ဘရာဇီးလ်ကွင်းလယ်တိုက်စစ်ကစားသမား ပယ်ရဲရားက ဆုဖလားမရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည့် အင်္ဂလန်အသင်းအနေဖြင့် မိမိတို့ ဘရာဇီးလ်အသင်းကို လျှော့မတွက်ရန် သတိပေးပြောကြားခဲ့သည်။
ဘရာဇီးလ်အသင်းသည် မတ်လ (၂၃) ရက်တွင် နိုင်ငံတကာခြေစမ်းပွဲအဖြစ် အင်္ဂလန်အသင်းကို ဝင်ဘလေကွင်းတွင် သွားရောက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ဘရာဇီးလ်အသင်းသည် နောက်ဆုံး (၄) ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေသလို၊ နောက်ဆုံး (၃) ပွဲဆက်တိုက် ရှုံးနိမ့်ထားသည်။
ထို့ပြင် အင်္ဂလန်အသင်းနှင့်ကစားမည့် ခြေစမ်းပွဲတွင် ဘရာဇီးလ်အသင်းတွင် နာမည်ကျော်ကစားသမားအများစု ပါဝင်နိုင်ခြင်း မရှိပေ။
အင်္ဂလန်အသင်းမှာမူ နည်းပြ ဆောက်ဂိတ်လက်ထက်တွင် တစ်နှစ်ထက်တစ်နှစ်တိုးတက်လာသလို၊ ဘရာဇီးလ်နှင့်ကစားမည့်ပွဲတွင် အဓိက ကစားသမားများ အစုံအလင် ပါဝင်နိုင်မည်ဖြစ်သည်။
ထို့ ကြောင့် အဆိုပါပွဲစဉ်တွင် အိမ်ရှင်လည်းဖြစ်သည့် အင်္ဂလန်အသင်းအနေဖြင့် ဘရာဇီးလ်အသင်းကို အလွယ်တကူအနိုင်ရလိမ့်မည်ဟု သုံးသပ်မှုများ ရှိနေသည်။
သို့သော် ဘရာဇီးလ်ကွင်းလယ်တိုက်စစ်ကစားသမား ပယ်ရဲရားက မိမိတို့အသင်းမှာ အင်္ဂလန်အသင်းနှင့် များစွာကွာဟခြင်းမရှိကြောင်းနှင့် ဘရာဇီးလ်အသင်းအနေဖြင့် ကမ္ဘာ့ဖလားရထားသည်မှာလည်း အင်္ဂလန်နှင့် နှိုင်းယှဉ်လျှင် များစွာမကြာသေးကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပယ်ရဲရားက ''ကျွန်တော်တို့အသင်းက အင်္ဂလန်နဲ့ အများကြီးကွာဟတယ်လို့ မထင်ပါဘူး။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်း ဗိုလ်စွဲခဲ့တာနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဘရာဇီးလ်အသင်း ကမ္ဘာ့ဖလား နောက်ဆုံးရခဲ့တာက သိပ်တောင် မကြာသေးဘူးလို့ ပြောနိုင်ပါတယ်။ ကျွန်တော်တို့နှစ်သင်းကြား ကွာခြားမှုတွေ ရှိနေတယ်လို့ ပြောနေကြပေမဲ့ ဘရာဇီးလ်မှာလည်း ထိပ်တန်းကစားသမားတွေ ရှိသလို၊ အသင်းကလည်း ကြီးကျယ်ခမ်းနားတဲ့ အသင်းတစ်သင်းပါ''ဟု ပြောကြားခဲ့သည်။
အင်္ဂလန်အသင်းသည် ကမ္ဘာ့ဖလားတွင် ၁၉၆၆ ခုနှစ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် တစ်ကြိမ်သာ ဗိုလ်စွဲခဲ့ဖူးသည်။
ဘရာဇီးလ်အသင်းမှာမူ ကမ္ဘာ့ဖလားချန်ပီယံဆုကို (၅) ကြိမ်ဖြင့် စံချိန်တင်ရယူထားပြီး ၂၀၀၂ တွင် နောက်ဆုံးအကြိမ် ဗိုလ်စွဲထားသည်။
ပယ်ရဲရားက မိမိအနေဖြင့် အင်္ဂလန်အသင်းအပေါ် လေးစားမှုအပြည့်ရှိကြောင်းလည်း ပြောကြားခဲ့သည်။
''အင်္ဂလန်အသင်းကို ကျွန်တော် လေးစားမှုအပြည့်ရှိပါတယ်။ သူတို့မှာ ထိပ်တန်းကစားသမားတွေ ရှိမှန်းလည်း သိပါတယ်။ သူတို့နဲ့ ကစားမယ့်ပွဲဟာ ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့အသင်းကလည်း သူတို့နဲ့ ယှဉ်ပြိုင်ကစားဖို့ အသင့်ဖြစ်နေပါပြီ''ဟု ပြောကြားခဲ့သည်။
ဆုဖလားမရသည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်သည့် အင်္ဂလန်အနေဖြင့် ဘရာဇီးလ်အသင်းကို လျှော့မတွက်ရန် ပယ်ရဲရား သတိပေး
Photo: Daily Mail