မြန်မာ့သမိုင်းတွင် တရုတ်ပြေးမင်းဟု အမည်တွင်ခဲ့သည့် နရသီဟပတေ့မင်းသည် ၁၂၅၄ ခုနှစ်မှ ၁၂၈၇ ခုနှစ်အထိ ထီးနန်းစိုးစံခဲ့ပြီး ၎င်းနှင့်အတူ ပထမမြန်မာနိုင်ငံတော် ပျက်သုဉ်းခဲ့သည်။
မွန်ဂိုဘုရင် ကူဗလိုင်ခန်က တရုတ်နိုင်ငံ ကိုသိမ်းယူထားချိန် ၁၂၇၁ ခုနှစ်တွင် ယူနန်ဘုရင်ခံက မြန်မာနိုင်ငံသို့ သံတမန်စေလွှတ်၍ ရခိုင်က ဆက်သမြဲဖြစ်သည်ဟူသော လက်ဆောင်ပဏ္ဏာဆက်သရန် တောင်းဆိုခဲ့ရာ နရသီဟပတေ့မင်းသည် တရုတ်သံအမတ်တို့ကို လက်ခံတွေ့ဆုံခြင်းမပြုခဲ့ပေ။
ထို့နောက် အဆိုပါကိစ္စရပ်ကို မကျေနပ်သဖြင့် ၁၂၇၃ ခုနှစ်တွင် ကူဗလိုင်ခန်၏ တရုတ်ဗဟိုအစိုးရက သဝဏ်လွှာတစ်စောင်နှင့်အတူ သံအဖွဲ့တစ်ဖွဲ့ကို မြန်မာပြည်သို့ စေလွှတ်ခဲ့ပြီး ၎င်းတို့၏ တောင်းဆိုချက်များကို လိုက်လျောရန် ထပ်မံတောင်းဆိုခဲ့ပြီး နရသီဟပတေ့မင်းက ၎င်းသံအဖွဲ့ကို ကွပ်မျက်ခဲ့သည်။
၁၂၇၃ ခုနှစ်တွင် ဗန်းမော်မြို့ အထက်ရှိ ကံငယ်မြို့စားသည် တရုတ်တို့ဘက်သို့ ဝင်ရောက်၍ သစ္စာခံရာ မြန်မာတို့က ကံငယ်မြို့စားကို သွားရောက်တိုက်ခိုက်ရာ ၎င်းမြို့စားသည် တရုတ်တို့ထံမှ အကူအညီ တောင်းခံသဖြင့် ယူနန်ဘုရင်ခံသည် မြန်မာပြည်ကို ဝင်ရောက်တိုက်ခိုက်ရာ တရုတ်-မြန်မာစစ်ဖြစ်ပွားခဲ့သည်။
ထို့ပြင် ၁၂၇၇ ခုနှစ်တွင် ကမ်းယံမြို့အထက် တပိန်မြစ်ဝှမ်းရှိ ငဆောင်ချမ်းအရပ်တွင် တရုတ်တပ်များနှင့် မြန်မာတပ်များ တိုက်ခိုက်ခဲ့ပြီး မြန်မာတို့ တပ်ပျက်ကာ တရုတ််တို့သည် ဗန်းမော်မြို့အထိ ချီတက်လာသော်လည်း ပူပြင်းသည့်ရာသီဥတုဒဏ်ကြောင့် တရုတ်တပ်များ မြန်မာပြည်မှ ပြန်လည်ထွက်ခွာသွားသည်။
ထို့နောက် ၁၂၈၃ ခုနှစ်တွင် ယူနန်နယ်စပ်ကို မြန်မာတို့က သွားရောက်တိုက်ခိုက်သောကြောင့် ဒုတိယအကြိမ် တရုတ်တို့က မြန်မာသို့ စစ်ချီလာရာ ဗန်းမော်မြို့အနီး ကောင်းစင်အရပ်တွင် တိုက်ခိုက်ခဲ့ပြီး မြန်မာတပ်ပျက်ကာ တရုတ်တို့သည် ဧရာဝတီမြစ်ဝှမ်းတစ်လျှောက်တွင် တပ်စွဲခဲ့သဖြင့် နရသီဟပတေ့မင်းသည် တရုတ်တို့ကို ခုခံရန်ကြံစည်သော်လည်း အကြောင်းမထူးသဖြင့် သားတော်ကြီးရှိရာ ပုသိမ်သို့ ရေကြောင်းခရီးဖြင့် သွားရောက်ခဲ့ပြီး တရုတ်တို့၏ရန်ကို တိမ်းရှောင်ရသောကြောင့် တရုတ်ပြေးမင်းဟု အမည်တွင်ခဲ့သည်။
ယင်းနောက် နရသီဟပတေ့မင်းက သံတမန်စေလွှတ်၍ ညှိနှိုင်းမှုအရ မွန်ဂိုဘုရင်ကူ ဗလိုင်ခန်၏ တရုတ်တပ်များ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသော်လည်း နရသီဟပတေ့မင်းသည် ပုသိမ်မှ ပုဂံသို့ပြန်လည်သွားရောက်စဉ် ပြည်မြို့တွင် သားတော်သီဟသူ၏လုပ်ကြံမည့်အရေးကိုသိရှိပြီး အဆိပ်ပါသော ပွဲတော်ကို စားတော်ခေါ်၍ နတ်ရွာစံခဲ့သည်။
နရသီဟပတေ့မင်း နတ်ရွာစံပြီးနောက် ရခိုင်ပြည်၊ ရှမ်းပြည်၊ ဟံသာဝတီ၊ မုတ္တမစသော မွန်တို့၏ဒေသများ လင်းဇင်း၊ ဇင်းမယ်စသော လက်အောက်ခံပြည်နယ်များက တော်လှန်ပုန်ကန်ကြကာ ပုဂံပြည်ကြီးသည် ၁၂၈၇ ခုနှစ်တွင် ပျက်စီးခဲ့သည်။
ထိုစဉ်အချိန်တွင် မြန်မာနိုင်ငံ၌ တရုတ်တို့မရှိချိန် တိုင်းပြည် ပြန်လည်တည်ထောင်ရန် အခွင့်ကောင်းရခဲ့သော်လည်း ညီညွတ်မှု ပျက်ပြားခြင်းကြောင့် နိုင်ငံပျက်စီးခဲ့ရသည်ကို တွေ့ရသည်။
ပုဂံမြို့ပျက်ခြင်းနှင့်အတူ မင်းမဲ့၍ တိုင်းပြည်မငြိမ်မသက်ချိန်၌ ယူနန်နယ်ရှိ ကူဗလိုင်ခန်၏ မြေးတော် ယေတီးဆူးမားသည် မြန်မာပြည်တွင်းသို့ ပြန်ဝင်ခဲ့၍ ပုဂံမြို့ကို ဖျက်ဆီးမီးရှို့ခဲ့သဖြင့် ပုဂံနေပြည်တော်ကြီး ပျက်စီးခဲ့ပြီး ယင်းနောက် ယေတီးဆူးမားသည် ကျစွာ (ကျော်စွာ) မင်းအား ပုဂံမင်းအဖြစ်တင်ကာ ပြန်လည်ထွက်ခွာသွားခြင်းနှင့်အတူ ပထမမြန်မာနိုင်ငံတော်လည်း ပျက်သုဉ်းခဲ့သည်။
