ကျယ်ပြန့်လာသော ပြည်တွင်းစစ်၊ ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု နံပါတ်တစ်ဖြစ်လာသည့် မြန်မာနိုင်ငံနှင့် မူးယစ်ဆေးပြဿနာ (၂)

ကျယ်ပြန့်လာသော ပြည်တွင်းစစ်၊ ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု နံပါတ်တစ်ဖြစ်လာသည့် မြန်မာနိုင်ငံနှင့် မူးယစ်ဆေးပြဿနာ (၂)
Published 13 February 2024

ကမ္ဘာ့ဘိန်းစိုက်ပျိုးမှု နံပါတ်တစ်ဖြစ်လာသည့် မြန်မာနိုင်ငံ

ပြည်တွင်းရေး မတည်ငြိမ်မှုနှင့် အာဖဂန်နစ္စတန်နိုင်ငံ၌ ဘိန်းစိုက်ပျိုးမှု ကျဆင်းခြင်းတို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဘိန်းစိုက်ပျိုးမှု အများဆုံးနိုင်ငံဖြစ်လာသည်ဟု ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂအစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်တွင် တာလီဘန်က မူးယစ်ဆေးဝါးကို ပိတ်ပင်လိုက်ပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံ၌ ဘိန်းစိုက်ပျိုးမှု ၉၅ ရာခိုင်နှုန်း ကျဆင်းသွားခြင်းက တစ်ကမ္ဘာလုံးဘိန်းရရှိမှုသည် မြန်မာနိုင်ငံသို့ ပြောင်းသွားသည်ဟု မူးယစ်ဆေးဝါးများနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးအပြောင်းအလဲဖြစ်ခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ လှုမှုရေး၊ စီးပွားရေး မတည်ငြိမ်မှုတို့ဖြစ်ပေါ်ခဲ့ခြင်းက မြန်မာလယ်သမားအများစုကို ဘိန်းစိုက်ပျိုးသည့် အနေအထားဖြစ်စေခဲ့သည်ဟု ဆိုသည်။

ယခုအခါ မြန်မာလယ်သမားများသည် ဘိန်းစိုက်ပျိုးမှုမှ ဝင်ငွေ ၇၅ ရာခိုင်နှုန်းခန့်ရရှိနေသည်ဟု ဖော်ပြထားသည်။

ဘိန်း၏ပျမ်းမျှစျေးနှုန်းသည် တစ်ကီလိုဂရမ်ကို အမေရိကန်ဒေါ်လာ ၃၅၅ ရှိသည်။ စိုက်ပျိုးဧရိယာသည် နှစ်အလိုက် ၁၈ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး ၄၀၁၀၀ ဟက်တာမှ ၄၇၀၀၀ ဟက်တာအထိ တိုးလာသည်ဟုဆိုသည်။

ထို့ကြောင့် ဘိန်းထွက်ရှိမှုသည် ၂၀၀၁ ခုနှစ်နောက်ပိုင်း အများဆုံးပမာဏကို ရောက်ရှိလာသည်ဟု UNODC က ဖော်ပြထားသည်။

“၂၀၂၁ ခုနှစ်မှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ခဲ့ပြီးနောက်ပိုင်း စီးပွားရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေးတို့ မတည်မငြိမ်ဖြစ်လာတာကနေ ခေါင်တဲ့ဒေသတွေက လယ်သမားတွေဟာ ဝင်ငွေရအောင် ဘိန်းစိုက်တာတွေ ဆက်လက်လုပ်ကိုင်နေပါတယ်” ဟု UNODC က ဖော်ပြထားသည်။

 

အဖက်တမင်းအပါအဝင် စိတ်ကြွဆေးပြား ပမာဏများစွာ ထုတ်လုပ်ဖြန့်ချိသည့် နိုင်ငံ

ဘိန်းဖြူနှင့် ဘိန်းမဲနေရာတွင် အဖတ်တမင်းကဲ့သို့သော စိတ်ကြွဆေးပြားများသည် အစားထိုးဝင်ရောက်လာပြီး နေရာအနှံ့တွင် တွင်တွင်ကျယ်ကျယ် ရောင်းဝယ်ဖောက်ကားလျက်ရှိနေသည့်အခြေအနေမှာ ကမ္ဘာ့မူးယစ်ထိန်းချုပ်ရေးအတွက် စိုးရိမ်စရာဖြစ်စေခဲ့သည်။

