■ မြန်မာအပေါ် တရုတ်နှင့် အနောက်နိုင်ငံများက ဘယ်လိုမူဝါဒနှင့် ချဉ်းကပ်သင့်သလဲ
လက်ရှိအချိန်တွင် မြန်မာအနေဖြင့် ယူကရိန်းကဲ့သို့ အမေရိကန်နှင့် အနောက်ဥရောပ ကျောထောက် နောက်ခံပေးထားသည့် နိုင်ငံမျိုးမဟုတ်ဘဲ ဘက်ပေါင်းစုံမှ ပိတ်ဆို့မှုဟန့်တားမှုနှင့် ဖိအားများကြောင့် အင်အားနည်းပါးနေသည်မှာ အမှန်ပင်ဖြစ်သည်။
ထိုအချိန်တွင် စူပါပါဝင်နိုင်ငံတစ်ခု၏ Proxy War ဆင်နွှဲခြင်းခံရမည်ဆိုပါက နိုင်ငံအနေဖြင့် ပြိုကွဲသွားနိုင်သည့် အန္တရာယ်နှင့် ကြုံတွေ့ရမည်ဖြစ်ပေသည်။
တစ်ဖက်တွင်လည်း အင်အားကြီးနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၌ Proxy War ဖော်ဆောင်မည်ဆိုပါက မြန်မာနိုင်ငံမှ မည်သည့်အကျိုးအမြတ်မျှ ရရှိလိမ့်မည်မဟုတ်ပေ။
ဒီမိုကရေစီ လိုလားသော အနောက်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံကို အထီးကျန်စေပြီး ပိတ်ဆို့မှု အထပ်ထပ်ချမှတ်နေခြင်းထက် အမေရိကန်သမ္မတ အိုဘားမားလက်ထက်က မြန်မာနိုင်ငံအပေါ် ချဉ်းကပ်ခဲ့သည့် Carrot and Stick ပုံစံမျိုးဖြင့် အနာနှင့်ဆေး မှန်ကန်မှုရှိသည့်မူဝါဒမျိုးကို ကိုင်စွဲ၍ မြန်မာ့အရေးကို ချဉ်းကပ်လုပ်ဆောင်သင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများကလည်း ထောက်ပြကြသည်။
မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ခြင်းတစ်မျိုးတည်းဖြင့် ဖြစ်ပေါ်နေသော ပဋိပက္ခများ ပြေလည်နိုင်ဖွယ်မရှိသည်ကို အမေရိကန်အပါအဝင် အနောက်နိုင်ငံများအနေဖြင့် သမိုင်းအစဉ်အလာများအရ အကဲဖြတ်သိရှိလက်ခံရန် လိုအပ်မည်ဖြစ်သည်။
မြန်မာ့အရေးကိုပြေလည်စေချင်သော နိုင်ငံကြီးများအနေဖြင့် အာဆီယံနှင့် အိန္ဒိယနိုင်ငံတို့၏ မူဝါဒသဘောထားဖြစ်သော မြန်မာ့ပြည်တွင်းရေးကို ဝင်စွက်ဖက်လိုခြင်း မရှိသည့် နည်းလမ်းကိုကျင့်သုံး၍ အမှန်တကယ် ပြေလည်မှုရရှိစေရန် ကူညီဆောင်ရွက်သင့်ပါသည်။
ထို့အတူ တရုတ်နိုင်ငံအနေဖြင့်လည်း အိမ်နီးချင်း မြန်မာနှင့် ၁၉၄၉ ခုနှစ်ကတည်းက တည်ဆောက်ခဲ့သော နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် တရုတ်၏ လွတ်လပ်ရေးအပေါ် ပထမဦးဆုံး ထောက်ခံပေးသည့် မြန်မာနိုင်ငံနှင့် ဆွေမျိုးပေါက်ဖော်ရင်းနှီးမှုဆိုသည့် မျက်နှာကိုထောက်ရှု၍ Proxy War မှတစ်ဆင့် မြန်မာ့ပြည်တွင်းစစ်မီး ကျယ်ပြန့်တောက်လောင်မှုမရှိအောင် စိတ်ရင်းစေတနာမှန်ဖြင့် ကာကွယ်ကူညီပေးသင့်ပေသည်။ မဟုတ်ပါက တရုတ်အနေဖြင့် ၎င်းတို့ စူပါပါ၀ါအင်အားကြီးနိုင်ငံဖြစ်လာချိန်တွင် အိမ်နီးချင်းမြန်မာမှာ သိမ်းသွင်းခံ (ကိုလိုနီပြု) ခံရသော ပထမဆုံးနိုင်ငံတစ်နိုင်ငံအဖြစ်သို့ ရောက်ရှိသွားလိမ့်မည်ဟု ဝေဖန်ပြစ်တင်မှုမျိုးနှင့် ရင်ဆိုင်ရပေလိမ့်မည်။
