ထိုင်ဝမ်၌ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ နီးကပ်လာချိန်တွင် ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့က ကင်းလှည့်မှုများ တိုးမြှင့်ပြုလုပ်

ထိုင်ဝမ်၌ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ နီးကပ်လာချိန်တွင် ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့က ကင်းလှည့်မှုများ တိုးမြှင့်ပြုလုပ်
မေ ၁၄ ရက်က ကင်မန်ကျွန်းအနီးတွင် ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘော (ရှေ့) နှင့် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘော (နောက်) တို့ကို တွေ့ရစဉ်(Photo:AFP)
မေ ၁၄ ရက်က ကင်မန်ကျွန်းအနီးတွင် ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘော (ရှေ့) နှင့် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘော (နောက်) တို့ကို တွေ့ရစဉ်(Photo:AFP)
Published 20 May 2024

ထိုင်ဝမ်တွင် သမ္မတလောင်း လိုင်ချင်တယ်၏ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲ နီးကပ်လာချိန်တွင် ထိုင်ဝမ်ကျွန်းအနီး တရုတ်သင်္ဘောများကို ပိုမိုတွေ့ရှိခဲ့သဖြင့် ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့က ကင်းလှည့်မှုများ ကို တိုးမြှင့်ပြုလုပ်လျက်ရှိသည်။

တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် ကြေညာထားပြီး ထိုင်ဝမ်ကျွန်းအနီးတွင် တိုက်လေယာဉ်များ၊ ဒရုန်းများနှင့် ရေတပ်သင်္ဘောများကို နေ့စဉ်နီးပါးစေလွှတ်ခဲ့သည်။

မကြာသေးမီလများအတွင်းက တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သည် တရုတ်၏ ရှားမန်မြို့နှင့် သုံးမိုင်အကွာတွင်သာ တည်ရှိသည့် ထိုင်ဝမ်က ထိန်းချုပ်ထားသည့် ကင်မန်ကျွန်း အနီးဝန်းကျင်တွင် သင်္ဘောများကို စေလွှတ်ခဲ့သည်။

ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့ အုပ်ချုပ်ရေးအဖွဲ့က ၎င်းတို့သည် ထိုင်ဝမ်၏ အဓိကကျွန်းသုံးခုဖြစ်သည့် ကင်မန်၊ မတ်ဆုနှင့် ပန်ဂူကျွန်းများအနီးတွင် ၂၄ နာရီပတ်လုံး ကင်းလှည့်မှုများပြုလုပ်ရန် တပ်ဖွဲ့ဝင်များကို စေ လွှတ်ထားကြောင်း မေ ၁၉ ရက်က ပြောကြားခဲ့သည်။

ကျမ်းသစ္စာကျိန်ဆိုပွဲပြုလုပ်နေချိန်အတွင်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်လုံခြုံရေးကို စိတ်ချသေချာစေရန် လုပ်ဆောင်သည့်အနေဖြင့် သံသယဖြစ်ဖွယ်ပစ်မှတ်များကို အနီးကပ်စောင့်ကြည့်ရန် ခိုင်မာအားကောင်းသည့် ကင်းလှည့်မှုစစ်ဆင်ရေးကို ကင်မန်၊ မတ်ဆုနှင့် ပန်ဂူ ကမ်းခြေစောင့်တပ်ဖွဲ့ဌာနများက လုပ်ဆောင်နေကြောင်း ထိုင်ဝမ် သမုဒ္ဒရာရေးရာကောင်စီ၏ ကမ်းခြေစောင့်တပ်ဖွဲ့ အုပ်ချုပ်ရေးအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

ကင်မန်-မတ်ဆု-ပန်ဂူဌာနက အရေးကြီးသည့် ပွဲအခမ်းအနားအတွင်း အမျိုးသားလုံခြုံရေး တာဝန်များကို လျော့ပါးခံမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

တရုတ်က အန္တရာယ်များသည့် ခွဲထွက်ဝါဒီတစ်ဦးအဖြစ် တံဆိပ်ကပ်ထားသည့် လိုင်သည် ဇန်နဝါရီလကပြုလုပ်သည့် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် ကင်မန်ကျွန်းသည် တင်းမာမှုများမြင့်တက်သည့် နေရာတစ်ခုဖြစ်ခဲ့သည်။

ထိုင်ဝမ်နှင့် တရုတ်အကြား ဖေဖော်ဝါရီလအတွင်းက တရုတ်စပိ ဘုတ်တစ်စင်းပါဝင်သည့် လူသေဆုံးမှုရှိ ခဲ့သော ဖြစ်စဉ်ကိုလည်း ဖြေရှင်းရခြင်းမရှိသေးပေ။

ဖေဖော်ဝါရီ ၁၄ ရက်က ဖြစ်ပွားခဲ့သည့် ထိုဖြစ်စဉ်တွင် ကင်မန်ကျွန်းအနီး၌ ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့က လူလေးဦးလိုက်ပါလာသည့် တရုတ်စပိဘုတ်တစ်စင်းကို အမှီလိုက်ချိန်တွင် စပိဘုတ်တိမ်းမှောက်ပြီး လူလေးဦး ရေထဲကျခဲ့ကာ နှစ်ဦးသေဆုံးခဲ့သည်။

တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ၎င်း၏ လုပ်ရပ်အတွက် ကာကွယ်ပြောဆိုခဲ့ပြီး ထိုစပိဘုတ်သည် တားမြစ်ထားသည့် ရေပိုင်နက်အတွင်းဝင်ရောက်ခဲ့ကာ မြွေလိမ်မြွေကောက် မောင်းနှင်မှုကြောင့် တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

သို့သော်တရုတ်ကမူ ထိုင်ဝမ်သည် ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး အမှန်တရားကို ဖုံးကွယ်ထားကြောင်း စွပ်စွဲခဲ့သည်။

ထိုဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးကတည်းက တရုတ်သည် ကင်မန်ကျွန်းအနီးဝန်းကျင်တွင် ကင်းလှည့်မှုများကို တိုးမြှင့်ခဲ့သည်။

ယခုလအတွင်း တရုတ်၏ သင်္ဘောများသည် ကင်မန်ကျွန်း၏ တားမြစ်ထားသည့် ရေပြင်များအတွင်းသို့ ငါးကြိမ်တိတိ ယာယီဝင်ရောက်မောင်းနှင်ခဲ့သည်။

                                              Ref:AFP

Most Read

Most Recent