မြန်မာအပါအဝင် ရွှေတြိဂံဒေသတွင် စိတ်ကြွဆေးပြားများ များစွာ တင်သွင်းထုတ်လုပ်ဖြန့်ချိလျက်ရှိသည်ဟု သတင်းအချက်အလက်များက ဆိုသည်။

UNODC အပါအဝင် ကမ္ဘာပေါ်ရှိ အချက်အလက်စစ်တမ်းများ၏အဆိုအရ အဖတ်တမင်းကဲ့သို့သော စိတ်ကြွဆေးပြား ထုတ်လုပ်နေမှုမှာ မြန်မာနိုင်ငံသည် ထိပ်ဆုံးတွင်ပါဝင်နေသော နိုင်ငံတစ်နိုင်ငံလည်းဖြစ်နေသည်။

မြန်မာနိုင်ငံမှထွက်သော မူးယစ်ဆေးဝါးများ၏ ရောင်းဝယ်ဖောက်ကားမှုငွေကြေးများတွင် ရာခိုင်နှုန်း ၅၀ နှင့်အထက်သည် အဖတ်တမင်း ရောင်းဝယ်ဖောက်ကားမှုမှရကြောင်း သိရသည်။

ရွှေတြိဂံဒေသတွင် အဖတ်တမင်းကဲ့သို့သော မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးမှုမှာ နှစ်စဉ်လျော့ပါးသွားခြင်းမရှိဘဲ တိုးပွားလာသည်ကိုသာ တွေ့ရသည်။

မြန်မာနိုင်ငံနယ်စပ်နှင့် ကပ်လျက်ရှိသည့် ထိုင်းနိုင်ငံအနောက်ပိုင်း ကန်ချနာပူရီခရိုင်တွင် မြန်မာဘက်မှ တရားမဝင်သွင်း လာသည့် မက်သာဖတ်တမင်းစိတ်ကြွဆေးပြား သန်း ၅၀ ကျော် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ အတွင်း စံချိန်တင်ဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းအာဏာပိုင်များက ထုတ်ပြန်ထားခဲ့သည်။ ယင်းပမာဏမှာ ထိုင်းနိုင်ငံတွင် ဖမ်းမိသည့် စိတ်ကြွဆေးပမာဏများတွင် အများဆုံးဖြစ်သည်။

ကန်ချနာပူရီဒေသတွင် ယခုကဲ့သို့ အဖြစ်အပျက်မျိုး မကြုံဘူးခဲ့ကြောင်း UNODC ၏အရှေ့တောင် အာရှဆိုင်ရာကိုယ်စားလှယ် ဂျရမီဒေါက်ကလပ်က ပြောကြားထားခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းနှင့် ထိုင်းနယ်စပ်နှင့် ထိစပ်သော နယ်စပ်နေရာများတွင်  လက်နက်ကိုင်အဖွဲ့များနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်သူများအနေဖြင့် စိတ်ကြွဆေးပြားကို အကြီးအကျယ် ထုတ်လုပ်နေသည့်အတွက် ယခုကဲ့သို့ဖမ်းမိခဲ့ခြင်းမှာ အံ့သြစရာမဟုတ်ကြောင်းလည်း ၎င်းင်းက ပြောကြားခဲ့သည်။

မြန်မာတွင် အဖတ်တမင်း၊ မတ်သာဖတ်တမင်း၊ Wy၊ အက်တစီ E ဆေးပြားများ ပမာဏများစွာ ထုတ်လုပ်ဖြန့်ဖြူးနေမှုသည် ကမ္ဘာ့မူးယစ်တိုက်ဖျက်ရေးအတွက် စိုးရိမ်စရာအခြေအနေပင်ဖြစ်နေသည်။

 

မြန်မာနိုင်ငံအတွင်း ပျံ့နှံ့နေသည့် မူးယစ်ဆေးဝါး

မြန်မာအရေးစောင့်ကြည့်လေ့လာရေး သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ISP အဖွဲ့၏ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၅ ရက်ထုတ် အစီရင်ခံစာတစ်ခုတွင် မြန်မာနိုင်ငံတွင် ဆေးခြောက်၊ ဆေးပြား၊ ဘိန်းဖြူ၊ ကတ်တမင်းနှင့် အိုက်စ်စသည့် မူးယစ်ဆေးဝါးများအား မြို့နယ် ၁၁၀ ကို အခြေခံစစ်တမ်းကောက်ယူရာတွင် ၉၃ မြို့နယ်နှင့်အထက်တွင် အတော်တော်များ၌ ရောင်းဝယ်ဖောက်ကား သုံးစွဲနေသည်ကိုတွေ့ရကြောင်း ဖော်ပြထားသည်။

