ထိုင်းတွင်ပြည်ပမှတက်ကြွလှုပ်ရှားသူများ ဖိနှိပ်ခံရမှု ပိုမိုမြင့်တက်လာကြောင်း HRW ပြောကြား

ထိုင်းတွင်ပြည်ပမှတက်ကြွလှုပ်ရှားသူများ ဖိနှိပ်ခံရမှု ပိုမိုမြင့်တက်လာကြောင်း HRW ပြောကြား
၂၀၂၁ ခုနှစ် မေ ၈ ရက်က ဘန်ကောက်မြို့တော်တွင် အစိုးရဆန့်ကျင်သည့် ဆန္ဒပြမှုကို တွေ့ရစဉ်(Photo: AFP)
၂၀၂၁ ခုနှစ် မေ ၈ ရက်က ဘန်ကောက်မြို့တော်တွင် အစိုးရဆန့်ကျင်သည့် ဆန္ဒပြမှုကို တွေ့ရစဉ်(Photo: AFP)
Published 16 May 2024

ထိုင်းနိုင်ငံတွင် ခိုလှုံနေထိုင်ရန် ကြိုးပမ်းနေသည့် တက်ကြွလှုပ်ရှားသူများနှင့် အစိုးရအတိုက်အခံများသည် နှောင့်ယှက်ခံရခြင်း၊ စောင့်ကြည့်ခံရခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်းတို့နှင့် ရင်ဆိုင်နေရပြီး အချို့ဖြစ်စဉ်များတွင် ထိုင်းအာဏာပိုင်များပင် ပါဝင်ပတ်သက်နေသည်ဟု လူ့အခွင့်အ ရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့(HRW)က မေ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ထိုင်းတွင် ပြည်ပနိုင်ငံသားများကို တိုက်ရိုက်ဖိနှိပ်မှုများမြင့်တက်ခဲ့ပြီး အာဏာပိုင်များသည် ပြည်ပနိုင်ငံတွင် နေထိုင်သည့် ထိုင်းအစိုးရအား ဝေဖန်သူများနှင့် ထိုင်းနိုင်ငံအတွင်းရှိ ပြည်ပအစိုးရအတိုက်အခံများကို အလဲအလှယ်များ ပြုလုပ်ခဲ့သည်ဟု နယူးယောက်အခြေစိုက် HRW က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံနှင့် အစိုးရအတိုက်အခံများ လဲလှယ်သည့်နိုင်ငံများထဲတွင် တရုတ်၊ ဘာရိန်းနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပါဝင်ခဲ့သည်ဟု HRW က ထုတ်ပြန်ခဲ့သည်။

ထိုင်းအရာရှိများသည် ခိုလှုံခွင့်တောင်းခံသူများနှင့် ဒုက္ခသည်များကိုဖမ်းဆီးပြီး လုပ်ထုံးလုပ်နည်းများမပါဘဲ ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံများကို ပြန်လည်ပို့ဆောင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထိုင်းအာဏာပိုင်များသည် အိမ်နီးချင်းနိုင်ငံများမှ အစိုးရများနှင့် အတိုက်အခံများ တရားမဝင်လဲလှယ်မှုတွင် ပါဝင်ပတ်သက်မှုမြင့်တက်ခဲ့ကြောင်း HRW ၏ အာရှရေးရာ ညွှန်ကြားရေးမှူး အယ်လိန်းပီယာဆန်က ပြောကြားခဲ့သည်။

ထိုင်းဝန်ကြီးချုပ်ဆရီထာ ထာဝီဆင်းအနေဖြင့် ဒုက္ခသည်များနှင့် နိုင်ငံရေးအတိုက်အခံများကို တစ်ဖက်သတ် ဖမ်းဆီးမှုများ၊ တိုက်ခိုက်မှုများနှင့် အတင်းအကျပ်နေရပ် ပြန်ပို့မှုများကို ပွင့်လင်းမြင်သာစွာနှင့် အပြည့်အဝ စုံစမ်းစစ်ဆေးမှုပြုလုပ်ရေးအတွက် ချက်ချင်းအမိန့်ထုတ်ပြန်ရန် ပီယာဆန်က တိုက်တွန်းခဲ့သည်။

၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ထိုင်းတွင်ထိုဖြစ်စဉ်မျိုး ၂၅ မှုရှိခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့ပြီး နစ်နာသူများ၊ မိသားစုဝင်များနှင့် မျက်မြင်များကို အင်တာဗျူး ၁၈ ကြိမ်ပြုလုပ်ခဲ့ကြောင်း HRW က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် မကြာသေးမီနှစ်များအတွင်း ဗီယက်နမ်အစိုးရအတိုက်အခံများ ရှာဖွေဖမ်းဆီးခံခဲ့ရကြောင်း၊ လာအို ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများ လူမသိ၊ သူမသိ ပျောက်ကွယ်သွားခဲ့ကြောင်း သို့မဟုတ် သတ် ဖြတ်ခံခဲ့ရကြောင်း၊ မလေးရှားလိင်တူစုံမက်သူများအခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦး နေရပ်ပြန်ပို့ခံခဲ့ရကြောင်း HRW က ပြောကြားခဲ့သည်။

ထိုင်းအာဏာပိုင်များသည် တရုတ်အစိုးရ အတိုက်အခံများနှင့် ဒုက္ခသည်များကိုလည်း တရားမဝင် ဖမ်းဆီးထိန်းသိမ်းပြီး နေရပ်ပြန်ပို့ခဲ့သည်ဟု HRW ကပြောသည်။

တစ်ချိန်တည်းမှာပင် ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများတွင်လည်း ထိုင်းတက်ကြွလှုပ်ရှားသူများ သတ်ဖြတ်ခံရခြင်း သို့မဟုတ် ပျောက်ကွယ်သွားခြင်းတို့ရှိခဲ့သည်ဟု HRW က ထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့သည့် HRW ၏ အစီရင်ခံစာထဲတွင်လည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် အစိုးရအတိုက်အခံများအပေါ် နိုင်ငံဖြတ်ကျော် ဖိနှိပ်မှုများကို အရေးယူဆောင်ရွက်ရန် နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို တိုက်တွန်းခဲ့ပြီး ပြီးခဲ့သည့် ၁၅ နှစ်အတွင်း နိုင်ငံပေါင်း နှစ်ဒါဇင်ကျော်တွင် အစိုးရအတိုက်အခံများကို နှောင့်ယှက်တိုက်ခိုက်မှု ၇၅ ခုကို ရည်ညွှန်းဖော်ပြခဲ့သည်။

Ref: AFP

Most Read

Most Recent