ဂ်နာအသင်းတာဝန်ရှိသူများနှင့် ဆွေးနွေးသွားဖွယ်ရှိနေကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းက ယှဉ်ပြိုင်ခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် (၃၈) ရာသီပိတ်ပွဲစဉ်အပြီးတွင် ဘရိုက်တန်အသင်းနှင့် လမ်းခွဲခဲ့သည့် အီတလီလူမျိုးနည်းပြ ဒီဇယ်ဘီမှာလည်း ဘာစီလိုနာအသင်း၏ နည်းပြသစ်ပစ်မှတ်စာရင်းတွင်ပါဝင်နေပြီး လာမည့်ရက်ပိုင်းအတွင်း ဆုံးဖြတ်သွားဖွယ်ရှိနေကြောင်းသိရသည်။

ဒီဇယ်ဘီသည် ဘရိုက်တန်အသင်းအား (၂)ရာသီသာကိုင်တွယ်ခဲ့သော်လည်း ၎င်းလက်ထက်တွင် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဥရောပဝင်ခွင့်ရရှိခဲ့သလို၊ လူငယ်ကြယ်ပွင့်ကစားသမားများစွာကိုလည်း မွေးထုတ်ပေးနိုင်ခဲ့သည်။

ဘာစီလိုနာအသင်းသည် ၂၀၂၃-၂၄ ဘောလုံးရာသီတွင် ဖလားလက်မဲ့ဖြင့် ဇာတ်သိမ်းခဲ့ရပြီးနောက် ရာသီသစ်တွင် အောင်မြင်မှုများရယူနိုင်ရန် ပစ်မှတ်ထားနေပြီး  အသင်းကို အကြီးစားပြင်ဆင်မှုများ ပြုလုပ်သွားဖွယ်ရှိနေကြောင်းသိရသည်။

Most Read

Most Recent