မြို့နယ်အားလုံး၏ ခြောက်ပုံတစ်ပုံ ရှိလာသည့် မာရှယ်လော 

မြို့နယ်အားလုံး၏ ခြောက်ပုံတစ်ပုံ ရှိလာသည့် မာရှယ်လော 
၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်က လားရှိုးမြို့အဝင် ဟိုပိတ်တိုးဂိတ် လက်နက်ကြီးဖြင့် အပစ်ခံရပြီးနောက် တွေ့ရစဉ်
၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်က လားရှိုးမြို့အဝင် ဟိုပိတ်တိုးဂိတ် လက်နက်ကြီးဖြင့် အပစ်ခံရပြီးနောက် တွေ့ရစဉ်
Published 3 March 2024

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က ရှမ်းပြည်နယ်အတွင်းရှိ မိုးမိတ်နှင့် မဘိမ်းမြို့နယ်တို့ကို နစကက စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်။ 

တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေဖြစ်သည့် ရှမ်းပြည်နယ်အတွင်း မိုးမိတ်နှင့် မဘိမ်းမြို့နယ်တို့၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်ကြောင်း နစကက ကြေညာသည်။ 

တိုင်းမှူးအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲဖြစ်ပေါ်လျက်ရှိသော အခြေအနေ အရပ်ရပ်အပေါ်မူတည်၍ မိမိကိုယ်တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍သော်လည်းကောင်း စစ်အုပ်ချုပ်ရေး (Martial Law) ကို ကျင့်သုံးနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်နှစ်မြို့နယ်ကို စစ်အုပ်ချုပ်ရေး ထပ်မံကြေညာခဲ့သည့်အတွက် ရှမ်းပြည်နယ်အတွင်း စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် မြို့နယ် ၁၀ မြို့နယ်အထိ ရှိလာပြီ ဖြစ်သည်။ 

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်ကလည်း ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေသည့် မြို့နယ်ရှစ်မြို့နယ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာခဲ့သည်။ 

နစကအနေဖြင့် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ရှမ်းပြည်နယ်အတွင်းရှိ ကွတ်ခိုင်မြို့နယ်၊ ကွမ်းလုံမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ မူဆယ်မြို့နယ်၊ လားရှိုးမြို့နယ်နှင့် သိန္နီမြို့နယ်တို့၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်ကြောင်း ကြေညာသည်။ 

ထို့အတူ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)၊ ဒေသကွပ်ကဲရေးမှူးအား ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) နယ်မြေဖြစ်သည့် ရှမ်းပြည်နယ်အတွင်းရှိ ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ်တို့၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်ကြောင်း ထုတ်ပြန်သည်။ 

ထိုရှစ်မြို့နယ်နှင့်ပတ်သက်၍ တိုင်းမှူးနှင့်  ဒေသကွပ်ကဲရေးမှူးတို့သည် အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲဖြစ်ပေါ်လျက်ရှိသော အခြေအနေအရပ်ရပ်အပေါ် မူတည်၍ မိမိကိုယ်တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍လည်းကောင်း စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးနိုင်သည်ဟု ထုတ်ပြန်ခဲ့သည်။ 

"စစ်အုပ်ချုပ်ရေး ဘယ်နှမြို့နယ် ကြေညာထားသလဲ" 

ရှမ်းပြည်နယ်မြောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများနှင့်ပတ်သက်၍ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် မြို့နယ်နှစ်မြို့နယ်ကို စစ်အုပ်ချုပ်ရေး ထပ်မံကြေညာခဲ့သဖြင့် မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် မြို့နယ် ၅၇ မြို့နယ် ရှိလာပြီ ဖြစ်သည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် အရေးပေါ်ကာလ သုံးနှစ်ကျော်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်ပေါင်းမှာ ၅၇ မြို့နယ် ရှိလာခြင်းလည်း ဖြစ်သည်။ 

၂၀၂၁ ခုနှစ် မတ်လတွင် ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းနှင့် မြောက်ဥက္ကလာပမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး ၂၀၂၁ ခုနှစ် မေလတွင်လည်း ချင်းပြည်နယ် မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။  