မြို့ပြနိုင်ငံအဆင့်သို့ ပြန်လည်လျောကျ၍ ပြိုကွဲနေသောမြန်မာနိုင်ငံသည် တောင်ငူခေတ် တောင်ငူမင်းဆက်ဖြစ်သည့် တပင်ရွှေထီးလက်ထက်တွင် အစပြု၍ ဒုတိယမြန်မာနိုင်ငံတော် တည်ထောင်ရေး ဆောင်ရွက်ခဲ့ရာ ၁၅၅၀ ခုနှစ်တွင် နန်းတက်လာသည့် ဘုရင့်နောင်မင်းတရားကြီး လက်ထက်တွင် ဒုတိယ မြန်မာနိုင်ငံတော်သည် အင်အားကြီးမားခဲ့ပြီး ဘုရင့်နောင်မင်းတရားကြီး ၁၅၈၁ ခုနှစ် နတ်ရွာစံချိန်အထိ အင်အားကြီးမားခဲ့သည်။ နန္ဒဘုရင်လက်ထက်တွင် ယိုးဒယားကို စစ်ရှုံးခြင်း၊ လက်အောက်ခံနယ်စားများက ပုန်ကန်ခြင်း၊ ရခိုင်ဘုရင်၏ ဝင်ရောက်တိုက်ခိုက်ခံရမှုများကြောင့် ဒုတိယမြန်မာနိုင်ငံတော်သည် ၁၅၉၉ ခုနှစ်တွင် ထပ်မံပြိုကွဲခဲ့သည်။
ကုန်းဘောင်ခေတ် တတိယမြန်မာနိုင်ငံတော်ကို စုရုံးထူထောင်ခဲ့သူမှာ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျဖြစ်ပြီး ၁၇၅၂ ခုနှစ်မှစတင်ကာ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့ကာ အဆိုပါ မင်းဆက်ဖြစ်သည့် ဘကြီးတော် (စစ်ကိုင်းမင်း)လက်ထက် ၁၈၂၄ -၁၈၂၆ ခုနှစ်တွင် ပထမအင်္ဂလိပ်-မြန်မာ စစ်ပွဲဖြစ်ပွားပြီး မြန်မာတို့ စစ်ရှုံးကာ အာသံ၊ မဏိပူရ၊ ရခိုင်နှင့် တနင်္သာရီသည်လည်းကောင်း၊ ပုဂံမင်းလက်ထက် ၁၈၅၂-၁၈၅၃ ခုနှစ်တွင် ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားပြီး မြန်မာတို့စစ်ရှုံးကာ အောက်မြန်မာပြည်ကိုလည်းကောင်း၊ သီပေါမင်းလက်ထက် ၁၈၈၅ ခုနှစ်တွင် တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲဖြစ်ပွားပြီး မြန်မာတို့ စစ်ရှုံးကာ မြန်မာတစ်နိုင်ငံလုံးသည် အင်္ဂလိပ်လက်အောက်သို့ ကျရောက်ခဲ့သည်။
အင်္ဂလိပ်လက်အောက်သို့ ကျရောက်ခဲ့ရသည့် မြန်မာနိုင်ငံသည် ထိုစဉ်က သွေးခွဲအုပ်ချုပ်မှုခံရသဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေးရပြီးသည့်နောက်တွင်လည်း လက်နက်ကိုင်ပဋိပက္ခနှင့် ပြည်တွင်းစစ်မှာ ဆက်လက်ဖြစ်ပွားခဲ့ရာ ယနေ့ထိပင်ဖြစ်သည်။
ထိုသို့ ပြည်တွင်းပဋိပက္ခများဖြင့် ရုန်းကန်နေရပြီး ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲနောက်ပိုင်းတွင် ပိုမိုဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိပက္ခများအနက် မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်အဖွဲ့များက ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် စတင်တိုက်ခိုက်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးတွင် မြောက်ပိုင်း မဟာမိတ်အဖွဲ့များဘက်မှ လူအင်အား လက်နက်အင်အား များပြားစွာအသုံးပြုခဲ့သဖြင့် ယင်းတိုက်ခိုက်မှုတွင် တရုတ်နိုင်ငံသည် နောက်ကွယ်မှ ပါဝင်မှုရှိ၊ မရှိအပေါ် မေးခွန်းထုတ်ပြောဆိုမှုများ ထွက်ပေါ်လာသည်။
