■ ချယ်လ်ဆီးနှင့်ပွဲတွင် ဒါဝင်နူးနက်ဇ် ဂိုးမသွင်းနိုင်ခဲ့ခြင်းမှာ ကံမကောင်းခြင်းကြောင့်ဖြစ်သည်ဟု ကလော့ပ် ပြောကြား

■ ချယ်လ်ဆီးနှင့်ပွဲတွင် ဒါဝင်နူးနက်ဇ် ဂိုးမသွင်းနိုင်ခဲ့ခြင်းမှာ ကံမကောင်းခြင်းကြောင့်ဖြစ်သည်ဟု ကလော့ပ် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 2 February 2024

လီဗာပူးလ်နည်းပြ ကလော့ပ်က အသင်းတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်အနေဖြင့် ချယ်လ်ဆီးအား ဂိုးပြတ်အနိုင်ရသည့်ပွဲတွင် ဂိုးမသွင်းနိုင်ခဲ့ခြင်းမှာ ကံမကောင်းခြင်းကြောင့်သာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

    

လီဗာပူးလ်အသင်းတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်သည် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ပွဲစဉ်တစ်ခုတည်းတွင် ဂိုးတိုင် (၄) ကြိမ်ထိသည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ (၃၁) ရက် ညပိုင်းက ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လီဗာပူးလ်အသင်းက ချယ်လ်ဆီးအသင်းကို အိမ်ကွင်း၌ (၄-၁) ဂိုးဖြင့် အနိုင်ရပြီး ဒါဝင်နူးနက်ဇ်မှာ တစ်ဂိုးမျှ သွင်းယူနိုင်ခြင်းမရှိဘဲ မှတ်တမ်းဆိုး ပိုင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ 

ဒါဝင်နူးနက်ဇ်သည် ပထမပိုင်းမပြီးမီ နာကျင်အချိန်ပို (၄၅+၂) မိနစ်တွင်ရရှိသည့် ပယ်နယ်တီကန်သွင်းမှုအပါအဝင် ဂိုးတိုင်နှင့် ဘားတန်းကို (၄) ကြိမ် ထိခဲ့ခြင်းဖြစ်ပြီး Opta က စစ်တမ်းစတင်ကောက်ယူသည့် ၂၀၀၃-၂၀၀၄ ရာသီမှစတင်ကာ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲတွင် ဂိုးတိုင် (၄)ကြိမ်ထိသည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ 

ထို့ပြင် ၎င်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဂိုးတိုင်ထိသည့်အကြိမ် စုစုပေါင်း (၇)ကြိမ်အထိရှိပြီဖြစ်ပြီး အခြားကစားသမား မည်သူမဆိုထက် (၂)ကြိမ်ပိုများကြောင်း သိရသည်။

    

ဒါဝင်နူးနက်ဇ်၏လွဲချော်မှုနှင့်ပတ်သက်၍ လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က "ကျွန်တော်တို့ အချက်အလက်တွေ စတင်ရေတွက်ချိန်ကစပြီး ပွဲစဉ်တစ်ခုတည်းမှာ ဂိုးတိုင် (၄)ကြိမ်ထိတယ်ဆိုတာ ပထမဆုံးပါပဲ။ သူက ပယ်နယ်တီလွဲချော်ခဲ့သလို တခြားလွဲချော်မှုတွေလည်း ရှိခဲ့တယ်။ ပယ်နယ်တီလွဲချော်ခဲ့လို့ သူကိုယ်တိုင်လည်း တကယ်ကို စိတ်ပျက်နေတယ်။ ဒါက သူ့အတွက် တကယ်ခက်ခဲပါတယ်။ သူ့ကိုယ်သူလည်း စိတ်ပျက်နေတာကို ပထမပိုင်းပြီးချိန်မှာ ခင်ဗျား တွေ့လိုက်မှာပါ။ ဒုတိယပိုင်းမှာ ခေါင်းတိုက်ချက်တစ်ကြိမ်လည်း လွဲချော်ခဲ့တယ်။ ဒါပေမဲ့ အဲဒီနောက်မှာတော့ ဂိုးဖန်တီးမှုတစ်ကြိမ် သူ လုပ်နိုင်ခဲ့တယ်။ သူ ဖန်တီးပေးခဲ့တာတွေက အများကြီးပါပဲ။ ကျွန်တော်တို့ (၄)ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး သူ ဂိုးမသွင်းတာကို ဘယ်သူက ဂရုစိုက်နေမှာလဲ။ သူ ဂိုးတွေ သွင်းလာနိုင်မှာပါ။ သွင်းဂိုးတွေ ရလာပါလိမ့်မယ်။ သူ့ရဲ့ပုံစံက ကောင်းမွန်နေပြီး ကံနည်းနည်းမကောင်းသေးတာပါ။ အဲဒါတွေ အားလုံးက အဆင်ပြေသွားမှာပါ"ဟု ပြောကြားခဲ့သည်။