ထို့နောက် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး နှစ်နှစ်ပြည့်ချိန်၌ နစကအနေဖြင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းနှင့်ပြည်နယ် အသီးသီးက မြို့နယ်အချို့ကို စစ်အုပ်ချုပ်ရေးကို ထပ်မံကြေညာခဲ့သည်။ 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ် ၃၃၀ ရှိသည့်အနက် ၁၀၀ ရာခိုင်နှုန်း တည်ငြိမ်အေးချမ်းသည့် မြို့နယ် ၁၉၈ မြို့နယ်ရှိပြီး လုံခြုံရေးအလေးထားဆောင်ရွက်ရမည့် မြို့နယ် ၆၇ မြို့နယ်နှင့် လုံခြုံရေး ထိထိရောက်ရောက် ဆောင်ရွက်ရမည် မြို့နယ် ၆၅ မြို့နယ်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ပြုလုပ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် ပြောကြားခဲ့သည်။ 

ထိုသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တိုင်းနှင့်ပြည်နယ် ရှစ်ခုမှ မြို့နယ် ၃၇ မြို့နယ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၁၉ အရ အမိန့်အမှတ် (၁/၂၀၂၃)၊ (၂/၂၀၂၃)၊ (၃/၂၀၂၃)၊ (၄/၂၀၂၃)၊ (၅/၂၀၂၃) နှင့် (၆/၂၀၂၃) တို့ဖြင့် စစ်အုပ်ချုပ်ရေးအပ်နှင်းခဲ့သည်ဟု ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

စစ်အုပ်ချုပ်ရေး ကြေညာခြင်းခံခဲ့ရသည့် မြို့နယ်များထဲတွင် စစ်ကိုင်းတိုင်းမှ ၁၁ မြို့နယ်၊ ချင်းပြည်နယ်မှ ခုနစ်မြို့နယ်၊ ပဲခူးတိုင်းမှ ငါးမြို့နယ်၊ မကွေးတိုင်းမှ ငါးမြို့နယ်၊ ကယားပြည်နယ်မှ လေးမြို့နယ်၊ မွန်ပြည်နယ်မှ တစ်မြို့နယ်၊ ကရင်ပြည်နယ်မှ နှစ်မြို့နယ်နှင့် တနင်္သာရီတိုင်းမှ နှစ်မြို့နယ်တို့ ဖြစ်ကြသည်။   

အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် စစ်ကိုင်းတိုင်းရှိ အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လည်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်နှင့် ရေဦးမြို့နယ်တို့ကိုလည်းကောင်း၊ ချင်းပြည်နယ်ရှိ တီးတိန်၊ ထွန်းဇံ၊ ဖလမ်း၊ ကန်ပက်လက်၊ မတူပီ၊ ထန်တလန်နှင့် ဟားခါးမြို့နယ်တို့လည်းကောင်း အမိန့်အမှတ် (၁/၂၀၂၃) ဖြင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံ စစ်အုပ်ချုပ်ရေး အပ်နှင်းခဲ့ခြင်းဖြစ်သည်။

ထို့အတူ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် မကွေးတိုင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ပေါက်နှင့် မြိုင်မြို့နယ်တို့ကို အမိန့်အမှတ် (၂/၂၀၂၃) ဖြင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံသို့လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ပဲခူးတိုင်းရှိ ထန်းတပင်၊ အုတ်ဖို၊ နတ်တလင်း၊ ပေါင်းတည်နှင့် ပေါက်ခေါင်းမြို့နယ်တို့ကို အမိန့်အမှတ် (၃/၂၀၂၃) ဖြင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးထံသို့ လည်းကောင်း စစ်အုပ်ချုပ်ရေးအပ်နှင်းခဲ့သည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် မွန်ပြည်နယ်ရှိ ရေးမြို့နယ်နှင့် ကရင်ပြည်နယ်ရှိ ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့နယ်တို့ကို အမိန့်အမှတ် (၄/၂၀၂၃) ဖြင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးထံသို့လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်နယ်မြေဖြစ်သည့် တနင်္သာရီတိုင်းရှိ တနင်္သာရီနှင့် ပုလောမြို့နယ်တို့အား အမိန့်အမှတ် (၅/၂၀၂၃) ဖြင့် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးထံသို့လည်းကောင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) နယ်မြေဖြစ်သည့် ကယားပြည်နယ်ရှိ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတောနှင့် ဘောလခဲမြို့နယ်တို့ကို အမိန့်အမှတ် (၆/၂၀၂၃) ဖြင့် ဒေသကွပ်ကဲရေးမှူးထံသို့ုလည်းကောင်း အသီးသီးစစ်အုပ်ချုပ်ရေးအပ်နှင်းခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၂ ရက်ကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအား အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ရွှေဘို၊ ဝက်လက်နှင့် အရာတော်မြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာစစ်အုပ်ချုပ်ရေး (Martial Law) အာဏာကိုကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။ 