တရုတ်နိုင်ငံက ရှမ်းမြောက်တိုက်ပွဲများတွင် နောက်ကွယ်မှ ပါဝင်သည်ဟု ပြောဆိုမှုများနှင့်အတူ လက်ရှိဖြစ်ပွားခဲ့သည့် ရှမ်းမြောက်တိုက်ပွဲအခြေအနေအပေါ် နရသီဟပတေ့မင်းလက်ထက် ဖြစ်စဉ်ဖြစ်ရပ်များနှင့် နှိုင်းယှဉ်ကာ ဝေဖန်ပြောကြားမှုများ ရှိနေသည့်အပြင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်အပေါ် ကန့်ကွက်ဆန္ဒပြမှုအချို့လည်း ရှိနေခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့်မူ မြောက်ပိုင်းမဟာမိတ်အဖွဲ့များအား ထောက်ပံ့မှုမရှိကြောင်း ငြင်းဆိုထားပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) တိုက်ပွဲများတွင် ဘက်အသီးသီးမှ အမြန်ဆုံး အပစ်အခတ်ရပ်စဲရန်နှင့် ဆွေးနွေးမှုများပြုလုပ်ရန်တိုက်တွန်းခဲ့ကာ နစကနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ တွေ့ဆုံဆွေးနွေးမှုကိုလည်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် စီစဉ်ပေးခဲ့ပြီး လက်ရှိတွင် ရှမ်းမြောက်ဒေသ၌ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များအကြား ယာယီအပစ်အခတ်ရပ်စဲထားသည့်အခြေအနေဖြစ်သည်။
■ ၁၀၂၇ စစ်ဆင်ရေးနှင့် ရခိုင်ပြည်နယ်တိုက်ပွဲများက Proxy War လား
လက်ရှိတွင် ကမ္ဘာပေါ်၌ အင်အားကြီး နိုင်ငံကြီးများက ၎င်းတို့၏နိုင်ငံမြေပေါ်တွင် မဟုတ်ဘဲ အခြားနိုင်ငံတစ်ခုတွင် အကြောင်းအမျိုးမျိုးဖြင့် စစ်ရေး၊ စီးပွားရေးအရ ပြိုင်ဆိုင်ကာ Proxy War အဖြစ် ပုံဖော်တတ်ကြသည်ကို တွေ့ရသည်။
Proxy War များကို ဖော်ဆောင်ရာတွင် သက်ဆိုင်ရာနိုင်ငံကြီးများက အဆိုပါနိုင်ငံမှ ရရှိလာမည့်အကျိုးအမြတ်များအပေါ် အခြေခံသည်ကို ကမ္ဘာပေါ်တွင် ဖြစ်ပွားဆဲ၊ ဖြစ်ပွားခဲ့ပြီးဖြစ်သည့် Proxy War များတွင် တွေ့ရှိနိုင်မည်ဖြစ်သည်။
လက်ရှိဖြစ်ပွားနေသည့် အစ္စရေးနှင့် ဟားမတ်စ်အကြားစစ်ပွဲ၊ ယူကရိန်း-ရုရှားစစ်ပွဲ အပါအဝင် လစ်ဗျား၊ ဆီးရီးယားစသည့် အရှေ့အလယ်ပိုင်းဒေသများတွင် ဖြစ်ပွားသည့် စစ်ပွဲများတွင် တစ်ဖက်တစ်ချက်စီတွင် နိုင်ငံကြီးများ ပါဝင်ပတ်သက်နေသည်ကို တွေ့ရမည်ဖြစ်ပြီး ယင်းနိုင်ငံကြီးများအနေဖြင့် အဆိုပါနိုင်ငံများမှ ရေနံစွမ်းအင်အပါအဝင် အခြားပြန်လည်ရရှိမည့်အကျိုးအမြတ် များစွာရှိနေခြင်းကြောင့်ဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှစတင်၍ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)၊ တအာင်းလက်နက်ကိုင်အဖွဲ့(TNLA)၊ ရက္ခိုင့်လက်နက်ကိုင်အဖွဲ့(AA)တို့ အဓိကဦးဆောင်ပြီး အခြားလက်နက်ကိုင်အဖွဲ့များ ပါဝင်သည့် ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် ဖော်ဆောင်ခဲ့သည့် တိုက်ပွဲများ၏အကြောင်းပြချက်မှာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး၊ တရုတ်-မြန်မာနယ်စပ်အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်း လောင်းကစားလိမ်လည်မှုပပျောက်ရေးနှင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)လုပ်ငန်းများ နှိမ်နင်းရေးဖြစ်သည်။
သို့ရာတွင် အဆိုပါစစ်ဆင်ရေး၏ အဓိကဇာတ်ကောင်ဖြစ်သော MNDAA အဖွဲ့၏ရည်ရွယ်ချက်မှာ ကိုးကန့်ဒေသတွင် ၎င်းတို့ပြန်လည်အခြေချလှုပ်ရှားနိုင်ရေးဖြစ်သည်ကို ပစ္စက္ခအခြေအနေအရ အထင်သားတွေ့နိုင်မည်ဖြစ်သည်။
ယင်းစစ်ဆင်ရေးအတွင်း MNDAA အဖွဲ့နှင့်အတူ ၎င်း၏မဟာမိတ်များပါဝင်လာပြီး အင်အားကြီး “၀” လက်နက်ကိုင်အဖွဲ့အနေဖြင့်ပါ သွယ်ဝိုက်၍ဖြစ်စေ၊ တစ်နည်းတစ်ဖုံ ပါဝင်ပတ်သက်နေသည့် အကြောင်းအချင်းအရာများကိုလည်း တွေ့ရမည်ဖြစ်သည်။
စစ်ရေးနှင့် အုပ်ချုပ်ရေးယန္တရားများကို ကိုယ်ပိုင်စနစ်ဖြင့် လည်ပတ်နေသည့် “၀” အဖွဲ့အား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများအပြားက အတုယူသဘောကျလေ့ရှိပြီး ညီနောင်မဟာမိတ်ဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြားတွင်လည်း “၀” အဖွဲ့သည် ခေါင်းဆောင်နေရာတွင် ရယူထားသည့်အဖွဲ့ဖြစ်သည်ဟု လက်နက်ကိုင်အရေး ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
