Sportico က ထုတ်ပြန်သည့် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးကလပ်စာရင်းတွင် မန်ယူအသင်း ဒေါ်လာ ၆ ဒသမ ၂ ဘီလျံဖြင့် ထိပ်ဆုံးမှဦးဆောင်

Sportico က ထုတ်ပြန်သည့် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးကလပ်စာရင်းတွင် မန်ယူအသင်း ဒေါ်လာ ၆ ဒသမ ၂ ဘီလျံဖြင့် ထိပ်ဆုံးမှဦးဆောင်
Photo: Sportico
Photo: Sportico
Published 15 May 2024

 

အမေရိကန်အခြေစိုက် Sportico ကုမ္ပဏီကထုတ်ပြန်သည့် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ဘောလုံးကလပ်စာရင်းတွင် မန်ယူအသင်းက ဒေါ် လာ ၆ ဒသမ ၂ ဘီလျံဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေကြောင်း သိရသည်။

Sportico သည် အားကစားလောကမှ သတင်း၊ အချက်အလက် အပါအဝင် အခြားအကြောင်းအရာများ တင်ဆက်ပေးနေသည့် အရည်အသွေးမြင့် ဒစ်ဂျစ်တယ်ကုမ္ပဏီ တစ်ခုဖြစ်သည်။ ၎င်းတို့အနေဖြင့် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးကလပ် ၅၀ စာရင်း ထုတ်ပြန်ထားပြီး ရုပ်သံထုတ်လွှင့်ခွင့်၊ စပွန်ဆာအပါအဝင် စီးပွားရေးစာချုပ်၊ ကွင်းဝင်ကြေး စသည့် အဓိကဝင်ငွေလမ်းကြောင်းသုံးခုကို အခြေခံ၍ အမှတ်တံဆိပ်တန်ဖိုး၊ အသင်း၏စွမ်းဆောင်ရည်၊ ကြွေးမြီ စသည့်အချက်များကိုလည်း ထည့်သွင်းတွက်ချက်ထားကြောင်းသိရသည်။

မန်ယူအသင်းအနေဖြင့် ယခုရာသီတွင် ကွင်းတွင်းစွမ်းဆောင်ရည် ကောင်းမွန်ခြင်းမရှိဘဲ ရုန်းကန်နေရသော်လည်း ဖေဖော်ဝါရီတွင် ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ်ထံ ရှယ်ယာ ၂၅ ရာခိုင်နှုန်းရောင်းချမှု အပါအဝင် အထက်ပါအချက်များအရ ဒေါ်လာ ၆ ဒသမ ၂ ဘီလျံဖြင့် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ဘောလုံးကလပ်အဖြစ် သတ်မှတ်ခံရခြင်းဖြစ်သည်။ 

၎င်း၏နောက်တွင် ရီးယဲလ် အသင်းက ဒေါ်လာ ၆ ဒသမ ၀၆ ဘီလျံ၊ ဘာစီလိုနာအသင်းက ဒေါ် လာ ၅ ဒသမ ၂၈ ဘီလျံ၊ လီဗာပူးလ် အသင်းက ဒေါ်လာ ၅ ဒသမ ၁၁ ဘီလျံ၊ ဘိုင်ယန်မြူးနစ်အသင်းက ဒေါ်လာ ၄ ဒသမ ၈ ဘီလျံ၊ မန်စီးတီး အသင်းက ဒေါ်လာ ၄ ဒသမ ၇၅ ဘီလျံ၊ PSG အသင်းက ဒေါ်လာ ၄ ဒသမ ၀၅ ဘီလျံ၊ အာဆင်နယ်အသင်းက ဒေါ်လာ ၃ ဒသမ ၉၁ ဘီလျံ၊ စပါးအသင်းက ဒေါ်လာ ၃ ဒသမ ၄၉ ဘီလျံ၊ ချယ်လ်ဆီးအသင်း က ဒေါ်လာ ၃ ဒသမ ၄၇ ဘီလျံဖြင့် အစဉ်လိုက် ရပ်တည်လျက်ရှိသည်။

ထို့ပြင် အဆင့် ၁၁ မှ ၂၀ အထိ စာရင်းတွင် ဂျူဗင်တပ်စ်အသင်းက ဒေါ်လာ ၁ ဒသမ ၇၇ ဘီလျံ၊ ဒေါ့မွန် အသင်းက ဒေါ်လာ ၁ ဒသမ ၆၄ ဘီလျံ၊ အက်သလက်တီကိုအသင်း က ဒေါ်လာ ၁ ဒသမ ၆၂ ဘီလျံ၊ အေ စီမီလန်အသင်းက ဒေါ်လာ ၁ ဒသမ ၂ ဘီလျံ၊ LA FC အသင်းက ဒေါ် လာ ၁ ဒသမ ၁၅ ဘီလျံ၊ အင်တာမီလန်အသင်းက ဒေါ်လာ ၁ ဒသမ ၀၆ ဘီလျံ၊ အတ္တလန္တာယူနိုက်တက် အသင်းက ဒေါ်လာ ၁ ဒသမ ၀၅ ဘီလျံ၊ အင်တာမိုင်ယာမီအသင်းက ဒေါ်လာ ၁ ဒသမ ၀၂ ဘီလျံ၊  LA ဂလက်ဆီအသင်းက ဒေါ်လာတစ် ဘီလျံ၊ နယူးယောက်စီးတီးအသင်း က ဒေါ်လာသန်း ၈၄၀ ဖြင့် ရပ်တည်နေသည်။

Sportico ၏ တန်ဖိုးအမြင့်ဆုံး ကလပ် ၅၀ စာရင်းတွင် မေဂျာလိဂ်ကလပ်များက အံ့အားသင့်ဖွယ်အဖြစ် အသင်း ၂၀ အထိပါဝင်နေပြီး ပရီးမီးယားလိဂ်ကလပ် ကိုးသင်း၊ စီးရီး အေကလပ် ခြောက်သင်း၊ ဘွန်ဒစ်လီဂါကလပ် လေးသင်း၊ လာလီဂါနှင့် မက္ကဆီကိုကလပ် သုံးသင်းစီ၊ လီဂူး-၁ ကလပ် နှစ်သင်း၊ နယ်သာလန်၊ ပေါ်တူဂီနှင့် ဘရာဇီးလ်ကလပ် တစ်သင်းစီ ပါဝင်ကြောင်း သိရသည်။

Most Read

Most Recent