မိုးကြိုကာလမှာ သတိထားရမယ့် မိုးကြိုးပစ်ခြင်းအန္တရာယ်

မိုးကြိုကာလမှာ သတိထားရမယ့် မိုးကြိုးပစ်ခြင်းအန္တရာယ်
Published 12 May 2024

မြန်မာနိုင်ငံသို့ မုတ်သုံဝင်ရောက်တော့ မည်ဟု ဆိုသည်နှင့် တစ်ပြိုင်နက် မိုးကြိုကာ လသို့လည်း ရောက်ရှိလာတော့မည်ဖြစ် သည်။

ယင်းကာလအတွင်း မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း အန္တရာယ်များမှာ လည်း မိုးကြိုကာလနှင့်အတူ ရောက်ရှိလာ မည်ဖြစ်သည်။

အနောက်တောင်မုတ်သုံလေသည် မေ ၂၁ ရက်မှ၂၆ ရက်အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသများ၊ မေ ၂၇ ရက်မှ ဇွန် ၂ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများသို့ အသီးသီး ဝင်ရောက်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ် ပြန်သည်။

ထုတ်ပြန်ချက်အရ မေလ လပတ်အ တွက် မိုးလေဝသခန့်မှန်းချက်အနေဖြင့် အနောက်တောင်မုတ်သုံလေသည် မေ ၂၁ ရက်မှ ၂၆ ရက်အတွင်း မြန်မာနိုင်ငံတောင် ပိုင်းဒေသများသို့လည်းကောင်း၊ မေ ၂၇ ရက် မှ ဇွန် ၂ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများသို့လည်းကောင်း အသီးသီးဝင်ရောက် နိုင်ကြောင်း၊ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ် နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ ယင်းကာလ အတွင်း အနောက်တောင်မုတ်သုံလေသည် အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင် ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့တွင်  တိမ်အ သင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး ကျန်ဘင်္ဂ လားပင်လယ်အော်တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့်  ဖြစ်ထွန်းနိုင်သည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။

ယင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် မုတ်သုံကာလသို့ ရောက်ရှိလာတော့မည်ဖြစ် ပြီး မိုးကြိုကာလလည်း ဝင်ရောက်တော့မည် ဖြစ်သည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တ လေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင် များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ် တောင်များ ရွေ့လျားရာ နေရာတစ် လျှောက် တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက် ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပွားနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှု ဦးစီး ဌာနက သတိပေးထားသည်။

ပြီးခဲ့သည့် မေ ၇ ရက်က မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ သိမ်ဆိပ် အပိုင်းတွင်  သားအမိနှစ်ဦး မိုးကြိုးစက်ကွင်း မိပြီး သတိလစ်မေ့မြောမှုဖြစ်ပွားခဲ့သည်။

“မနက် ၁၁ နာရီ အချိန်လောက်မှာ သိမ် ဆိပ်အပိုင်း မင်းတဲစု ရပ်ကွက်မှာရှိတဲ့ အုတ်ဖိုလုပ်ငန်းမှာ အလုပ်လုပ်ဖို့သွားတဲ့ သားအမိနှစ်ဦးလမ်းမှာ မိုးကြိုး စက်ကွင်းမိပြီး တော့ သတိလစ်လဲကျနေတာ တွေ့တော့ ဆေးရုံပို့ဆောင်ဖို့အတွက်ကို အရေး ပေါ်လူမှု ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို အကြောင်း ကြားပေးခဲ့ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

မိုးကြိုးစက်ကွင်းမိပြီး သတိလစ်မေ့မြော သွားသူ သားအမိနှစ်ဦးမှာ ကျိုက္ကော်အပြင် အနန်းကုန်းအပိုင်းတွင် နေထိုင်သည့် အသက် ၃၀ နှစ်အရွယ် အမျိုးသမီးနှင့် သမီးဖြစ်သူ အ သက် ၁၁ နှစ်အရွယ် မိန်းကလေးတို့ဖြစ်ကြ ကြောင်း အဆိုပါဒေသခံက ဆက်လက်ပြော ကြားသည်။

မိုးကြိုးစက်ကွင်းမိပြီး သတိလစ်မေ့မြော ခဲ့သည့် သားအမိနှစ်ဦးအား ပီတိနှလုံးသား လူမှုကယ်ဆယ်ရေး နှင့် နာရေးကူညီမှုအသင်း (နောင်ဘို) က သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် သားအမိနှစ်ဦး စလုံး ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဟု ကြားသိရကြောင်း သိရသည်။