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ်ပေါင်း ၃၃၀ ရှိပြီး နစကက မြို့နယ်ပေါင်း ၅၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာထားသည့်အတွက် မြို့နယ်အားလုံး၏ ခြောက်ပုံတစ်ပုံ ရှိလာပြီဖြစ်သည်။ 

မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ် ၁၀ ခုမှ မြို့နယ်ပေါင်း ၅၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားခြင်းလည်း ဖြစ်သည်။

ရန်ကုန်တိုင်းတွင် ခြောက်မြို့နယ်၊ ချင်းပြည်နယ်တွင် ရှစ်မြို့နယ်၊ စစ်ကိုင်းတိုင်းတွင် ၁၄ မြို့နယ်၊ ပဲခူးတိုင်းတွင် ငါးမြို့နယ်၊ မကွေးတိုင်းတွင် ငါးမြို့နယ်၊ ကယားပြည်နယ်တွင် လေးမြို့နယ်၊ မွန်ပြည်နယ်တွင် တစ်မြို့နယ်၊ ကရင်ပြည်နယ်တွင် နှစ်မြို့နယ်၊ တနသာင်္ရီတိုင်းတွင် နှစ်မြို့နယ်နှင့် ရှမ်းပြည်နယ်တွင် ၁၀ မြို့နယ်တို့ကို နစကက စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ 

စစ်အုပ်ချုပ်ရေးကြေညာခြင်း ခံထားရသည့် ပြည်နယ်နှင့် တိုင်း ၁၀ ခုအနက် စစ်ကိုင်းတိုင်းက မြို့နယ် ၁၄ မြို့နယ်ဖြင့် အများဆုံးကြေညာခံထားရပြီး ရှမ်းပြည်နယ်က မြို့နယ် ၁၀ မြို့နယ်ဖြင့် ဒုတိယ၊ ချင်းပြည်နယ်က မြို့နယ်ရှစ်မြို့နယ်ဖြင့် တတိယနှင့် ရန်ကုန်တိုင်းက ခြောက်မြို့နယ်ဖြင့် စတုတ္ထ အသီးသီးကြေညာခံထားရသည်။ 

"စစ်အုပ်ချုပ်ရေး ဘယ်လိုဆောင်ရွက်မှာလဲ" 

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို သင့်လျော်သည့် အဖွဲကအစည်းတစ်ရပ်ရပ်ကို ဖွဲ့စည်း၍ဖြစ်စေ၊ သင့်လျော်သည့် ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ လွှဲအပ်ကျင့်သုံး ဆောင်ရွက်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ 

ထို့ကြောင့်  ပုဒ်မ ၄၁၉ အရ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် အပ်နှင်းခြင်းခံရသည့် တိုင်းမှူး သို့မဟုတ် ဒေသကွပ်ကဲရေးမှူးတို့က စစ်အုပ်ချုပ်ရေးကြေညာခံရသည့် ဒေသများကို ကွပ်ကဲဆောင်ရွက်ရခြင်းဖြစ်သည်။ 

စစ်အုပ်ချုပ်ရေးဒေသအတွင်း အာဏာကျင့်သုံးရန် အပ်နှင်းခြင်းခံရသည့် တိုင်းမှူး (သို့မဟုတ်) ဒေသကွပ်ကဲရေးမှူးများအနေဖြင့် မိမိကိုယ်တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးများဖြင့်သော်လည်းကောင်း၊ မိမိတာဝန်လွှဲအပ်သော ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့ဖြင့်သော်လည်းကောင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို ပြီးမြောက်အောင် ဆောင်ရွက်ရမည်။  

အုပ်ချုပ်ရေးတွင် လုံခြုံရေးကိစ္စရပ်များ၊ လူမှုရေးကိစ္စရပ်များ၊ ကုန်သွယ်ရေးကိစ္စရပ်များနှင့် သယ်ယူပို့ဆောင်ရေးကိစ္စရပ်များ ပါဝင်သည်။ 