ယင်းအစီရင်ခံစာအရ ၎င်းတို့ ကောက်ယူခဲ့သည့် မြို့နယ်များတွင်  မူဆယ်အပါအဝင် မြို့နယ်အချို့တွင် မူးယစ်ဆေးရရှိနိုင်သည့် နေရာ ၁၀၀ ဝန်းကျင်ခန့်ရှိပြီး ကျိုင်းတုံတွင် နေရာ ၂၅၀ ခန့်အထိ အများဆုံးတွေ့ရသည်ဟု ဆိုသည်။

ထို့ပြင် မြို့နယ် ၁၁၀ အနက် ၈၅ ရာခိုင်နှုန်းဖြစ်သည့် ၉၄ မြို့နယ်တွင် ဆေးခြောက်ကို အများဆုံးသုံး စွဲပြီးကြောင်း၊  Wy၊ ခေါင်းခါဆေးဟု လူသိများသည့် E ဆေးပြားများကို ဒုတိယအများဆုံးသုံးစွဲကြောင်း၊ ကော်ရှုခြင်နှင့် ဘိန်းဖြူကို တတိယအများဆုံးသုံးစွဲကြောင်းနှင့် ကိုကင်း၊ အိုက်စ်၊ ကတ်တမင်းသုံး စွဲမှုများသည်လည်း တွင်ကျယ်နေကြောင်း တွေ့ရှိရသည်ဟု ISP စစ်တမ်းက ဆိုသည်။

လက်နက်ကိုင်ပဋိပက္ခကြီးမား ကျယ်ပြန့်လာသည်နှင့်အမျှ နစကအနေဖြင့် မူးယစ်ဆေးသယ်ဆောင်ရာ လမ်းကြောင်းများကို ဖြတ်တောက်နိုင်စွမ်းအားနည်းလာခြင်း၊ စစ်ပွဲများနှင့်အတူ မူးယစ်ဆေးဝါးစျေးကွက် ပိုကျယ်ပြန့်လာပြီး စျေးပေါလာမှုများသည်လည်း မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါး ပျံ့နှံ့မှုအပေါ်သတိပြုစရာဖြစ်ကြောင်း ISP က စစ်တမ်းတွင်ထောက်ပြထားသည်။

ISP စစ်တမ်းတွင်ထောက်ပြထားချက်ကို ကြည့်ခြင်းအားဖြင့်လည်း တရားဥပဒေစိုးမိုးမှုလျော့ရဲလာပြီး လက်နက်ကိုင်ကြီးထွားလာမှုနှင့်ဆက်စပ်ကာ မူးယစ်ဆေးဝါး ပြဿနာသည်လည်း မြန်မာနိုင်ငံတွင် ကျွဲကူးရေပါ ကြီးထွားပါဝင်လာသည်ကို တွေ့ရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် အစိုးရက နှစ်အလိုက် ဖမ်းဆီးမူးယစ်ဆေးဝါးဖျက်ဆီးမှုတန်ဖိုးများမှာ ၂၀၀၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၁၀ သန်း၊ ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၆၆၇ သန်း၊ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၄၂ သန်းနှင့် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၄၆ သန်းဖြစ်သည်။

 

လက်နက်ကိုင်အဖွဲ့များနှင့် မူးယစ်ဆေးဝါး ဆက်စပ်နေမှုအခြေအနေ

၂၀၂၄ ခုနှစ် ဇန်နဝါရီ  ၃၁ ရက်က ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တင်ပြချက်များတွင် မြန်မာနိုင်ငံ၌ လက်နက်ကိုင်အဖွဲ့များနှင့် မူးယစ်ဆေးဝါး ဆက်စပ်နေမှုများကို ထည့်သွင်းပြောကြားခဲ့သည်။