“၀” အဖွဲ့သည် ၎င်း၏ဒေသတွင် ရွေးကောက်ပွဲမရှိဘဲ ဗဟိုဦးစီးစနစ်ဖြင့် လက်နက်ကိုင်အုပ်ချုပ်နေသည့် အဖွဲ့ဖြစ်သည်။
ထိုသို့အခြေအနေတွင် ၎င်း၏ မဟာမိတ် MNDAA အပါအဝင် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲဖော်ဆောင်မှုသည် ဒီမိုကရေစီတော်လှန်ရေးတိုက်ပွဲနှင့် သက်ဆိုင်သည်ဟု မဆိုနိုင်ဘဲ ၎င်းတို့အဖွဲ့တစ်ဖွဲ့ချင်း၏ အကျိုးစီးပွားအရသာဖြစ်သည်ဟု ထောက်ပြမှုများရှိသည်။
NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် “၀” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဦးဆောင်သော ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကောက်မတီ (FPNCC)တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ ပါဝင်သည်။
ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ကို “၀” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်းအရှေ့အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီ (PSC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP)၊ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) တို့ဖြင့် ဖွဲ့စည်းထားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပုဒ်မ ၅၆ တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို သတ်မှတ်ပေးထားသည်။
တအာင်းအဖွဲ့ (TNLA) လှုပ်ရှားနေသည့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၁၄ လူဦးသန်း ခေါင်စာရင်းအရ လူဦးရေ တစ်သိန်း ကျော် (၁၁၀၈၀၅ ဦး) သာရှိသည်။
ကိုးကန့်အဖွဲ့ (MNDAA) လှုပ်ရှားသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၁၄ လူဦးရေသန်းခေါင်စာရင်းအရ လူဦးရေ တစ်သိန်းကျော် (၁၂၃၇၃၃ ဦး) သာရှိသည်။
“၀” အဖွဲ့ (UWSA) လှုပ်ရှားနေသည့် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွင် ၂၀၁၄ လူဦးသန်းခေါင်စာရင်းအရ လူဦးရေ လေးသိန်းခွဲကျော် (၄၆၂၉ ၁၅ ဦး) ရှိသည်။
မိုင်းလားအဖွဲ့ (NDAA) လှုပ်ရှားနေသည့် အထူးဒေသ (၄) တွင် ၂၀၁၄ လူဦးသန်းခေါင်စာရင်းအရ လူဦးရေတစ်သိန်းကျော် (၁၁၆၈၈၇ ဦး) သာရှိသည်။
ရှမ်းအဖွဲ့ (SSPP) လှုပ်ရှားနေသည့် အထူးဒေသ (၃) တွင် ၂၀၁၄ လူဦးရေသန်း ခေါင်စာရင်းအရ လူဦးရေတစ်သန်းကျော် (၁၀၃၉၆၉၃ ဦး)သာရှိသည်။
ကချင်အဖွဲ့ (KIA) လှုပ်ရှားနေသည့် ကချင်ပြည်နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ တစ်သန်းခွဲကျော် (၁၆၈၉၄၄၁ ဦး) သာရှိသည်။
ရခိုင်အဖွဲ့ (KIA) လှုပ်ရှားနေသည့် ရခိုင်ပြည်နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေသုံးသန်းကျော် (၃၁၈၈၈၀၇ ဦး) သာရှိသည်။
ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဒေသများမှ လူဦးရေကို ကြည့်မည်ဆိုလျှင် ၂၀၁၄ သန်းခေါင် စာရင်းအရ စုစုပေါင်းခြောက်သန်းကျော် (၆၇၃၂၂၈၁ ဦး) သာရှိသည်။
မြန်မာနိုင်ငံတွင် လူဦးရေ ၅၆ သန်းကျော်ရှိသည့်အတွက် ယင်းလက်နက်ကိုင်အဖွဲ့များ၏ ဒေသက လူဦးရေမှာ တစ်နိုင်ငံလုံးလူဦးရေ၏ ၁၀ ရာခိုင်နှုန်းကျော်သာရှိသည်ကို တွေ့နိုင်သည်။ ထို့ကြောင့် ယင်းလက်နက်ကိုင်အဖွဲ့များ၏ တိုက်ပွဲဖော်ဆောင်မှုများသည် ၎င်းတို့လူမျိုးနှင့် ၎င်းတို့၏ ဒေသကိုသာ ကိုယ်စားပြုခြင်းဖြစ်ပြီး နိုင်ငံ၏ ဒီမိုကရေစီအပြောင်းအလဲအတွက် မဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
