ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အမှတ်တရ အထူးဆောင်းပါး
''နားလည်သင့်သည့် ဒီမိုကရေစီ''
ယနေ့ကာလ မြန်မာ့လူအဖွဲ့အစည်းအတွင်း၌ ဒီမိုကရေစီဟူသော စကားလုံးသည်ဝေါဟာရသည် လူအများရင်းနှီးကျွမ်းဝင်မှုရှိသော ဝေါဟာရတစ်ရပ်ဖြစ်လာနေခဲ့ပြီ။ ဒီမိုကရေစီ (Democracy ) စကားလုံးသည် ရှေးဟောင်းဂရိစကားလုံး ဒီမို (demos) နှင့် ခရေတိုစ် (kratos ) စကားလုံးတို့မှ ဆင်းသက်လခြင်းဖြစ် သည် ဟု မှတ်သားရသည်။ ဒီမိုဟူသည် ပြည်သူလူထု၊ တိုင်းသူပြည်သား နိုင်ငံသားများကို ဆိုလိုပြီး ခရေတိုစ်သည် အုပ်ချုပ်မှု (အာဏာ/ အာဏာပိုင်စိုးမှု) ဟု ရည်ညွှန်းသည်။ ထို့ကြောင့် ဒီမိုကရေစီကို နိုင်ငံသူနိုင်ငံသားပြည်သူများ စုပေါင်းပါဝင်၊ အာဏာပိုင်စိုးသောစနစ်ဟု သဘောပေါက်ကြသည်။
ဒီမိုကရေစီ (Democracy) သဘောတရားသည် ခေတ်သစ်နိုင်ငံရေးအတွေးအခေါ် အယူအဆများအနက် တန်ဖိုးအထားခံရဆုံးဖြစ်ပြီး ဆွေးနွေးငြင်းခုံစရာများ အဆက်မပြတ်ရှိနေသည့် နိုင်ငံရေးသဘောတရားတစ်ရပ်လည်းဖြစ်နေသည်။ သို့သော် ဒီမိုကရေစီ၏ အခြေခံအယူအဆများဖြစ်သည့် လွတ်လပ်ခြင်း၊ တရား မျှတခြင်း၊ ညီမျှခြင်းနှင့် ဒီမိုကရေစီနိုင်ငံရေး၏ အနှစ်အရသာဖြစ်သော ပြည်သူ့ထံမှ ရောက်ရှိလာသည့် အာဏာကို ပြည်သူတို့ထံသို့ ပြန်လည်ဆင်းသက်ခြင်း အယူအဆများကြောင့် ယနေ့တိုင် အများနှစ်သက်လက်ခံနေကြခြင်းဖြစ်သည်။
ဒီမိုကရေစီတွင် လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်၊ လွတ်လပ်စွာ ပါဝင်ခွင့်၊ စည်းရုံးခွင့်၊ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာရွေး ချယ်ပိုင်ခွင့်၊ လွတ်လပ်စွာမဲပေးခွင့် စသဖြင့် လွတ်လပ်စွာလှုပ်ရှားဆောင်ရွက်ပြုမှုတို့ကို ဦးတည်သည့်အရာအားလုံးပါဝင်နေသည်။ နိုင်ငံသားများကြားတွင် တစ်ဦးကို တစ်ဦး နားလည်မှု၊ ယုံကြည်မှု၊ ခွင့်လွှတ်မှုတို့သည် ဒီမိုကရေစီစိတ်ဓာတ် အလေ့အထ တိုးတက်ထွန်းကားရေးအတွက်များစွာအထောက်အကူဖြစ်စေသည်။ တာဝန် ယူမှု၊ တာဝန်သိမှု၊ တာဝန်ခံမှုများ၊ အများစု၏ သဘောထားကိုလိုက်နာရန်နှင့် အနည်းစု၏ သဘောထားကို အလေးထားရန်လိုသည်ကိုလည်း နားလည်သဘောက်ထားရန် လိုအပ်သည်။
''ဒီမိုကရေစီနှင့် ကိုယ်ချင်းစာစိတ်''
ဒီမိုကရေစီဆိုလိုက်သည်နှင့် အလွယ်တကူပင် လွတ်လပ်မှုကို ချက်ချင်းမြင်ကြသည်။ အတွေးအခေါ်ပညာရှင်များ၊ သုတေသီများက ဒီမိုကရေစီကို ရှုထောင့်အမျိုးမျိုးမှ လေ့လာရှာဖွေထားကြသဖြင့် ပေါ်ထွက်လာသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များမှာလည်း ကွဲပြားမှုများရှိ၏။ မည်သို့ ကွဲလွဲစေကာမူ ဒီမိုကရေစီသည် လွတ်လပ်ခြင်းအခြေအမြစ်ပေါ်တွင်မူတည်လျက်ရှိနေပေသည်။ ထိုမှတစ်ဆင့် ဖြန့်ထွက်တွေးရန်လိုသည်မှာ လွတ်လပ်မှုနှင့်အတူ ဘေးပတ်ဝန်းကျင် ထိခိုက်မှုမရှိခြင်း ဟူသည့် အယူအဆကို တစ်ပြိုင်နက် စဉ်းစားရန်လိုခြင်းဖြစ်သည်။ လူတစ်ဦးတစ်ယောက်၊ အဖွဲ့တစ်ဖွဲ့၏ လွတ်လပ်စွာ ပြောဆိုပြုမှုလုပ်ကိုင်ခြင်းသည်အခြားတစ်ဦး၊ အခြားအုပ်စု၊ အခြားလူမျိုးတစ်မျိုးကို ထိခိုက်မှုမဖြစ်စေရသည့် အခြေအနေမျိုးဖြစ်နေရမည်။ ထိုအချက်သည် ဒီမိုကရေစီအယူကျင့်သုံးရာတွင် ကိုယ်ချင်းစာစိတ်နှင့် ယှဉ်တွဲနေရန် လိုအပ်သည်ကိုလည်း ပြဆိုနေသည်။
ကိုယ်ချင်းစာခြင်းသည် မိမိ အလိုနှင့် နှိုင်းယှဉ်စာနာခြင်းဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီသည် ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသော လွတ်လပ်ခြင်းကို ဗဟိုပြု၏။ ဒီမိုကရေစီသည် သူတစ်ပါးကို မထိခိုက်စေသောလွတ်လပ်မှုမျိုး၊ ကိုယ်ချင်းစာစိတ်ဖြင့်ပြုမူသော လွတ်လပ်မှုမျိုးကို ဖြစ်ထွန်းစေခြင်းလည်း ဖြစ်၏။ ဒီမိုကရေစီဝါဒ ကိုင်စွဲလျက် လွတ်လပ်စွာပြုမှုနေသည့် လူတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ဖွဲ့သည် ၎င်း သို့မဟုတ် ၎င်းတို့ကိုယ်တိုင် ခံစားမှုနှင့်တူညီသည့်စိတ်ဖြင့် ဆင်ခြင်တုံတရား လက်ကိုင်ပြုလျက် အခြားသူတစ်ဦးတစ်ယောက်၊ တစ်ဖွဲ့အပေါ် ပြုမူခြင်းဖြစ်သည်။ စိတ်ထင်တိုင်းလွတ်လပ်စွာလှုပ်ရှားပြုမူပြောဆိုဆောင်ရွက်ခြင်းသည် ဒီမိုကရေစီမဟုတ်ပေ။ ဤသို့ဆိုလျှင် ဒီမိုကရေစီဟူသည် ကိုယ်ချင်းစာတတ်သည့်စိတ်သည် အလိုအလျောက် ကိန်းဝပ်လျက်ရှိနေပြီးသားနိုင်ငံရေး အယူ အဆ ဖြစ်ပေသည်။
ဒီမိုကရေစီတွင် ကိုယ်ချင်းစာစိတ်ကိန်းဝပ်နေခြင်းနှင့်စပ်လျဉ်း၍ အမေရိကန် ဒဿနိကပါမောက္ခဖြစ်သူ Elizabeth Anderson ၏ ပြောဆိုချက်များကို စိတ်ဝင်စားဖွယ် တွေ့ရသည်။ ၎င်းက ကိုယ်ချင်းစာမှုသည် ဒီမိုကရက်တစ်ယဉ်ကျေး၏ အဓိကအစိတ်အပိုင်းထဲတွင်ပါဝင်သည်ဟုဆိုထားသည်။ တစ်ခါတစ်ရံတွင် ကိုယ်ချင်း စာတရားသည် စွမ်းအား တစ်ရပ် လည်း ဖြစ် စေသည်။ လူတစ်ဦး တစ်ယောက်ချင်း၏ ပျော်ရွှင်မှု သာမက ကောင်းမွန်သော အရာကို မျှဝေခြင်း သရုပ် ကိုလည်းဖော် ပြသည်ဟု မှတ် ချက်ပြုထား သည်။
ကိုယ်ချင်းစာစိတ်နှင့် လုပ်ကိုင်ခွင့်ယှဉ်တွဲနေခြင်းသည် ဒီမိုကရေစီတွင်ရှိသည်။ အပြန်အလှန် ကိုယ် ချင်း စာနာစိတ်ထားရှိကြသောလူအဖွဲ့အစည်းများတွင် အကျိုးစီးပွားတစ်ရပ်ကို အားလုံး ညီမျှစွာ ခံစားကြသည်ဟု မှတ်ယူနိုင်သည်။ လူ့အဖွဲ့အစည်းတစ်ရပ်သည် ပုံစံအမျိုးမျိုးဖြင့်တည်ရှိနေသည်ဖြစ်ရာ ဒီမိုကရက် တစ်အလေ့အထဖြင့်ရပ်တည်နေခြင်းသည် ကိုယ်ချင်းစာစိတ် ထားရှိသည့်လူ အဖွဲ့အစည်း တစ်ရပ်၏ အကျယ်ပြန့်ဆုံးပုံစံတစ်ရပ်ဖြစ်သည်ဟု Elizabeth Anderson က သုံးသပ်ချက်ပေးထားသည်။