အင်္ဂလိပ်၏ ကိုလိုနီပြုမှုကို နှစ်ပေါင်းများစွာခံခဲ့ရသော တရုတ်နိုင်ငံအနေဖြင့်လည်း နယ်ချဲ့ကိုလိုနီဝါဒကို လိုလားမည် မဟုတ်သည်မှာ အမှန်ပင်ဖြစ်ရာ တရုတ်အနေဖြင့် ၎င်းတို့စူပါပါ၀ါဖြစ်လာချိန်တွင် ကိုလိုနစ်ဇင်ကို အားမပေးဘဲ မြန်မာ၏တည်ငြိမ်မှုကို ကူညီထောက်ပံ့ပြီး နှစ်နိုင်ငံအကျိုးစီးပွားအတွက် စေတနာမှန်မှန်ဖြင့် လုပ်ဆောင်သင့်ပါသည်။
မည်သို့ပင်ဆိုစေကာမူ လက်ရှိကျယ်ပြန့်လာသော မြန်မာ့ပြည်တွင်းစစ်နှင့် ကမ္ဘာ့မူးယစ်ဆေးပြဿနာအပေါ် ဖြေရှင်းနိုင်ရန်မှာ မြန်မာနစကအစိုးရနှင့် တရုတ်နိုင်ငံစသည့် ဘက်နှစ်ဖက်တွင် အဓိကတာဝန်ရှိပြီး ယင်းဘက်နှစ်ဖက်အနေဖြင့် မှန်ကန်စွာ ဖြေရှင်းနိုင်ကြရန်အရေးကြီးမည်ဖြစ်သည်။
တရုတ်အနေဖြင့်လည်း မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော လက်ရှိအခြေအနေများနှင့်ပတ်သက်၍ ၎င်းတို့၏ သြဇာနှင့်ပါဝင်ပတ်သက်မှုအပေါ် မည်သို့ပင်ငြင်းဆိုစေကာမူ အတိုက်အခံ လက်နက်ကိုင်အဖွဲ့များအပေါ် ၎င်းတို့၏ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပံ့ပိုးကူညီမှုများ၏ အကျိုးအပြစ်ကို ပြန်လည်ဆန်းစစ်ရန် လိုအပ်မည်ဖြစ်သည်။ တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်ရှိ အတိုက်အခံ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် အများစု၏ အကျိုးစီးပွားသည် တရုတ်နိုင်ငံတွင်း၌ရှိနေခြင်း၊ ၎င်းတို့သိမ်းပိုက်လိုက်သည့် ဒေသများတွင် တရုတ်စကားကိုအသုံးပြုခြင်း၊ မြန်မာနိုင်ငံသားဟုဆိုသော်လည်း တရုတ်၏ Proxy ပုံစံ လုပ်ဆောင်နေခြင်းများက ယင်းလက်နက်ကိုင် အတိုက်အခံအဖွဲ့များ၏ ရပ်တည်ချက်အပေါ် အများက မေးခွန်းထုတ်ဝေဖန်စရာဖြစ်နေသည်။ တရုတ်အနေဖြင့်လည်း နှစ်နိုင်ငံချစ်ကြည်မှုကို လေးစားတန်ဖိုးထား ၍သော်လည်းကောင်း၊ ကိုလိုနစ်ဇင်ကို ဆန့်ကျင်သောအားဖြင့်လည်းကောင်း အတိုက်အခံ လက်နက်ကိုင်အဖွဲ့များ ပိုမိုကြီးထွားမလာရန် “၀” အဖွဲ့မှတစ်ဆင့် မြန်မာနိုင်ငံသို့ လက်နက်တင်ပို့ ပျံ့နှံ့မှုများရှိနေပါက ရပ်တန့်စေရန် ကူညီထိန်းချုပ်ဆောင်ရွက်သင့်ပေသည်။