သောင်းကျန်းသူအဖွဲ့များနှင့် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံအတွင်းတည်ငြိမ်မှု မရှိအောင် လုပ်ဆောင်ပြီး ၎င်းကိုအခွင့်ကောင်းယူကာ ၎င်းတို့၏ ဝင်ငွေရလမ်းဖြစ်သည့် မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းချခြင်းများ လုပ်ဆောင်နေသည်ကိုတွေ့ရကြောင်း၊ မူးယစ်ဆေးဝါးထုတ် လုပ်ရောင်းချခြင်းသည် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှု၊ အကြမ်းဖက်မှုတို့ကို အထောက်အပံ့ ဖြစ်စေခြင်းကြောင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်နေသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေကြောင်း၊ မြန်မာနိုင်ငံအတွင်း၌ တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ထုတ်လုပ်နိုင်ခြင်းမရှိခြင်းကြောင့် သောင်းကျန်းသူအဖွဲ့များအနေဖြင့် အခြားနိုင်ငံများမှ နည်းမျိုးစုံဖြင့် မြန်မာနိုင်ငံအတွင်းသို့ ချိတ်ဆက်သယ်ယူလျက်ရှိကြောင်းလည်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိမှုအနေဖြင့် ၂၀၂၃ ခုနှစ် သြဂုတ် ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက်အထိ ခြောက်လတာကာလအတွင်း ဘိန်းဖြူ ၁ ဒသမ ၁ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၇ သန်းကျော်၊ အိုက်စ် ၁၄ ဒသမ ၆၆၅ တန်ကျော်အပါအဝင် ဖမ်းဆီးရမိမှု အမှုပေါင်း ၃၂၇၂ မှု၊ တန်ဖိုးကျပ် ၇၈၁ ဒသမ ၀၂ ဘီလျံ နှင့် ဖမ်းဆီးရမိသူ စုစုပေါင်း ၄၃၇၃ ဦးရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက်အထိ ဘိန်းဖြူ ၆ ဒသမ ၀၅ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၆၂၉ သန်းကျော်၊ အိုက်စ် ၅၃ တန်ကျော်၊ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိမှုအမှုပေါင်း ၂၁၀၉၈ မှု၊ တန်ဖိုးကျပ် ၃၃၅၄ ဘီလျံကျော်၊ ဖမ်းဆီး ရမိသူစုစုပေါင်း၂၉၄၈၆ ဦးရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် မူးယစ်ဆေးဝါးထုတ်လုပ်မှုကို ကြည့်ပါက လမ်းပန်းဆက်သွယ်ရေး  ခက်ခဲသည့်နေရာများ၊ အုပ်ချုပ်မှုအလှမ်းဝေးသည့် နေရာများ၊ ဖွံ့ဖြိုးမှု နောက်ကျနေသည့်နေရာများ၊ တည်ငြိမ်မှုမရှိသည့်နေရာများနှင့် လူသူအရောက် အပေါက်နည်းပြီး တောတောင်ထူထပ်သည့် နေရာများတွင် စိုက်ပျိုးထုတ်လုပ်ခဲ့သည်ကိုတွေ့ရပြီး လွတ်လပ်ရေးရပြီးနောက် တရုတ်ဖြူတို့ မြန်မာနိုင်ငံအတွင်း ကျူးကျော် ဝင်ရောက်ချိန်မှစပြီး ရှမ်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာခဲ့ကြောင်း၊ ၎င်းနောက် ဗမာပြည်ကွန်မြူနစ်ပါတီကစ၍ နောက်ပိုင်းပေါ်ပေါက်လာသည့် လက်နက်ကိုင်အဖွဲ့အစည်းများက ၎င်းတို့ ရေရည်ရပ်တည်နိုင်ရေးအတွက် ဘိန်းစိုက်ပျိုးထုတ်လုပ်ရောင်းချမှုကို တိုးချဲ့လုပ်ဆောင်ခဲ့ခြင်းကြောင့် ရှမ်းပြည်နယ်သည် ကမ္ဘာပေါ်တွင် ဘိန်းထုတ်လုပ်မှုအများဆုံးဟူသည့် နာမည်ဆိုးနှင့် ကျော်ကြားသည့်နေရာတစ်ခုဖြစ်ခဲ့ကြောင်းလည်း သိရသည်။