ထို့ကြောင့် လူ့အဖွဲ့အစည်းတစ်ရပ်၌ ဒီမိုကရေစီ အလေ့အထထွန်းကားမှု ရှိ-မရှိအခြေအနေသည် ထိုလူ့အဖွဲ့အစည်းအတွင်းကိုယ်ချင်းစာတရားအားကောင်းမှုပေါ်တွင် များစွာမူတည်လျက်ရှိနေသည်။ လူ့အဖွဲ့အစည်းတစ်ရပ်တွင် လွတ်လပ်ခြင်းသာမက တရားမျှတခြင်း၊ ညီမျှခြင်းတို့နှင့်အတူ ကိုယ်ချင်းစာ တတ်သည့် စိတ်ထားကိုထပ်မံဖြည့်စွက်လက်ကိုင်ထားနိုင်ပါက မြင့်မြတ်သော အဖိုးတန်ဒီမိုကရေစီဝါဒကို ကျင့်သုံးနိုင်ပေလိမ့်မည်။
''ဗိုလ်ချုပ်အောင်ဆန်း၏ ဒီမိုကရေစီ''
မြန်မာ့တစ်မျိုးသားလုံး ယနေ့ထိတိုင် မေ့မရနိုင်သည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ဒီမိုကရေစီအယူအဆနှင့် ပတ်သက်၍ ကောင်းစွာ သဘောပေါက်ခဲ့သူဖြစ်သည်ကို လွတ်လပ်ရေးကြိုးပမ်းမှုကာလတစ်လျှောက်၎င်း၏ ပြောဆိုမိန့်မှာချက်များ၊ အပြုအမူများကို လေ့လာဖတ်ရှုခြင်းဖြင့် သိရှိနိုင်သည်။
၁၉၄၇ ခုနှစ် မေလ ၁၉ ရက်နေ့တွင် ဖဆပလပဏာမပြင်ဆင်မှုညီလာခံတွင် ဒီမိုကရေစီနှင့် ပတ်သက်၍
“… ဒီမိုကရေစီဆိုတာဘာလဲ။ လူလူချင်း၊ လူတန်းစားအချင်းချင်း၊ လူမျိုးအချင်းချင်း အစရှိသည် အားဖြင့် အခွင့်အရေးတန်းတူ ကျပ်ပြည့်တင်းပြည့် မရှိသမျှကာလပတ်လုံး ဒီမိုကရေစီ ကျပ်ပြည့် တင်းပြည့် မဟုတ်သေးဘူး……” ဟူ၍လည်းကောင်း၊
“…တိုင်းသူပြည်သားတွေက အစိုးရကိုအာဏာအပ်လိုက်တုန်းက ကျုပ်တို့အတွက် ကောင်းအောင် လုပ် ပေးပါဆိုပြီး အာဏာအပ်လိုက်တာပဲ။ ဒါပေမဲ့ ကျုပ်တို့ကို ခင်ဗျားတို့အုပ်စိုးတဲ့ လူတွေအတွက် နှိပ်ကွပ်အုပ်ချုပ်ပါဆိုတဲ့ အချက်သာဖြစ်နေတယ်။ လူတွေကတင်မြှောက်ပြီး လူတွေရဲ့ အကျိုးကို လုပ်တဲ့လူတွေရဲ့အစိုးရသာလျှင် ဒီမိုကရေစီဖြစ်နိုင်မယ်။ အခြားဟာတွေ ဒီမိုကရေစီ မဖြစ် နိုင်ဘူး။ အတုတွေသာဖြစ်တယ်…” ဟူ၍လည်းကောင်း မိန့်မှာခဲ့ဖူးသည်။
မြန်မာနိုင်င်ငံတွင် ကျင့်သုံးမည့်ဒီမိုကရေစီဝါဒကို လူထုအနေဖြင့် ရှင်းရှင်းလင်းလင်း သဘောပေါက်စေရန်အတွက် ၁၉၄၅ ခုနှစ်သြဂုတ်လတွင်ပြုလုပ်ခဲ့သည့် နိုင်ငံရေးခေါင်းဆောင်များ ၏ အစည်းအဝေး တစ်ရပ်၌လည်း “…..တကယ့်ဒီမိုကရေစီဆိုတာ နိုင်ငံရေးသဘောတရားတွေအရ ပြည်သူတွေ့ရဲ့ အကျိုးအတွက် ပြည်သူ့ တွေက တင်မြှောက်ထားတဲ့ အစိုးရဖြစ်ရုံနဲ့ မပြီးသေးဘူး။ အဲဒီအစိုးရဟာ ပြည်သူတွေရဲ့ စီးပွားရေးအဆင့်အတန်းကို အခွင့်အရေးတန်းတူ ရနိုင်တဲ့ အခြေအနေအထိ မြှင့်တင်နိုင်အောင် ဆောင်ရွက်ပေးမှ တကယ့်ဒီမိုကရေစီအထိ တက်လှမ်းနိုင်မယ်…” ဟူ၍လည်းကောင်း ၊
“…..ဒါကြောင့် ကျွန်တော်တို့ဟာ ဒီမိုကရေစီဝါဒကိုသာ ခေတ်စားအောင် လုပ်ရမယ်။ အဲဒီဝါဒမျိုးအရသာ လွတ်လပ်တဲ့ မြန်မာနိုင်ငံကို ထူထောင်နိုင် အောင်ကြိုးစားရမယ်။ဒါမျိုးမလုပ်နိုင်ရင် ကျွန်တော်တို့မြန်မာပြည်သူတွေဟာလည်းနစ်နာမယ်။ …..။ ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနှင့် ဆီလျော်တယ်။ ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်..” ဟူ၍လည်းကောင်း ဆွေးနွေးမိန့်မှာခဲ့ပြန်သည်။