မေ ၅ ရက်ကလည်း ရန်ကုန်တိုင်းဒေသ ကြီး တိုက်ကြီးမြို့နယ် ဆင်ခြံကျေးရွာအုပ်စု တွင်လယ်ထွန်ရန်စောင့်နေသည့် လယ်သမား အမျိုးသားနှစ်ဦး မိုးကြိုးပစ်ခံရ၍ သေဆုံးမှု ဖြစ်ပွားခဲ့သည်။

မေ ၅ ရက် ညနေပိုင်းတွင်ရန်ကုန်မြို့၌ ရုတ်တရက် အချိန်အခါမဟုတ် မိုးရွာသွန်း ခဲ့ပြီး လေကြမ်းများတိုက်ခတ်ကာ မိုးကြိုးပစ် ခြင်းတို့ဖြစ်ပေါ်ခဲ့ပြီး တိုက်ကြီးခရိုင်၊ တိုက်ကြီး မြို့နယ်၊ ဆင်ခြံကျေးရွာအုပ်စု၊ ဘဝသစ်စီမံ ကိန်း အိုင်ကလောင်ကျဉ်းစခန်းနောက်ကြော တွင် လယ်ထွန်ရန် သစ်ပင်အောက်တွင် စောင့်နေသော အုပ်ပုံစုရပ်ကွက်နေသူ  ဦး သန်းနိုင်ဦး (၄၄ နှစ်) နှင့် ဥက္ကံကုန်း ကျေးရွာ အုပ်စုနေ ကိုထက်လင်းနိုင် (၂၄ နှစ်) တို့ နှစ် ဦး မိုးကြိုးထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မိုးကောင်းမြို့နယ်  ဆားမှော်ကျေး ရွာတွင်လည်း မေ ၂ ရက် နံနက်အစောပိုင်းကမိုးသည်းထန်စွာရွာပြီး မိုးကြိုးပစ်မှုကြောင့် နွား ၂၄ ကောင်သေဆုံးခဲ့ကြောင်း ရွာသား များက ပြောကြားသည်။

“သဖန်းပင်အောက် မိုးခိုတဲ့ နွားတွေပါ။ ပိုင်ရှင်လည်းတစ်ဦးတည်းပဲ။ ပိုင်ရှင်မှာ မျက် ရည်မျက်ခွက်ပ။ ဒီနှစ်ပိုင်းတွေမှာ မိုးကြိုးထိ တာ။ နွားသေ လူသေ နှစ်တိုင်းလိုဖြစ်တာလို့ အရင်က မရှိပါဘူး”ဟု အသက် ၆၀ အရွယ် ဒေသခံလယ်သမားတစ်ဦးက ပြောကြား သည်။

မိုးကြိုကာလများနှင့် မိုးမဝင်မီကာလ များတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ် ခြင်းများကို သတိထားရမည်ဟု မိုးညှင်းမြို့အ ခြေစိုက် မိုးဇလဌာနမှ ဦးသန်းဝင်းက ပြော ကြားသည်။

“စိုက်ဆင်းလေပြင်း ဝင်တာပေါ့။ ၃၅၊ ၄၀ မိုင်လောက် ရောက်သွားမယ်။ မိုးတိမ် တောင် အားကောင်းတဲ့နေရာမှာ ဖြစ်တာ။ မိုးညှင်းမြို့ဝန်းကျင်မှာတော့ မိုးသီးတွေ ကြွေ တယ်။ မုတ်သုံမဝင်မချင်းတော့ နေရာကွက် ကြားဖြစ်နိုင်သေးတယ်။ မိုးကြိုးအန္တရာယ် လည်းရှိတယ်” ဟု ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် မိုးကြိုးဘေးအန္တရာယ် သည် မိုးကြိုကာလများ၊ မိုးတွင်းကာလများနှင့် ရာသီဥတု ရုတ်ခြည်း ဖောက်ပြန်ပြောင်းလဲသောအချိန်ကာလမျိုး၌ ဖြစ်ပွားတတ်ပြီး မိုးကြိုကာလများဖြစ်သည့် ဧပြီ၊ မေနှင့် မိုး နှောင်းကာလများဖြစ်သည့် အောက်တိုဘာ နှင့် နိုဝင်ဘာလတို့တွင် အဖြစ်များလေ့ရှိ သည်။