၎င်းတို့ကိုယ်တိုင်က ၎င်းတို့ဒေသများကို လက်နက်ကိုင်အုပ်ချုပ်နေသည့်အပြင် ၎င်းတို့ ဒေသအတွင်း၌ ရွေးကောက်ပွဲဆိုသည့် စကားလုံးကိုပင် မကြားဖူးသည့်အပြင် ပြုလုပ်ခွင့်လည်း မပေးခဲ့ပေ။ ထို့ကြောင့် ယင်းဒေသများမှ တိုက်ပွဲများသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကို ပြောင်းလဲနိုင်ဖွယ်မရှိသည့်အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြောင့် ယင်းဒေသများတွင် မူးယစ်ဆေးဝါးပြဿနာများ ဆိုးရွားစွာဖြစ်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်မှုများလည်း ရှိလာနေပြီဖြစ်သည်။
လက်ရှိတွင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် မြောက်ပိုင်းသုံးဖွဲ့ ယာယီအပစ်ရပ်ထားသည်ဆိုသော်လည်း ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိသည်။
တရုတ်-မြန်မာ နယ်စပ်ဒေသတွင် လှုပ်ရှားသည့် လက်နက်ကိုင်အဖွဲ့များ၏ သမိုင်းကြောင်းကို ပြန်ကြည့်ပါက တရုတ်နိုင်ငံ၏ သြဇာနှင့် လွှမ်းမိုးမှု အနည်းနှင့်အများ ရှိနေနိုင်သည်ကိုလည်း တွေ့ရမည်ဖြစ်သည်။
“တစ်ဖက်နိုင်ငံအကူအညီမပါဘဲနဲ့ ဒီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ နယ်စပ်ဒေသမှာ နေလို့ကို မရဘူး။ ထိုင်းနယ်စပ်ဆိုလည်း ထိုင်းနယ်စပ်အလျောက်၊ တရုတ်ဆိုရင်လည်း တရုတ်နယ်စပ်အလျောက်။ ဟိုဘက်ကို ကူးလိုက်။ ဒီဘက်ကို ပြန်လာလိုက်။ ဟိုဘက်က အကူအညီပေးလိုက်။ အဲဒီလိုလုပ်နေကြတာပဲ။ အဲဒီတော့ တရုတ်ကို ဘယ်လို မြင်သလဲဆိုတော့ အခုမှ မဟုတ်ပါဘူး။ ဟိုးစပြီးတော့ ဗမာပြည် ကွန်မြူနစ်ပါတီနဲ့ တပ်မတော်နဲ့ တိုက်ကတည်းကကို တရုတ်ရဲ့ အကူအညီ ထင်ထင်ပေါ်ပေါ်လုပ်ခဲ့တယ်။ ဗကပပြိုကွဲတာတောင် ဗဟိုအဖွဲ့တွေကို မွေးစားထောက်ပံ့တဲ့သဘောမျိုးပေးထားတာပဲ။ ဒေါက်တာလှကျော်ဇောတို့ဆို အခုလည်း ရနေတာပဲ။ အခုလည်း ဒီအတိုင်းပါပဲ။ သူတို့ အကူအညီပေးနေလို့ပေါ့။ အဲဒီတော့ မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်ပေါ့။ အဲဒီတော့ ကိုယ်ကောင်းတာကို သူတို့ ဘယ်လိုတုံ့ပြန်မလဲဆိုတာပဲ။ နစကအစိုးရကို သူတို့ ဘယ်လိုတုံ့ပြန်ပြီး ဆက်ဆံမလဲဆိုတာကိုပဲ ကျွန်တော်တို့က စောင့်ကြည့်ရမယ့်အနေအထားဖြစ်ပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဦးကျော်ဇေယျက ပြောကြားသည်။
၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် မြောက်ပိုင်းမဟာမိတ်အဖွဲ့သည် ရှမ်းပြည်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များတွင် မြို့ပေါင်း ၁၈ မြို့ကို သိမ်းပိုက်ခဲ့သည်ဟု ၎င်းတို့၏ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က သုံးလကျော်ကာလအတွင်း မြို့ပေါင်း ၁၈ မြို့ကို သိမ်းနိုင်ခြင်းသည် ယခင်ရောင်စုံသူပုန်များ၏ကာလနောက်ပိုင်း အကြီးမားဆုံး ဖြစ်သည်ဟု ဆိုရပေလိမ့်မည်။
ထိုသို့ မြို့သိမ်းတိုက်ပွဲများ ပြုလုပ်နိုင်ရန် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အနေဖြင့် လူအင်အားအပြင် လက်နက်အင်အား တန်ထောင်ချီကို အသုံးပြုပြီး တိုက်ခိုက်ခဲ့ရခြင်းလည်း ဖြစ်သည်ဟု တိုင်းရင်းသားလက်နက်ကိုင်အရေး လေ့လာသူများက ပြောကြားသည်။
တရုတ်-မြန်မာနယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်များအနက် “၀” နှင့် KIA နယ်မြေတို့တွင် လက်နက်စက်ရုံများရှိသည်ဟု ပြောဆိုမှုများရှိပြီး ၎င်းစက်ရုံများကို တရုတ်က နည်းပညာအထောက်အပံ့မပေးပါက ထုတ်နိုင်မည်မဟုတ်ဟုလည်း စစ်ရေးလေ့လာသူများက သုံးသပ်မှုများရှိသည်။