ထို့ပြင် ၁၆.၆.၁၉၄၇ ရက်နေ့တွင် ဦးအောင်ဆန်းအမည်ဖြင့် တင်သွင်းသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံနှင့် ပတ်သက်သောလမ်းညွှန်ပြဌာန်ချက်ထဲ၌
…. “ဒီမိုကရေစီဝါဒ၊ ဒီမိုကရေစီစနစ်၊ ဒီမိုကရေစီသဘောတရားတွေ ခေတ်စားနေတဲ့ သည်ကမ္ဘာကြီးမှာ ဒီမိုကရေစီ သဘောထား မထားနိုင်တဲ့နယ်ဟာ အနှေးနှင့် အမြန် အဲသည်နယ်မှာရှိတဲ့ လူတွေ နိုးကြားထကြွလာပြီး သည်လိုကမ္ဘာကြီးရဲ့ သဘောတရားတွေနှင့် ဖြစ်ပျက်နေတဲ့ ခေတ်သဘောတရားတွေနှင့် ဆန့်ကျင်င် ဘက်သဘောတရားတွေကို တွန်းလှန်ပစ်ကြမှာပဲဆိုတာ ကျွန်တော် နိမိတ်ဖတ်ထားချင်တယ်….” ဟူ၍လည်း ထည့်သွင်းရေးသားခဲ့လေသည်။
“ဗိုလ်ချုပ်အောင်ဆန်း၊ ကိုယ်ချင်းစာစိတ်၊ လွတ်လပ်မှု“
ဗိုလ်ချုပ်တွင် ငယ်ရွယ်စဉ်အချိန်ကတည်းက ကိုယ်ချင်းစာတတ် သည့်စိတ်ထား ကိန်းအောင်းလျက်ရှိနေသည်ကို ၎င်း၏ကလေးအရွယ်ကကြုံခဲ့သည့် အပျက်လေးတစ်ခုကဖော်ပြနေပေသည်။ စပါးအရောင်းအဝယ်ပြုလုပ်နေသည့် ဗိုလ်ချုပ်(ငယ်ဘဝမောင်ထိန်လင်း) ၏ မိခင်ကြီးဒေါ်စုသည် တစ်နေ့ ၌ တောအရပ်ဒေသမှစပါးဝယ်သူများနှင့် အရောင်းအဝယ် စကားပြောနေရင်း ဈေးဆစ်နေသူကို မိခင်ဖြစ်သူက “ ကိုင်း မင်းတို့ ဒါလောက်တောင် လိုချင်နေမှ ၅ဝစျေးနဲ့ပဲပေး လိုက်မယ်။ ငါဝယ်ထားတုန်း က ၆၀ စျေးတောင်ပေးထားရတယ်” ဟုပြောလိုက်ရာ အနီးတွင် ကစား နေသော မောင်ထိန်လင်းက “ ဟာ အမေကလည်း မဟုတ်တာ ပြောရော့မယ်။ အမေ ၅ဝစျေး နဲ့ဝယ်ထားတာ ကျွန်တော်သိလျက်သားနဲ့ မှန် တာကိုပြောပါဗျာ။ လိမ်တာ မကောင်းပါဘူး” ဟုပြောလိုက်ရာ မိခင်ဖြစ်သူ၏ပေါင်တွင်း ကြော လိမ်ဆွဲခြင်းကို ခံခဲ့ရဖူးသည်ဟု ဖတ်မှတ်ရသည်။
အဆိုပါဖြစ်ရပ်လေးသည် ဗိုလ်ချုပ်၏ ငယ်စဉ်ကတည်းက လိမ်မပြောတတ်သည့်အမူအကျင့်ကို ဖော်ညွှန်းနေသည့်အပြင် တစ်ဖက်သား (ဆင်းရဲနွမ်းပါး သည့်သူများ) အပေါ်ထားရှိသော (တရားမျှတချင်သည့်စိတ်) ကိုယ်ချင်းစာတတ်သည့် နှလုံးသားမှ ပေါ်ထွက်လာသော အရင်းခံစကားသံများအဖြစ် ဖျတ်ခနဲသိလိုက်ရသည်။
ဗိုလ်ချုပ်သည် ငွေကြေးအဆင်ပြေသည့် မြေပိုင်ရှင်မိသားစုက မွေးဖွားလာခဲ့သော်လည်း လူမှန်းသိ တတ်သည့်အရွယ်ကတည်းက ပတ်ဝန်းကျင် တွေ့မြင် နေရ သည့် ဆင်းရဲနွမ်းပါးသည့် ပြည်သူ လူထု ဘဝများကို ကြည့်၍ ထိုဘဝများ လွတ်မြောက် ရေးကို ဆောင်ကြဉ်းပေးလိုသည့်စိတ်ဖြစ်ပေါ်ကာ နိုင်ငံရေး စိတ်ဓာတ်ဖြစ်ပေါ်လာ ခဲ့ရခြင်းဖြစ်သည်ဟုလည်းဆိုနိုင်ပေသည်။