တရားစီရင်ရေးတွင် တရားရုံးများဖွဲ့စည်းခြင်း၊ စစ်ခုံရုံးများစစ်ဆေးခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်း၊ အတည်ပြုခြင်း၊ အယူခံခြင်းနှင့် ပြင်ဆင်မှုလျှောက်ထားခြင်း စသည့်အချက်များ ပါဝင်သည်။ 

တရားရုံးများ ဖွဲ့စည်းခြင်းတွင် အာဏာကျင့်သုံးရန် အပ်နှင်းခြင်းခံရသည့် တိုင်းမှူး (သို့မဟုတ်) ဒေသကွပ်ကဲရေးမှူးများအနေဖြင့် စစ်အုပ်ချုပ်ရေးကာလအတွင်း ပြစ်မှုဆိုင်ရာမှုခင်းများကို တည်ဆဲဥပဒေအရ ဖွဲ့စည်းထားသော တရားရုံးများဖြင့်ဖြစ်စေ၊ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ပြီး ဖွဲ့စည်းသည့် စစ်ခုံရုံးများဖြင့်ဖြစ်စေ စစ်ဆေးစီရင်နိုင်သည်။ 

စစ်ခုံရုံးများအနေဖြင့် အမှု ၂၃ မျိုးကို စစ်ဆေးရာတွင် ပြစ်မှုဆိုင်ရာမှုခင်းများကို အကျဉ်းနည်းဖြင့် စစ်ဆေးစီရင်နိုင်ပြီး အမှု ၂၃ မျိုးထဲမှ ပြစ်မှုတစ်ခုခု ကျူးလွန်သူတစ်ဦးအား ပြစ်မှုထင်ရှားစီရင်ပါက တည်ဆဲဥပဒေများနှင့်အညီ သေဒဏ်၊ နှစ်အကန့်အသတ်မရှိ အလုပ်နှင့်ထောင်ဒဏ်နှင့် သက်ဆိုင်ရာပြစ်မှုအလိုက် သတ်မှတ်ထားသော အမြင့်ဆုံးပြစ်ဒဏ် တစ်မျိုးမျိုးကို ချမှတ်နိုင်သည်။ 

စစ်ခုံရုံးများက ချမှတ်သော ဆုံးဖြတ်ချက်များနှင့် စီရင်ချက်များသည် အပြီးအပြတ် ဖြစ်ရမည်ဆိုသော်လည်း သေဒဏ်စီရင်မည်ဆိုပါက နစကဥက္ကဋ္ဌ၏ အတည်ပြုချက်ရရှိမှသာ အတည်ဖြစ်မည်ဖြစ်သည်။ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်စီရင်မည်ဆိုပါကလည်း တိုင်းမှူး (သို့မဟုတ်) ဒေသကွပ်ကဲရေးမှူးတို့က အတည်ပြုရမည်ဖြစ်သည်။ 

ထို့ပြင် စစ်ခုံရုံးက ချမှတ်သော ဆုံးဖြတ်ချက်၊ ပြစ်ဒဏ်ချမှတ်ချက်များနှင့်စပ်လျဉ်း၍ အယူခံပိုင်ခွင့် မရှိပေ။ သို့သော် စစ်ခုံရုံးများက သေဒဏ်စီရင်ပါက ၁၅ ရက်အတွင်း နစကဥက္ကဋ္ဌထံသို့လည်းကောင်း၊ အခြားပြစ်ဒဏ်ချမှတ်ခံရပါက ၁၅ ရက်အတွင်း သက်ဆိုင်ရာ တိုင်းမှူး (သို့မဟုတ်) ဒေသကွပ်ကဲရေးမှူးများထံသို့လည်းကောင်း ပြင်ဆင်မှုလျှောက်ထားနိုင်သည်။ နစကဥက္ကဋ္ဌ (သို့မဟုတ်) သက်ဆိုင်ရာတိုင်းမှူး (သို့မဟုတ်) ဒေသကွပ်ကဲရေးမှူးများသည် မိမိသဘောအလျောက် ပြင်ဆင်မှုဖွင့်၍လည်း ဆောင်ရွက်နိုင်သည်။ 