ဘိန်းကို ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးပြီး ရှမ်းပြည်နယ်သည် ဒေသတွင်း၌ မူးယစ်ဆေးဝါးများထွက်ရှိမှု၏ ဗဟိုချက်ဖြစ်ကြောင်းနှင့် အဆိုပါဒေသမှ တရားမဝင်မူးယစ်ဆေးဝါးများကို ကုန်းလမ်းကြောင်းမှ မှောင်ခိုသယ်ဆောင်ခြင်းကို စစ်ဆေးမှုများ ပိုမိုတင်းကျပ်သည့်အတွက် ရေလမ်းကြောင်းမှ လှေများဖြင့် အခြားနိုင်ငံများကို မှောင်ခိုတင်သွင်းလျက်ရှိသည်ကို မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာကုလသမဂ္ဂရုံး (UNODC) ၏၂၀၂၃ ခုနှစ်နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်ကိုလည်း တွေ့ရကြောင်း၊ UNODC နှင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့တို့ ပူးပေါင်းပြီး ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို တိုင်းတာခဲ့ရာ ၂၀၁၂ ဘိန်းစိုက်ရာသီမှစ၍ တစ်နှစ်ထက်တစ်နှစ် နှစ်စဉ် လျော့ကျလာခဲ့သည်ကို တွေ့ရှိရသော်လည်း UNODC ၏ ၂၀၂၃ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာတွင် ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုအနေဖြင့် ၄၀၁၀၀ ဟက်တာ စိုက်ပျိုးခဲ့သည်ကို ဖော်ပြခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်က ဘိန်းစိုက်ပျိုးမှု ၃၀၂၀၀ ဟက်တာ စိုက်ပျိုးခဲ့ခြင်းကြောင့် ၂၀၂၂ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှုသည် ၃၃ ရာခိုင်နှုန်း တိုးတက်လာသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့်ဘိန်းစိုက်ပျိုးမှုကို တရုတ်၊ မြန်မာ၊ ထိုင်းသုံးနိုင်ငံအပြင် အခြားနိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး စုံစမ်းစစ်ဆေးခြင်း၊ တိုင်းတာခြင်းနှင့် ဖျက်ဆီးခြင်းများကို ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားရမည်ဟုလည်း နစကဥက္ကဋ္ဌက ပြောကြားသည်။

                  

မြန်မာနိုင်ငံတွင် ကြီးထွားလာမည့် မူးယစ်ဆေးဝါး၏ နောက်ဆက်တွဲ အကျိုးဆက်နှင့် အိမ်နီးချင်းနိုင်ငံများအပေါ်  သက်ရောက်နိုင်မှု

လက်ရှိမြန်မာနိုင်ငံတွင် မငြိမ်သက်မှုများနှင့်အတူ မူးယစ်ဆေးဝါးအန္တရာယ်ကြီး ထွားလာမှု၏အကျိုးဆက်သည် မြန်မာ့အိမ်နီးချင်းနိုင်ငံများသို့ ရိုက်ခတ်လာမည်မှာ မလွဲမသွေဖြစ်သည်။

မြန်မာအစိုးရအနေဖြင့် လက်ရှိတွင် ရေတပ်အင်အားနှင့် နည်းပညာကောင်းမွန်မှုအရ ရေလမ်းကြောင်းများမှ တရားမဝင် မူးယစ်ဆေးဝါးကုန်သွယ်မှုကို အတိုင်းအတာတစ်ခုအထိ ပိတ်ဆို့တားဆီးထားနိုင်သော်လည်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေစိုးမိုးနိုင်မှု အားနည်းချိန်တွင်  နှစ်နိုင်ငံနယ်စပ်ဒေသများမှ မူးယစ်ဆေးများ ဖြတ်သန်းသယ်ဆောင်မှုများအပေါ် တားဆီးနိုင်ရန် ခက်ခဲလာမည်ဖြစ်သည်။

အဆိုပါအခြေအနေတွင် မြန်မာ့အိမ်နီးချင်းနိုင်ငံများသည်လည်း မိမိတို့နိုင်ငံအတွင်း ရောက်ရှိလာမည့် မူးယစ်ဆေးဝါးအန္တရာယ်ကို သတိချပ်သင့်သည်။

မြန်မာ့အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သည့် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံဘက်မှ တရားမဝင်မူးယစ်ဆေးဝါး သယ်ဆောင်သူများကို နယ်စပ်ဒေသများတွင် မကြာခဏဖမ်းမိသည့် ဖြစ်စဉ်များ တွေ့ရမည်ဖြစ်ပြီး ယခုအချိန်တွင် ယခင်ထက် ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှ ဝင်ရောက်လာနိုင်မည့် မူးယစ်ဆေးဝါးအန္တရာယ်ကို ဂရုပြုရမည့်အခြေအနေဖြစ်သည်။