သူမြင်တွေခဲ့ရသော ဆင်းရဲနွမ်းပါးသည့် စာရင်းငှား၊ အလုပ်သမားများကိုကြည့်ရင်း လူတန်းစေ့မနေနိုင်သော ဆင်းရဲလူထုအပေါ် သနားကရုဏာဖြစ်နေခဲ့ပေလိမ့်မည်။ မြန်မာပြည် လူဦးရေတွင်ပါဝင်သည့် ဆင်းရဲသားလူတန်းစားများ၏ ကောင်းကျိုးချမ်းသာနှင့် ဘဝမြှင့်တင်ရေးကို ကြိုးပမ်းပေးလိုစိတ် တဖွဖွပေါ်လာခဲ့ပုံပေါ်သည်။ ထို့ကြောင့် ဗိုလ်ချုပ်ထံတွင် ကလေးဘဝကတည်းက တစ်ပါးသူအပေါ် ကိုယ်ချင်းစာတတ်သည့် စိတ်မှာ အလိုအလျောက်ကိန်းအောင်းတည်ရှိနေခဲ့ပြီးဖြစ် သည်ဟု သုံးသပ်ရပေမည်။
ဗိုလ်ချုပ်သည် ၎င်းဖြတ်သန်းခဲ့ရသည့်ကျောင်းသားခေါင်းဆောင်၊ နိုင်ငံရေးပါတီခေါင်းဆောင်၊ စစ်ရေး ခေါင်း ဆောင် စသဖြင် အမျိုးစုံသော ခေါင်းဆောင်ဘဝများတွင်လည်း လုပ်ဖော်ကိုင်ဖက်များ၊ လက်အောက်ငယ်သား၊ တပည့်များအပေါ် ကိုယ်ချင်းစာနာတတ်သောသူ၊ ခေါင်းဆောင်တစ်ယောက်ဖြစ် သည်ကိုလည်း ၎င်းနှင့်ပတ်သက်သည့် သမိုင်းစာအုပ်များတွင်ဖတ်ရှုရသကဲ့သို့ ၁၉၄၇ ခုနှစ် ဇူလိုင်၁၃ ရက်နေ့ရန်ကုန် မြို့တော်ခန်းမရှေ့၊လူထုနှင့်တွေ့ဆုံ ရာ၌လည်း
“ကိုယ့်နောက်လိုက်လာတဲ့သူတွေကို ထမင်းဝအောင်မကျွေးနိုင်ရင် ဒီခေါင်းဆောင်ဟာ အလကားပဲ။ ကျုပ်တို့ခေါင်းဆောင်နေတဲ့အချိန်မှာ ကျုပ်တို့ရဲ့ ညွှန်ကြား ချက်ကို လိုက်နာဆောင်ရွက်ကြပါ။ ဒါမှမကျေနပ်ရင် ခင်ဗျားတို့သဘောကျသူကို တင်ပြီးလုပ်ခိုင်းပါ။ ကျုပ်ဖယ်ပေးပါမယ်”ဟူ၍ပြောကြားခဲ့သည်ကိုသိရပေသည်။ ထိုမိန့်ခွန်းသည့် ဗိုလ်ချုပ်၏တိုင်းသူပြည်သားများသို့ပြောကြား သည့် နောက်ဆုံး မိန့်မှာချက်ဖြစ်ပေသည်။
နိုင်ငံ၏အဓိကစွမ်းအားစုများဖြစ်သည့် အလုပ်သမားများ၊ လယ်သမားများ အပေါ်ထားရှိသော ဗိုလ်ချုပ်၏ ကိုယ်ချင်းစာစိတ်ကိုလည်း သူ၏ ဟောပြောချက်များ တွင် အထင်သားတွေ့ရသည်။ အလုပ် သမား များနှင့် ပတ်သက်၍ ၁၆-၅-၁၉၄၆ ခုနှစ်၊ ဖဆပလ “ အဖွဲ့ချုပ်၏ဒုတိယမြောက် ဗဟိုဦးစီးအဖွဲ့ အစည်း အဝေးတွင် ပြောကြား သည့်မိန့်ခွန်း၌ “အလုပ်သမားတွေသပိတ်မှောက်ကြရတာက ကြောင်းကျိုးမဆီလျော်တဲ့ တောင်းဆိုချက်ကို ဖန်တီးပြီး တောင်းချင်လို့မဟုတ်ပါဘူး။ သူတို့ စားရေး၊ နေရေး၊ ဖူလုံစေမည့်လုပ်ခတွေ၊ ထောက်ပံ့ကြေးတွေရဖို့အတွက် အကျပ်ကိုင်နိုင်တဲ့ တစ်ခုတည်းသော လက်နက်ကိုပဲ အားကိုးအားထားပြု တာပဲ ဖြစ်တယ်။ ဒါကြောင့် အကြောင်းအကျိုး မဆီလျော်ဘူးဘူးဆိုတဲ့ပြဿနာဟာမရှိပါဘူး” ဟူ၍လည်းကောင်း၊
တောင်သူလယ်သမားများနှင့် ပတ်သက်၍ ၂၅-၂-၁၉၄၇ ရက်နေ့တွင် တောင်သူလယ်သမားညီ လာခံတွင် ပြောကြားသည့်မိန့်ခွန်း၌ လည်း
“လွတ်လပ်ရေးရတဲ့ အခါမှာခင်ဗျားတို့ရဲ့ လွတ်လပ်ရေးပါလာမယ် ။တောင်သူ လယ်သမား လူအများစုရဲ့ အခွင့်အရေးမပါဘဲ လွတ်လပ်ရေးဟာ အဓိပ္ပာယ် မရှိဘူးလို့ယူဆတယ်”ဟူ၍လည်း ကောင်း အလုပ်သမားများနှင့် လယ်သမားများအတွက်ထည့်သွင်း ပြောကြားခဲ့သည်။