လေ့လာတွေ့ရှိမှုများအရ မိုးကြိုးပစ် သည့် အချိန်အများစုမှာ မွန်းတည့် ၁၂ နာရီ မှ ညနေ ၆ နာရီအတွင်းဖြစ်ကြောင်း၊ ထိုကာ လများ၌ မိမိတို့ဒေသအနီးတစ်ဝိုက်တွင် မိုး ခြိမ်းခြင်းနှင့် လျှပ်စီးလက်ခြင်းတို့ မကြာခဏ ဖြစ်ပွားနေပါက မိုးကြိုးပစ်နိုင်သည့်အန္တရာယ် ရှိကြောင်း၊ ယင်းကြောင့် သတိပြုနေထိုင်ရ မည်ဖြစ်ကြောင်း မိုးဇလက သတိပေးထား သည်။

မိုးကြိုးပစ်သည့်အခါ မိုးကြိုးဖြစ်ပေါ်ရာ နေရာတွင် အလင်းရောင်နှင့်အသံတို့သည် တစ်ပြိုင်နက်တည်းဖြစ်ပေါ်လာကြောင်း၊ မိုး ကြိုးဖြစ်ပေါ်ရာနေရာမှ ထွက်ပေါ်လာသော အလင်းရောင်နှင့် အသံတို့သည် အတော်အ တန်ဝေးကွာသောနေရာများသို့ ပျံ့နှံရောက်ရှိ ချိန်တွင် အမြန်နှုန်းမတူခြင်းကြောင့် မိုးကြိုး ဖြစ်ပေါ် ရာနေရာမှ အလွန်ဝေးကွာသော နေရာများတွင်ရှိနေသူတို့သည် အလင်းရောင် ကို ဦးစွာမြင်ကြရပြီး အသံကို နောက်ကျမှ ကြားကြရသည်။

နီးသောနေရာတွင်ရှိသူတို့သည် အလင်း နှင့် အသံကို မရှေးမနှောင်း ကြားရပြီး မိုးကြိုး ဖြစ်ပေါ်ရာနေရာတွင်ရှိနေသောသူတို့သည် လျှပ်စီးလက်ခြင်းကိုပင် မြင်ခွင့်မရလိုက် တော့ဘဲ မိုးကြိုးထိမှန်ခံရခြင်းနှင့် မိုးကြိုးစက် ကွင်းမိခြင်းများခံရတတ်ကြောင်း၊  ထိုသို့ဖြစ် ရခြင်းမှာ အလင်း၏မြန်နှုန်းသည် အသံ၏မြန်နှုန်းထက် အဆများစွာ ပို၍မြန်သော ကြောင့်ဖြစ်ကြောင်း သိရသည်။

မိုးကြိုးပစ်ခြင်းဖြစ်စဉ်များတွင် ကျေးရွာ ဒေသများ၌ လယ်ယာလုပ်ငန်း လုပ်ကိုင်နေ သူများ၊ အဆောက်အအုံ၏ပြင်ပတွင်ရှိနေသူ များ အများဆုံး မိုးကြိုးပစ်ခံရလေ့ရှိပြီး သစ် ပင်ကြီးများအောက်တွင် ရှိနေသူများ၊ အိမ် တွင်းနေထိုင်သူများလည်း မိုးကြိုးပစ်ခံရ လေ့ ရှိကြောင်း၊ ထို့ပြင် မြင့်မားသောအဆောက် အအုံများ၊ သစ်ပင်ကြီးများ၊ ချွန်ထက်နေသော ထိုးထိုးထောင်ထောင် ရှိနေသည့် အဆောက် အအုံစသည်တို့သည် မိုးဥတုအခါများနှင့် မိုး သက်မုန်တိုင်းကျရောက်သောအခါများ၌ မိုး ကြိုးပစ်ခံရရန်အခွင့်အလမ်း ပိုများကြောင်း သိရသည်။

ယင်းတို့နှင့်နီးကပ်စွာရှိနေသော လူ၊ တိရစ္ဆာန်များ၊ ဝတ္ထုပစ္စည်းများသည်လည်း မိုးကြိုးစက်ကွင်းအတွင်း ကျရောက်နေ၍ အန္တရာယ်ကြီးမားကြောင်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦး စီးဌာန၏ တရားဝင်ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်ခန့်မှစ၍ မိုးကြိုးပစ်မှုများ ပိုမိုများပြားလာပြီး ပဲခူးတိုင်း ဒေသကြီး၌ မိုးကြိုးပစ်မှု အများဆုံးဖြစ်ပွား သည်ကို တွေ့ရှိရသည်ဟု ဖော်ပြထားသည်။

မိုးကြိုးပစ်မှုအများဆုံးဖြစ်သည့် ပဲခူး တိုင်းဒေသကြီးအတွင်း ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း လေးနှစ်အတွင်း မိုးကြိုးပစ် ခြင်းကြောင့် လူ ၁၅၀ ကျော်သေဆုံးခဲ့ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