ထိုကဲ့သို့ လုပ်ဆောင်မည်ဆိုပါက မြန်မာပြည်တွင်းစစ်သည် အနှေးနှင့်အမြန် ရပ်တန့်သွားစေနိုင်ပြီး ငြိမ်းချမ်းရေးနှင့် အေးချမ်းတည်ငြိမ်ရေးအတွက် ဆွေးနွေးပွဲများ ပိုမိုသွက်လက်ကာ မူးယစ်ဆေးကဲ့သို့သော ခြိမ်းခြောက်မှုအန္တရာယ်များ လျော့ကျသွားစေနိုင်မည်မှာ အမှန်ပင်ဖြစ်သည်။
ထိုသို့မဟုတ်ဘဲ မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ စဉ်ဆက်မပြတ်ရှိနေပြီး ပြည်တွင်းစစ် ကြီးမားကျယ်ပြန့်နေမည်ဆိုလျှင် မူးယစ်ဆေးပြဿနာသည်လည်း အရှိန်အဟုန်ဖြင့် ပိုမိုကြီးထွားလာနိုင်ဖွယ်ရှိနေပေသည်။
မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံကဲ့သို့ ကုန်းတွင်းပိတ်နိုင်ငံ မဟုတ်သည့်အတွက် အကယ်၍သာ မူးယစ်ဆေးဝါးပြဿနာကြီးထွားလာမည်ဆိုပါက မြန်မာနိုင်ငံမှ ထွက်သည့် မူးယစ်ဆေးဝါးများသည် မြန်မာနှင့် နှစ်နိုင်ငံနယ်နိမိတ် ၂၁၈၅ ကီလိုမီတာ (၁၃၅၇ မိုင်) ထိစပ်နေသည့် တရုတ်နိုင်ငံအပါအဝင် ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံ စသည့် အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် ကမ္ဘာ့နိုင်ငံအနှံ့အပြားသို့ အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ မြန်မာ့ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခနှင့် ပြည်တွင်းစစ် ကျယ်ပြန့်လာမှု၏ နောက်ဆက်တွဲအနေဖြင့် မူးယစ်ဆေးပြဿနာသည် ကမ္ဘာလုံးဆိုင်ရာပြဿနာ တစ်ရပ်အဖြစ်သို့ ရောက်ရှိလာမည်မှာ အမှန်ပင်ဖြစ်သည်။ ထိုအချက်ကို တရုတ်၊ အမေရိကန်အပါအဝင် အင်အားကြီးနိုင်ငံများ၊ မြန်မာ့အရေးအပေါ် စောင့်ကြည့်နေကြသော နိုင်ငံများအနေဖြင့် သတိပြုရန်လိုအပ်ပေသည်။
လက်ရှိမြန်မာ့ပဋိပက္ခများ၏ နောက်ဆက်တွဲ ပြဿနာရပ်များကို ချိန်ထိုးကြည့်လျှင် ကျားဖျန့်လုပ်ငန်းထက် မူးယစ်ဆေးသည် အဓိကဖြေရှင်းရန် လိုအပ်မည့်ပြဿနာတစ်ရပ်ဖြစ်လာလိမ့်မည်မှာ သေချာနေသည်။ တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့နိုင်ငံအတွင်း ပြင်းထန်သည့် ဥပဒေများဖြင့် မူးယစ်ဆေးဝါးတားဆီးထိန်းချုပ်ရေးကို ဆောင်ရွက်ထားသည်ဆိုသော်လည်း မြန်မာ့ပြည်တွင်းစစ် ကျယ်ပြန့်လာမှု၏ နောက်ဆက်တွဲ အကျိုးဆက်တစ်ခုဖြစ်သည့် မူးယစ်ဆေးဝါးပြဿနာမှာ တရုတ်နိုင်ငံသို့လည်း ခြိမ်းခြောက်လာနိုင်သည်ဆိုသည့်အချက်ကို သတိပြု၍ မြန်မာ့အရေးအပေါ် ကူညီဖြေရှင်းရန် လိုပေလိမ့်မည်။ သို့မဟုတ်ပါက တရုတ်အနေဖြင့် ကိုယ်စိုက်ပျိုးသမျှ ကိုယ်သာလျှင် ပြန်လည်ရိတ်သိမ်းရဖို့သာ ရှိမည်ဖြစ်ပေလိမ့်မည်။