ရှမ်းမြောက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် ကျားဖျန့်ကို အကြောင်းပြု၍ ဆန့်ကျင်ဘက် လက်နက်ကိုင်အဖွဲ့များက မြို့သိမ်းတိုက်ပွဲများအဖြစ် လူသူလက်နက်အများအပြားအသုံးပြုကာ စနစ်တကျစီစဉ်ဆောင်ရွက်ခဲ့သည့် မစ်ရှင်တစ်ခုဖြစ်ခဲ့ပြီး အာဏာရှင်တော်လှန်ရေးအကြောင်းပြကာ နယ်မြေကျူးကျော်မှုစစ်ပွဲမျိုးဖြင့် အကွက်ချလုပ်ဆောင်ခဲ့သည်ဟု သုံးသပ်မှုများရှိနေသည်။
ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် ၂၀၁၄ ခုနှစ်က ဖေဖော်ဝါ ၂၀ ရက်မှ မတ် ၂၁ ရက်အထိ ယူကရိန်းနယ်စပ် ခရိုင်းမီးယားကို ရုရှားနိုင်ငံက သိမ်းပိုက်ခဲ့သည့်ပုံစံမျိုးဖြင့် ဆင်တူနေကြောင်း မြန်မာ့အရေးလေ့လာသူအချို့က သုံးသပ်မှုများ ရှိနေသည်။
■ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဘဏ္ဍာရေးနှင့် စစ်အသုံးစရိတ်
မြောက်ပိုင်းလက်နက်အဖွဲ့များသည် တရုတ်-မြန်မာနယ်စပ်တွင် အခြေစိုက်ပြီး ၎င်းတို့သည် တရုတ်နိုင်ငံ၏ လက်ဝေခံများအဖြစ် အများက ရှုမြင်ခံထားကြရသည်။
၂၀၂၁ ခုနှစ် နိုင်ငံရေးပဋိပက္ခ နောက်ပိုင်းတွင် ပေါ်ထွက်လာသည့် နစကအား ဆန့်ကျင်သော လက်နက်ကိုင်အဖွဲ့အများပင် ၎င်းတို့ လက်နက်ဝယ်ယူရန် ငွေကြေးမရှိသဖြင့် ငွေကြေးအလှူခံသည့် လှုပ်ရှားမှုများစွာ လူမှုကွန်ရက်စာမျက်နှာများတွင် လှုပ်ရှားရနေချိန်တွင် မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့များသည် စစ်လက်နက်ပစ္စည်းများ ဖောဖောသီသီ အသုံးပြုနိုင်ခြင်းအပေါ် မေးခွန်းထုတ်ခဲ့ကြခြင်းဖြစ်သည်။
လက်ရှိတွင် မြို့သိမ်းတိုက်ပွဲများကို “၀” အဖွဲ့ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်များသာလျှင် ကျယ်ကျယ်ပြန့်ပြန် ပြုလုပ်နိုင်ခြင်းခဲ့ခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်နောက်ပိုင်းပေါ်ပေါက်လာသည့် NUG အနေဖြင့် PDF များကို ထောက်ပံ့ပြီး လက်နက်တပ်ဆင်ပေးထားသော်လည်း အတိုက်အခံအင်အားကြီး စစ်တပ်တစ်ခုကဲ့သို့ အားကောင်းလာသည်ကို မတွေ့ရပေ။ လက်ရှိတွင်လည်း NUG လက်အောက်ခံ PDF များက သိမ်းယူထားနိုင်သည့် မြို့မှာ ကောလင်းမြို့တစ်မြို့သာ ရှိသေးသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ခရိုင်အဆင့်မြို့ဖြစ်သည့် ကောလင်းမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း NUG က ထုတ်ပြန်ထားသည်။
ကောလင်းမြို့ကို သိမ်းပိုက်ပြီးနောက်ပိုင်းတွင် NUG လက်အောက်ခံ PDF များအနေဖြင့် မည်သည့်မြို့ကိုမျှ ဆက်လက်သိမ်းယူနိုင်ခြင်း မရှိသည်ကို တွေ့ရသည်။
ထိုအခြေအနေတွင် ကောလင်းမြို့ကို တပ်မတော်က ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း နစကက ထုတ်ပြန်ထားသည်။
NUG လက်အောက်ခံ PDF များမှာ နောက်ကွယ်မှ ပံ့ပိုးပေးသည့် အင်အားကြီး နိုင်ငံမရှိခြင်းနှင့် လူအများထံအလှူခံ၍သာ တိုက်ပွဲများဖော်ဆောင်နေရသဖြင့် တပ်မတော်ကို အဓိကယှဉ်ပြိုင်တိုက်ခိုက်နိုင်သည့် အခြေအနေမျိုးတွင် ရှိမနေသေးသည်ကို တွေ့ရသည်။
သို့သော် ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အနေဖြင့် မြို့သိမ်းတိုက်ပွဲများ လုပ်ဆောင်ရာတွင် နောက်ကွယ်မှရရှိသည့် လူသူလက်နက်များနှင့် စစ်ရေးအထောက်အပံ့များနှင့်ပတ်သက်၍ မေးခွန်းထုတ်ခံရသည်။
