နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများအရ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို ၆ လ တိုးမြှင့် သတ်မှတ်လိုက်သည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးက ဆုံဖြတ်လိုက်ကြောင်း သိရသည်။
ဇန်နဝါရီ ၃၁ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ကျင်းပခဲ့ပြီး အစည်းအဝေးသို့ ယာယာသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထပ်မံသက်တမ်းတိုးထားသည့် ၆ လတာ ကာလအတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်ခဲ့မှု အခြေအနေများ၊ အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရှိ နယ်မြေများတွင် အကြမ်းဖက်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့မှု အခြေအနေများ၊ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေများတွင် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်ခြင်းနှင့် အွန်လိုင်းလိမ်လည်မှုများ ဆောင်ရွက်မှုများရှိခြင်းကြောင့် နှိမ်နှင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေးကဏ္ဍ မြှင့်တင်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နိုင်ငံအား တည်ငြိမ်အေးချမ်သည့် ပုံမှန်အနေအထား သာမန်အနေအထားသို့ ရောက်အောင် ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ သာမန်အခြေအနေ မဟုတ်ခြင်းကြောင့် လိုအပ်ချက်နှင့် လုပ်ဆောင်ရမည့် အချက်များကို အရှိန်မဟုန်မပျက် ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံပြီး ၆ လ သက်တမ်းတိုးမြှင့်ပေးနိုင်ပါရန် အခြေအနေများနှင့်ပတ်သက်ပြီး တင်ပြခဲ့ကြောင်း သိရသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်အပေါ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများက ဝိုင်းဝန်းသုံးသပ် ဆွေးနွေးခဲ့ကြပြီး ထပ်မံ၍ ၆ လ သက်တမ်းတိုးမြှင့်ရန်အတွက် ထောက်ခံဆွေးနွေးတင်ပြကြကြောင်း သိရသည်။
ယင်းနောက်တွင် ယာယီသမ္မတ ဦးမြင့်ဆွေက လက်ရှိ နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများအရ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရန်နှင့် သာမန်မဟုတ်သည့် အခြေအနေ ဖြစ်သည့်အတွက် တာဝန်ထမ်းဆောင်မှုကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အဖွဲ့ဝင်များ အားလုံး၏ သဘောတူ ဆွေးနွေးဆုံးဖြတ်ချက်များအရ နိုင်ငံတစ်ဝှမ်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်းကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ အသိပေးကြေညာအပ်ပါကြောင်း ပြောကြားခဲ့သည်။