ပြင်ဆင်မှုစီရင်ခွင့် ကျင့်သုံးဆောင်ရွက်ရာတွင် ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက်ခြင်း၊ ပြစ်ဒဏ်လျှော့ပေါ့စေခြင်း၊ ပြစ်ဒဏ်ကို ပို၍နိမ့်သော ပြစ်ဒဏ်အမျိုးအစားသို့ လျှော့ပေါ့ပြောင်းလဲခြင်းနှင့် ပြစ်မှုထင်ရှားစီရင်ခြင်းကို အတည်ပြုခြင်း စသည့် လုပ်ပိုင်ခွင့်များရှိသည့်အပြင် ပြစ်ဒဏ်ကိုလည်း တိုးမြှင့်နိုင်သည်။ 

တိုင်းမှူး (သို့မဟုတ်) ဒေသကွပ်ကဲရေးမှူးများအနေဖြင့် တာဝန်များထမ်းဆောင်ရာ၌ အထောက်အကူဖြစ်စေရန် စစ်အုပ်ချုပ်ရေးအကြံပေးအဖွဲ့ကို ဖွဲ့စည်းနိုင်ပြီး စစ်အုပ်ချုပ်ရေးဒေသအတွင်း ဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်ကို နစကဥက္ကဋ္ဌထံ အစီရင်ခံရမည်ဟု ထုတ်ပြန်ထားသည်။ 

"စစ်ခုံရုံးက ဘယ်အမှုတွေ စစ်ဆေးမှာလဲ"

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တိုင်းနှင့်ပြည်နယ် ၁၀ ခုရှိ မြို့နယ် ၅၅ မြို့နယ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ စစ်အုပ်ချုပ်ရေးပေးအပ်ခဲ့ပြီးနောက် စစ်ခုံရုံးဖြင့် စစ်ဆေးမည့် အမှု ၂၃ မျိုးကိုလည်း ထုတ်ပြန်ခဲ့သည်။ 

စစ်အုပ်ချုပ်ရေးနယ်မြေများရှိ တိုင်းမှူးများအနေဖြင့် သက်ဆိုင်ရာဒေသ၏ အုပ်ချုပ်ရေးလုပ်ငန်းများကို  ဆောင်ရွက်ရမည်ဖြစ်ပြီး တရားစီရင်ရေးကိစ္စများတွင်လည်း  ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်အုပ်ချုပ်ရေးနယ်မြေ၌ စစ်ခုံရုံးဖြင့် စစ်ဆေးမည့် အမှု ၂၃ မျိုးတွင် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု (ရာဇသတ်ကြီးပုဒ်မ ၁၂၂)၊ အစိုးရကိုအကြည်ညိုပျက်အောင်ပြုလုပ်မှု (ရာဇသတ်ကြီးပုဒ်မ ၁၂၄-က)၊ တပ်မတော် (သို့မဟုတ်) တရားဥပဒေစိုးမိုးရေးအဖွဲ့၏ ဆောင်ရွက်မှုကို နှောင့်နှေးစေခြင်း (သို့မဟုတ်) ပျက်ပြားစေခြင်း (ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဂ)၊ တပ်မတော်သားများ (သို့မဟုတ်) အစိုးရအမှုထမ်းများကိုဟန့်တားခြင်း (သို့မဟုတ်) နှောင့်ယှက်ခြင်း (ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဃ)၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ တို့ကို ပါဝင်သည်။

ထို့ပြင် အစိုးရဝန်ထမ်းတစ်ဦးအား ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ  ထိတ်လန့်စေခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်း၊ မမှန်သတင်းများဖြန့်ခြင်း (ရာဇသတ်ကြီးပုဒ်မ ၅၀၅-က)၊ မတရားအသင်းအက်ဥပဒေအရပြစ်မှုများ၊ လက်နက်အက်ဥပဒေအရပြစ်မှုများ၊ လူသတ်မှု၊ လူသေမှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ဓားမြမှု၊ အဂတိလိုက်စားမှု၊ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ ပြစ်မှုများကိုလည်း စစ်ဆေးအရေးယူသွားမည်ဖြစ်သည်။

ထို့အတူ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၆၃ ခုနှစ် အများနှင့်သက်ဆိုင်သော ပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေးဥပဒေအရ ပြစ်မှုများ၊ သတင်းမီဒီယာဥပဒေအရ ပြစ်မှုများ၊ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေအရပြစ်မှုများ၊ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေအရ ပြစ်မှုများ၊ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေအရ ပြစ်မှုများ၊ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေအရ ပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများကိုလည်း စစ်ခုံရုံးဖြင့်စစ်ဆေးအရေးယူသွားမည်ဟု ဆိုသည်။