ထို့ပြင် လွတ်လပ်ရေးတောင်းဆိုရန်အားထုတ်နေချိန်၌ ဗြိတိသျှတို့က ချန်လှပ်ရန်ကြိုးစားနေသည့် တောင်တန်းဒေသများမှတိုင်းရင်းသားညီအစ်ကို မောင်နှမများအတွက်လည်း ကိုယ်ချင်းစာနာတတ်သော အရင်းခံစိတ်ထားဖြင့် အတူတကွ လွတ်လပ်ရေးရရန်အားထုတ်ခဲ့သည်။ အင်္ဂလိပ်တို့ လွတ်လပ်ရေး ပေးပြီဆိုပါက ပြည်မနည်းတူ တိုင်ရင်းသား ညီအစ်ကို တောင်တန်းဒေသများပါ တစ်ပြိုင်နက်ရရှိရေးအတွက် အပင်ပန်းခံ၍ စည်းလုံးမှုများစွာ ပြုလုပ်ခဲ့သည်။ ထိုစည်းလုံးလှုပ်ရှားရင်း ၂၄-၁၂-၁၉၄၆ ရက်နေ့ လွိုင်ကော်မှအပြန် တောင်ကြီးမြို့၊ ညောင်ရွှေဟော်တွင် စော်ဘွားတချို့နှင့်တွေ့ဆုံစဉ် ဗိုလ်ချုပ်က “ ...ကျွန်တော်တို့ကို ဖိတ်ကြားတဲ့အတွက် ဇန်နဝါရီလ ၂ ရက်နေ့မှာ ဘိလပ်ကို သွားရပါလိမ့်မယ်။ အဲဒီမှာ ရှမ်းပြည်နယ်နဲ့ ဗမာပြည်ပူးပေါင်း ရေးပြောရပါလိမ့်မယ်။ ဒါကြောင့် စော် ဘွားများရဲ့ သဘောတူညီချက်ကို အလိုရှိပါတယ်။ …… ယခုလို ကျွန်တော်အကြံပေးတာကိုမှ သဘောမတူဘဲ အင်္ဂလိပ်လက်အောက်မှနေချင်သေးတယ်။ သူတို့ပြုသမျှပဲ ခံချင်သေးတယ်ဆိုရင်တော့ ခင်ဗျားတို့ ရဲ့သဘောအတိုင်းပဲ” ဟူ၍ ပွင့်ပွင့်လင်း လင်းပြောဆိုခဲ့သည်ကိုလည်း သတိပြုမိနိုင်သည်။ ထိုပြောဆိုချက်သည် ဗိုလ်ချုပ် အောင်ဆန်း၏ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအပေါ်ထားရှိသည့် ကိုယ်ချင်းစာစိတ်သဘောထားကို ကွင်းကွက်ကွက်ကွက်ပေါ်လွင်နေပေသည်။
“ဗိုလ်ချုပ်အောင်ဆန်းနှင့် လွတ်လပ်မှု အပေါ်သဘောထား“
လွတ်လပ်မှုအတွက် ကြိုးစားအားထုတ်နေသာ်လည်း လွတ်လပ်မှုကို ကျဉ်းမြောင်းစွာ ရှုမြင်ထား သူတို့အား သတိပေးသည့်အနေဖြင့် လွတ်လပ်မှုဆိုတိုင်း မိမိတို့ အကျိုးတစ်ခုတည်းကို ကြည့်၍ လွတ်လပ်စွာ ပြုမူ၍မရကြောင်း၊ မိမိလွတ်လပ်မှုကြောင့် သူတစ်ပါးထိခိုက်မဖြစ်စေရန် အလေးထားရန်လိုကြောင်း၊ ကိုယ်ချင်းစာစိတ်ရှိသည့် လွတ်လပ်မှုသည်သာ တည့်တံ့ခိုင်မြဲနိုင်ကြောင်း မကြာခဏ သတိပေးမိန့်မှာခဲ့သည်။
“လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်ဆိုတာဘာလဲ။ လွတ်လပ်ရေးဆိုတာ တစ်ဦးတစ်ယောက် ကောင်းစား ဖို့ဖြစ်စေ၊ တစ်မျိုးလုံးကောင်းစားဖို့ဖြစ်စေ၊ လုပ်တဲ့နေရာမှာ အခြားတစ်ဦးတစ်ယောက်ရဲ့အကျိုးကို မထိခိုက်ဘဲနဲ့၊ အခြားသူတွေရဲ့ အကျိုးကို မထိခိုက်ဘဲနဲ့ လွတ်လွတ်လပ်လပ်နဲ့ ကိုယ့်တိုးတက်မှုအတွက် လုပ်နိုင်တာဟာ လွတ်လပ်ရေးပဲ“
ဗိုလ်ချုပ်၏ ပြုမူပြောဆိုမှုများအားလုံးသည် စာနာစိတ်အခြေခံသည့် ရဲရင့်ပွင့်လင်းသော အသွင်သဏ္ဍာန်ကို ဆောင်နေသကဲ့သို့ ၎င်းမျှော်မှန်းထားသည့် နိုင်ငံရေးစနစ် သည်လည်း လူတိုင်း ကိုယ်ချင်း စာစိတ် ကိန်း အောင်လျက် ကျင့်ကြံလိုက်နာရမည့် တာရှည်ခံ ဒီမိုကရေစနစ်မျိုးဖြစ်သည်။
“သူစိမ်းတို့ ဗိုလ်ချုပ်အောင်ဆန်း၏နှလုံးသားကို ပုံကြမ်းဖော်ခြင်း“