ရှမ်းမြောက်တိုက်ပွဲတွင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ၏ အင်အားမှာ ၃၀၀၀၀ ခန့်ရှိသည်ဟု ရှမ်းမြောက်အရေးလေ့လာသူအချို့က ဆိုသည်။
ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တပ်မတော်လုံခြုံရေးစခန်းများ တိုက်ခိုက်ခံရမှုတွင် TNLA၊ KIA၊ AA အဖွဲ့တို့အပြင် စုစည်းထားသည့်အခြားတပ်ဖွဲ့များမှ ကိုးကန့်များ၊ ပြည်ပ Drone ပညာရှင်များ စုစုပေါင်းအင်အား ၆၅၀၀ ခန့် ပါဝင်ပြီး Drop Bomb အလုံး ၂၅၀၀၀ ခန့်၊ ၁၀၇ မီလီမီတာ ရှော့တိုက်ဒုံး အလုံး ၁၂၀ ခန့်ဖြင့် အသုံးပြုတိုက်ခိုက်ခံရကြောင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၉ ရက်ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးတွင် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
မည်သို့ပင်ဆိုစေ ယခုတိုက်ပွဲများမှတစ်ဆင့် ပိုမိုကြီးထွားလာမည့် လက်နက်ကိုင်အဖွဲ့များ၏ ရှေ့ဆက်လိုအပ်လာမည့် ဘဏ္ဍာရေးအသုံးစရိတ်နှင့် စစ်စရိတ်တို့ကို မည်သည့်နည်းဖြင့် ရနိုင်မည်နည်းဆိုသည့်အချက်ကို စောင့်ကြည့်ရန်လိုလာမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစု၏ စစ်စရိတ်နှင့် ဘဏ္ဍာရေးလည်ပတ်မှုမှာ ၎င်းတို့က မည်မျှပင်ငြင်းဆိုထားစေကာမူ ဘိန်းနှင့် မူးယစ်ဆေးဝါးမှ အဓိကရရှိကြလိမ့်မည်ဟု သုံးသပ်နေကြသည်။
“တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက တရုတ်-မြန်မာနယ်စပ်တစ်လျှောက်မှာ ပေါ်ပေါက်လာတဲ့အချိန်မှာ သူတို့ရဲ့ အဓိကစီးပွားရေးသည် မူးယစ်ဆေးဝါး ထုတ်လုပ်တာဖြစ်တယ်။ အရင်တုန်းက ဘိန်းစိုက်တယ်။ ရွှေတြိဂံနယ်မြေဆိုရင် ကမ္ဘာပေါ်မှာဆိုရင် မူးယစ်ဆေးဝါးထုတ်လုပ်မှု ဒုတိယအများဆုံးဖြစ်ခဲ့ဖူးတယ်။ အခုဆိုရင် ပထမနေရာတောင်ဖြစ်တယ်လို့ တချို့က ပြောနေကြတာ တွေ့ရတယ်။ အဓိကအားဖြင့် ဒီနယ်စပ်ဒေသကို နှစ်နိုင်ငံလုံးက အပြည့်အဝထိန်းချုပ်နိုင်တာမရှိဘူး။ အစိုးရ အဆက်ဆက်ကလည်း မူးယစ်ဆေးဝါးနှိမ်နင်းရေးကို ဆောင်ရွက်ခဲ့ပေမဲ့ လုံးဝပြီး ပြည့်စုံနိုင်ခြင်းမရှိတဲ့ အချက်တွေလည်းပါတယ်။ နောက်တစ်ခုက ဒီဒေသမှာနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့က သူတို့ရှင်သန်ရပ်တည်နိုင်ရေး၊ နောက်ပြီးတော့ သူတို့ရဲ့ လက်နက်ခဲယမ်းတွေ ဝယ်ဖို့အတွက်၊ သူတို့ရဲ့ အဖွဲ့ဝင်တွေကို ထောက်ပံ့ဖို့အတွက် ဒီမူးယစ်ဆေးဝါး ထုတ်လုပ်မှုအပေါ်မှာပဲ မှီခိုနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ချုပ်ပြောရရင်တော့ တိုင်းရင်းသား လက်နက်ကိုင်တွေအကုန်လုံးက ဒီမူးယစ်ဆေးဝါး ထုတ်လုပ်မှုအပေါ်မှာပဲ ရပ်တည်နေတာကို တွေ့ရတယ်။ အဓိက မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့နေရာမှာ ခေတ်စနစ်တွေ တိုးတက်လာတော့ နည်းပညာတွေကလည်းမြင့်လာတယ်။ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့နေရာမှာ အသုံးပြုတဲ့ Chemical တွေက ဒီကထုတ်တဲ့ Chemical တွေ မဟုတ်ဘူး။ အိမ်နီးချင်းနိုင်ငံတွေကနေ ဝင်တာဖြစ်နေတယ်” ဟု သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာဒေါက်တာနိုင်ဆွေဦးက ပြောကြားသည်။
လတ်တလောတွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းက ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ကျပ် ၅၁ ဒသမ ၈၇ ဘီလျံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) နှစ်တန်ကျော်၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ကီလို ၈၀၀ နှင့် မူးယစ်မှောင်ခိုဂိုဏ်းအား ဖမ်းဆီးရမိခဲ့ကြောင်း နစကက ထုတ်ပြန်ခဲ့သည်။