ယင်းအခြေအနေများကြောင့် မြန်မာနိုင်ငံနှင့် နယ်စပ်လွတ်လပ်စွာသွားလာခွင့် သဘောတူညီချက်ကို အမြန်ဆုံးရပ်ဆိုင်းရေးအတွက် အိန္ဒိယပြည်ထဲရေးဝန်ကြီးက ဖေဖော်ဝါရီ ၈ ရက်တွင် စတင်ပြောကြားခဲ့သည်ကို တွေ့ရသည်။

ယမန်နှစ်က မြန်မာနိုင်ငံတွင် တပ်မတော်နှင့် အတိုက်အခံများအကြား တိုက်ပွဲဖြစ်ပွားမှု အရှိန်မြင့်တက်ခဲ့ပြီးနောက် မြန်မာဘက်မှ လူထောင်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

နယ်စပ်ဒေသများတွင် နေထိုင်သူများကို အိမ်နီးချင်းနိုင်ငံ၏ နယ်နိမိတ်ထဲသို့ ဗီဇာမလိုဘဲ ခရီးတို သွားလာဝင်ထွက်ခွင့်ပြုသည့် သဘောတူညီချက်အား ဖျက်သိမ်းမည့်လုပ်ငန်းစဉ်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ဆောင်ရွက်နေပြီဖြစ်ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီး အာမစ်ရှားက ပြောကြားခဲ့သည်။

အိန္ဒိယ၏ မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံအကြား လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် သဘောတူညီချက်အရ မဏိပူရပြည်နယ်တွင် နေထိုင်သည့်ဒေသခံများနှင့် မြန်မာနိုင်ငံသားများသည် တစ်ဖက်နှင့် တစ်ဖက် ၁၆ ကီလိုမီတာအထိ ဗီဇာမလိုဘဲဝင်ထွက်သွားလာခွင့် ရရှိထားသည်။

လက်ရှိတွင် အိန္ဒိယ၏မဏိပူရပြည်နယ်တွင် မြန်မာနိုင်ငံသားပေါင်း ၁၀၀၀၀ ခန့် ဒုက္ခသည်အဖြစ် ခိုလှုံလျက်ရှိသည်။

အိန္ဒိယသည် မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း ၁၆၄၃ ကီလိုမီတာ ထိစပ်လျက်ရှိပြီး မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံ ထိစပ်မှုသည် ၁၉၈ ကီလိုမီတာရှိသည်။ မဏိပူရနှင့် မြန်မာအကြား နယ်စပ်ထိတွေ့မှု ၁၉၈ ကီလိုမီတာအနက် ၁၆ ကီလိုမီတာသာ နယ်စပ်စည်းရိုး ကာရံထားနိုင်သည်။

အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ထိစပ်သည့် နယ်စပ်ဒေသများတွင် မြန်မာနိုင်ငံမှ သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိသည့်ဖြစ်စဉ်များရှိပြီး ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးများ ဝင်ရောက်လာနိုင်မည့်အပေါ် စိုးရိမ်ချက်ရှိနိုင်ပြီး ယခုကဲ့သို့ နယ်စပ်သွားလာခွင့်ကန့် သတ်ရန်စီစဉ်နေမှုသည်လည်း ၎င်းတို့နိုင်ငံ အကျိုးစီးပွားအတွက် မှန်ကန်သည်ဟုပင် ဆိုရပေလိမ့်မည်။

အလားတူ မြန်မာအိမ်နီးချင်း တရုတ်နိုင်ငံအနေဖြင့်လည်း နယ်စပ်တစ်လျှောက်ရှိ လက်နက်ကိုင်အဖွဲ့များအပေါ် အနည်းနှင့်အများ သြဇာလွှမ်းမိုးထားနိုင်သည်ဟုဆိုသော်လည်း ဒေသတွင်း မတည်ငြိမ်မှုများ၊ တိုက်ပွဲများကြောင့် နယ်မြေမတည်ငြိမ်မှုနှင့်အတူ နောက်ဆက်တွဲအဖြစ် မူးယစ်ဆေးဝါး ပြဿနာသည်လည်း ၎င်းတို့နိုင်ငံအတွက် ဖိအားတစ်ခုဖြစ်လာစေမည်မှာ အမှန်ဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်……….