မြန်မာနိုင်ငံသားတို့ ရာသက်ပန်ချစ်ခင်လေးစားကြသည့် ပြည်ထောင်စုဗိသုကာ၊ လွတ်လပ်ရေး ခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတွင် ကြီးကျယ် မြင့်မြတ်သော စိတ်နှလုံး ရှိနေသည်ကို သူ၏နှုတ်ထွက်စကားများစွာကို လေ့လာဖတ်ရှုအကဲခတ်နိုင်သကဲ့သို့ လွတ်လပ်ရေးကြိုးပမ်းမှုကာလတစ်လျှောက် ၎င်းနှင့်ဆက်ဆံခဲ့သည့် မြန်မာနိုင်ငံသားမဟုတ်သောသူများ၏ ဗိုလ်ချုပ်အပေါ် ရှုမြင်ဝေဖန် သုံးသပ်ချက်များဖြင့်လည်း မှန်းဆနိုင်သေးသည်။ မြန်မာနိုင်ငံကို မတရား သိမ်းပိုက်ကာ ကျွန်ပြုခဲ့ သည့်ဗြိတိသျှတို့၏ တပ်မတော် အကြီး အကဲ နှစ်ဦး၏ ဝေဖန်သုံးသပ်ချက်များတွင် ထိုပုဂ္ဂိုလ်များ၏ ဗိုလ်ချုပ်နှင့် ပတ်သက်၍၎င်းတို့စိတ်ထဲတွင်ဖြစ်ပေါ်လာသည့် အံ့သြမှု၊ ချီးကျုးလေးစားမှုတိုကို တွေ့မြင် နေရသည်။
ဗြိတိသျှတို့၏အမှတ်(၁၄) တပ်မတော်မှ ဗိုလ်ချုပ်ကြီး ဆာဝီလျံဆလင်းကိုယ်တိုင် ဗိုလ်ချုပ်ကို လူချင်းတွေ့၍ ဝေဖန်မှုပြုခဲ့သည်။ ဆာဝီလျံဆလင်း၏ ဝေဖန်သုံးသပ်မှုများထဲ၌ ဗိုလ်ချုပ်၏ စိတ်ထားကို ပို၍ထင်ရှားပေါ်လွင်စေခဲ့ သည့်အချက်သည် “အောင်ဆန်းနှင့် ပတ်သက်၍ ကျွန်ုပ်အနေဖြင့် သူ့အား အထူး လေးစား အထင်ကြီး မိသော အရည်အချင်းကားသူ၏ ရိုးသားတည်ကြည်ဖြောင့် မတ်မှုပင်ဖြစ် သည်” ဟူသောအချက်ဖြစ်ပေသည်။
လွတ်လပ်ရေးကြိုးပမ်းမှုကာလအတွင်း ညစာစားပွဲတစ်ခု၌ မဟာမိတ်တပ်ဖွဲ့များ၏ စစ်သေနာပတိချုပ် ဗြိတိသျှတပ်မတော်မှ ဗိုလ်ချုပ်ကြီး လော့ဒ်မောင့် ဘက်တန်ကို ဗိုလ်ချုပ်ပြန်လည်ပြောဆိုခဲ့သည့် “နိုင်ငံရေးဟူသည် အများအကျိုး၊ လောကအကျိုး သယ်ပိုးရသည့် အလုပ်ဖြစ်၍ ထူးမြတ်သောတိဟိတ် ပုဂ္ဂိုလ်များသာ လုပ်ဆောင်နိုင်သော အလုပ်ဖြစ်သည်“ ဟူသောစကားသည်လည်း သူ၏နှလုံးသားတွင်ကိန်းအောင်းနေသော မြင့်မြတ်သောစိတ်ထားကို ဖော်ပြနေ ပေသည်။
မြန်မာပြည်ရောက်ဂျပန်စစ်တပ်များ၏ပထမဦးဆုံးစစ်သေနာပတိ ဗိုလ်ချုပ်အီးဒါး၏ အဓိပတိ ဒေါက်တာဘမော်ကို ထုတ်ဖော်ပြောခဲ့ဖူးသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်သည့်စကားကိုလည်း သတိပြုမိသည်။ “အောင်ဆန်းသည် ငွေလည်း မမက်၊ အာဏာလည်းမမက်၊ တစ်ကိုယ်ကောင်းလည်း မဆန်” ဟူ၍ ဗိုလ်ချုပ် အီးဒါးက ပြောခဲ့သည့် စကားသည် ဗိုလ်ချုပ်တွင်အများနှင့်မတူသည့် ကိုယ်ကျိုး လုံးဝမပါရှိဘဲစွန်လွှတ်အနစ်နာခံမှုနှင့်ကိုယ်ချင်းစာစိတ်ရှိနေသည်ကိုထင်ဟပ်ပေါ်လွင်လျက်ရှိနေသည်။
အလွန်တိုတောင်းလှသော ဘဝသက်တမ်း ၃၃ နှစ်ဝန်းကျင်အချိန်အတွင်း ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံအတွက်၊ တိုင်းသူ ပြည်သားများအတွက်၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအတွက် ပေးဆပ်မှု သန္နိဋ္ဌာန်ချလျက် လုပ်ဆောင်မှုများစွာရှိခဲ့သည်။ လုပ်ဆောင်မှု၊ ပြောဆိုမှုများစွာထဲမှ ဖော်ပြခဲ့သော အခြေအနေအချို့ဖြင့်ပင်ရိုးသား တည်ကြည်မှု၊ စွန့်လွတ်အနစ်အနာခံမှု၊ ကိုယ်ကျိုးမငှဲ့မှုတို့ ကိန်းဝပ်နေသည့် ဗိုလ်ချုပ်အောင်ဆန်း ၏ မြင့်မြတ်သောနှလုံးသားကို ပုံကြမ်းဖော်နိုင်ပေသည်။