အဆိုပါမူးယစ်မှောင်ခိုဂိုဏ်းတွင် ဖမ်းဆီးရမိသူများ၌ ရခိုင်လက်နက်ကိုင်အဖွဲ့(AA) အဖွဲ့ဝင်များပါဝင်ကြောင်း အမည်စာရင်းနှင့်တကွ နစကကထုတ်ပြန်ခဲ့သည်။
နစက၏ ထုတ်ပြန်ချက်အပေါ် AA အဖွဲ့က ပြန်လည်ရှင်းလင်းရာတွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ဖြစ်စဉ်တွင်ပါဝင်သည့် အဖွဲ့ဝင်များကို ၎င်းတို့မသိကြောင်း၊ ၎င်းတို့ အဖွဲ့ဝင်များမဟုတ်ကြောင်း ငြင်းဆိုထားခြင်း မျိုးမဟုတ်ဘဲ ၎င်းတို့အဖွဲ့အား နစကအနေဖြင့် မူးယစ်ဆေးဝါးအပါအဝင် အခြားဂုဏ်သိက္ခာ ကျဆင်းစေမည့်စွပ်စွဲချက်ဖြင့် ၀ါဒဖြန့်နေသည်ဟု တုံ့ပြန်ခဲ့သည်။
ဘိန်းနှင့် မူးယစ်ဆေးဝါးတွင် ဘိန်းကို မြန်မာနိုင်ငံရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် အဓိကစိုက်ပျိုးပြီး ကျန်ဒေသအချို့တွင်လည်း စိုက်ပျိုးမှုအချို့ရှိကာ ဓာတုဗေဒမှ ချက်လုပ်သည့် မူးယစ်ဆေးဝါးဖြစ်သည့် စိတ်ပြောင်းဆေးဝါးများမှာ ရှမ်းပြည်နယ်မှ ထွက်ပေါ်လာပြီး မြန်မာနိုင်ငံအနှံ့အပြားအပြင် အခြားပြည်ပနိုင်ငံများသို့လည်း ပို့ဆောင်မှုများရှိနေသည်။
မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးသူများအနေဖြင့် ကမ္ဘာ့နိုင်ငံများသို့ မူးယစ်ဆေးဝါးတင်ပို့ရာတွင် အဓိကအားဖြင့် အသုံးပြုသည့် လမ်းကြောင်းမှာသုံးနေရာရှိပြီး ရခိုင်ပြည်နယ်နှင့်ထိစပ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတစ်ဆင့် တင်ပို့သည့် လမ်းကြောင်း၊ ရခိုင်လူမျိုးအများအပြားရှိသည့် မလေးရှားနိုင်ငံသို့ ပင်လယ်ရေကြောင်းမှတစ်ဆင့် တင်ပို့သည့်လမ်းကြောင်း၊ UWSA နှင့်ထိစပ်နေပြီး နယ်စပ်လက်နက်ကိုင်အဖွဲ့များ အင်အားကြီးမားသည့် ထိုင်းနိုင်ငံမှတစ်ဆင့်လည်းကောင်း တင်ပို့လျက်ရှိသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏အင်အားသည် ငါးသိန်းနှင့် ခြောက်သိန်းကြားရှိနေနိုင်သည်ဟု ခန့်မှန်းကြသည်။ အစိုးရတပ်မတော်၏အမြဲတမ်းအင်အားသည် နှစ်သိန်းနှင့် သုံးသိန်းကြားသာရှိသည်ဟု ခန့်မှန်းကြသည်။
အတိအကျသိရှိရန် ခက်ခဲသော်လည်း အကဲဖြတ်များ၏ သုံးသပ်ချက်အရ တပ်မတော်အနေဖြင့် တစ်နှစ်လျှင် ဘတ်ဂျက် သုံးဘီလျံခန့် အသုံးပြုချိန်တွင် အတိုက်အခံလက်နက်ကိုင်အဖွဲ့အနေဖြင့် တစ်နှစ်လျှင် အသုံးစရိတ် တစ်ဘီလျံခန့်ရှိကြောင်း ခန့်မှန်းမှုများလည်း ရှိနေသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစု မြန်မာနိုင်ငံတွင် လုပ်ကိုင်ဆောင်ရွက်ခဲ့မှု သမိုင်းကြောင်းများကို ကြည့်ပါက ဘိန်းနှင့် မူးယစ်ဆေးဝါးများ စီးဆင်းသည့် ငွေကြေးများဖြင့် မကင်းသည်ကို တွေ့နိုင်မည်ဖြစ်ပြီး အဆိုပါငွေကြေးများဖြင့် အင်အားများကြီးထွားလာသည့် အဖွဲ့များရှိသည်ကို တွေ့ရမည်ဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် အင်အားအကြီးဆုံးဟု ဆိုနိုင်သည့် “၀” လက်နက်ကိုင်အဖွဲ့သည် ဘိန်းစိုက်ပျိုးမှု၊ မူးယစ်ဆေးဝါးတို့နှင့်ပတ်သက်၍ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့ပြီး ထိုသို့စွပ်စွဲမှုများအပေါ် ပြန်လင်းရှင်းလင်းရန် “၀” အဖွဲ့အနေဖြင့် ၎င်းတို့ ထိန်းချုပ်ထားသည့် ဒေသအတွင်း၌ ဘိန်း၊ မူးယစ်ဆေးဝါးတို့နှင့်ပတ်သက်၍ ဝင်ရောက်စစ်ဆေးခွင့်မျိုး မည်သည့်အဖွဲ့ကိုမျှ ခွင့်မပြုထားပေ။