ထို့ပြင် ၂၀၁၄ ခုနှစ်အတွင်းက မိုးကြိုးပစ် ခြင်းကြောင့် ပဲခူးတိုင်းတွင် ၄၂ ဦး၊ စစ်ကိုင်း တိုင်းတွင် ၁၀ ဦး၊ ရှမ်းပြည်နယ်တွင် သုံးဦး၊ ဧရာဝတီတိုင်းတွင် ငါးဦး၊ ရန်ကုန်တိုင်းတွင် သုံးဦး၊ နေပြည်တော်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် နှစ်ဦးစီ စုစုပေါင်း ၆၉ ဦးအထိ သေဆုံးခဲ့သည်။

ယင်းကြောင့် မိုးကြိုကာလများတွင် ပတ်ဝန်းကျင်၌ မိုးရွာသွန်းခြင်း၊ မိုးခြိမ်းခြင်း၊ လျှပ်စီးလက်ခြင်းတို့ ဖြစ်ပေါ်နေချိန်တွင် တတ်နိုင်သမျှ အဆောက်အအုံအတွင်း ၌သာ နေထိုင်သင့်ကြောင်းနှင့် မိုးကြိုးဘေးအန္တ ရာယ်နှင့် ပတ်သက်သောအချက်များကိုအ ထူးသတိပြုနေထိုင်ကြရန်လိုအပ်ကြောင်း မိုး ဇလက သတိပေးထားသည်။

လိုက်နာရမည့်အချက်များမှာ အိမ်အ ပြင်တွင်ရောက်ရှိနေပါက အိမ်ထဲသို့ချက် ချင်းပြေးဝင်ရမည်ဖြစ်ပြီး လျှပ်စစ်အလွယ် တကူ စီးဝင်နိုင်သည့် သံ၊ သတ္တုပစ္စည်းများ ကို လက်တွင်ကိုင်ထားခြင်းမပြုရကြောင်း၊ သစ်ပင်၊ ဓာတ်တိုင်နှင့် သံ၊ သတ္တုပစ္စည်းများ အနီးတွင် မနေရကြောင်း သိရသည်။

 

ရေကူးကန်၊ ရေကန်၊ မြစ်ချောင်း၊ အင်း အိုင်စသည့်နေရာများတွင် ရှိနေခဲ့လျှင် ရေထဲ မှ ချက်ချင်းတက်ပြီးလုံခြုံသည့်နေရာ အမိုးအ ကာရှာ၍နေသင့်ကြောင်း၊ အိမ်အပြင်ဘက် တွင်လူစုလူဝေးနှင့်ဖြစ်နေပါက သီးခြားစီဖြန့် ခွဲနေထိုင်သင့်ကြောင်း၊ မလွှဲသာမရှောင်သာ ဘဲ ကွင်းပြင်နှင့် လွင်တီးခေါင်အလယ်တွင် ရောက်နေပါက လျှပ်စီးလက်၍ မိုးထစ်ချုန်း သံများကြားလျှင် နီးစပ်ရာနိမ့်သောနေရာ များနှင့် ချိုင့်ဝှမ်းများအတွင်း ဝပ်နေရမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကွင်းပြင်နှင့် လယ်ကွင်းများတွင် ဆောင့်ကြောင့်ထိုင်၊ ဒူးနှစ်ဖက်ပေါ် လက် တင်၍ခေါင်းငုံ့ထားရမည်ဖြစ်ကြောင်း၊ ဆံပင် များထောင်နေသည်ဟု စတင်ခံစားရပါက မိုးကြိုးပစ်တော့မည့် လက္ခဏာဖြစ်ကြောင်း၊ ထိုသို့ဖြစ်ပွားပါက ဒူးထောက်ချလိုက်ပြီး လက်နှစ်ဖက်ကို ဒူးပေါ်သို့ယှက်တင်၍ ခန္ဓာ ကိုယ်ကိုကွေးညွှတ်ထားရမည် ဖြစ်ကြောင်း၊ မြေပြင်ပေါ်တွင် ပြားပြားဝပ် မှောက်နေခြင်း ကို ရှောင်ရှားရမည်ဖြစ်ပြီး ထိုသို့မှောက်နေ ပါက ခန္ဓာကိုယ်သည် ပိုကြီးမားသော မိုးကြိုး ပစ်မှတ်ဖြစ်သွားနိုင်ကြောင်း မိုးဇလက အသိ ပေးထားသည်။

Most Read

Most Recent