“ဗိုလ်ချုပ်ကို မည့်သို့ချစ်ခင်လေးစားကြမည်နည်း “
ငယ်စဉ်က နေ့နံအလိုက်ပေးထားသည့် ငယ်နာမည် ထိန်လင်း၊ ကြီးပြင်းလာချိန် အစ်ကို၏နာမည် အောင်သန်းနှင့် အမည်နှင့် ကာရံလိုက်၍ ပေးထားသည် မောင်အောင်ဆန်း၊ ထို့နောက် တက္ကသိုလ် ကျောင်းသားအောင်ဆန်း၊ သခင်အောင်ဆန်း၊ ဗိုလ်ချုပ်အောင် ဆန်း၊ ဦးအောင်ဆန်း၊ နောင်တစ်ချိန် တွင်အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဖခင်ကြီး၊ ပြည်ထောင်စုဗိသုကာ စသည်ဖြင့် လေးစားရသည့်ဂုဏ်ပုဒ်အမျိုးမျိုးဖြင့် မြန်မာတစ်နိုင်ငံလုံး ချစ်ခင်လေး စားကြည် ညိုခြင်းကို ခံရသောသူ။
အိန္ဒိယခေါင်းဆောင်များ၊ အာရှနိုင်ငံများမှခေါင်းဆောင်များသာမက မြန်မာ့ကို ကျုးကျော် ကိုလိုနီပြုခဲ့သည့် ဗြိတိသျှများနှင့်မြန်မာလူမျိုးတို့အပေါ်ရက်စပ်ကြမ်းကြုတ်ခဲ့သည့် ဂျပန်တို့ကပင် ချီးကျုးလေးစားခဲ့ရသည့် ခေတ်သစ်မြန်မာနိုင်ငံ၏တစ်ဦးတည်းသော အာဇာနည်သူရဲကောင်း။
ဗိုလ်ချုပ်အောင်ဆန်းကို ယနေ့တိုင် မြန်မာနိုင်ငံသားများသာမက ကမ္ဘာကပင် သတိတရရှိနေဆဲ၊ အောင်ဆန်းနှင့် မြန်မာကို တစ်တွဲတည်း သိရှိနေကြဆဲ၊ ချစ်ခင်လေးစားကြည်ညိုနေကြဆဲ၊ ကျေးဇူးတို့ကို အောက်မေ့သတိရနေကြဆဲဖြစ်သည်။ သို့သော် ဗိုလ်ချုပ်၏ အမှာစကားများကို မည်မျှလိုက်နာကျင့်ကြံ နေထိုင်နိုင်ခဲ့ကြပြီလဲ။ ကြီးကျယ်မြင့်မြတ်သော နှလုံးသားပိုင်ရှင်ခေါင်းဆောင်ကို မည်သို့ချစ်ခင်လေးစားကြမည်နည်း။
စည်းကမ်းရှိမှု၊ ဥပဒေလိုက်နာမှုတို့နှင့်အတူ ကျွန်ုပ်တို့တစ်ဦးတစ်ယောက်ချင်းစီတွင် ကိုယ်ချင်းစာတတ်သည့်နှလုံး သားများရှိလာစေရန်အားထုတ်မွေးမြူကြရ မည်။ သို့မှသာ ဗိုလ်ချုပ်အပေါ် အမှန်တကယ် ချင်ခင်လေးစားရာရောက်မည်ဖြစ်ပေသတည်း။
ကိုးကား
(၁) ကိုကိုလှိုင် “နိုင်ငံရေး၊ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲ“ ပထမကြိမ်၊ ၂၀၁၀။
(၂)မြတ်မော် “ဗိုလ်ချုပ်အောင်ဆန်း၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအတွေးအခေါ်များ“ ပထမအကြိမ်၊ ၁၉၇၀။
(၃)တက္ကသိုလ်နေဝင်း “ အောင်ဆန်းဦးတို့အဖေ” ပထမအကြိမ်၊ ၁၉၆၇။
(၄) တက္ကသိုလ်နေဝင်း “ပြည်ထောင်စုဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း” ၁၉၉၇။
(၅) ဦးအောင်သန်း “အောင်သန်း၏ အောင်ဆန်း” စတုတ္ထအကြိမ်၊ ၂၀၁၁။
(၆)Nora Elise Hesby Department of Teacher Education and School Research, University of
Oslo , “Students’ Understanding of the Concept of Democracy and Implication for Reacher
Education in Social Studies Vol.10, Nr.2 ( ခုနှစ်မပါ)