ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ဦးသာဌေး၊  ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ဒေါက်တာသီတာဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦးနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ် ဦးသန်းစိုး၊ ဖွဲ့စည်းပုံခြေခံဥပဒေခုံရုံးဥက္ကဋ္ဌအဖြစ် ဦးအောင်ဇော်သိန်းတို့အား အမည်စာရင်းတင်သွင်း

ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ဦးသာဌေး၊  ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ဒေါက်တာသီတာဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦးနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ် ဦးသန်းစိုး၊ ဖွဲ့စည်းပုံခြေခံဥပဒေခုံရုံးဥက္ကဋ္ဌအဖြစ် ဦးအောင်ဇော်သိန်းတို့အား အမည်စာရင်းတင်သွင်း
Published 6 April 2026

ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ဦးသာဌေး၊ ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ဒေါက်တာသီတာဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦးနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ် ဦးသန်းစိုး၊ ဖွဲ့စည်းပုံခြေခံဥပဒေခုံရုံးဥက္ကဋ္ဌအဖြစ် ဦးအောင်ဇော်သိန်းတို့အား အမည်စာရင်းတင်သွင်းခဲ့သည်။

ယနေ့(ဧပြီ ၆ ရက်)တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက ပြည်ထောင်စုလွှတ်တော်နာယကထံ ပေးပို့ထားသည့် ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌတို့၏ ခန့်အပ်တာဝန်ပေးမည့် အမည်စာရင်းများကို လွှတ်တော်သို့တင်ပြခဲ့သည်။

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးချုပ် ဦးသာဌေးအပါအဝင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးကိုးဦးခန့်အပ်ရန် အမည်စာရင်း ပေးပို့အဆိုပြုထားခြင်းဖြစ်သည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးချုပ် ဦးသာဌေးသည် လက်ရှိပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးချုပ် တာဝန်ထမ်းဆောင်ဆဲဖြစ်သည်။

အလားတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ၁၅ ဦးကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုတင်ပြထားရာတွင် ကော်မရှင်ဥက္ကဋ္ဌအဖြစ် လက်ရှိတာဝန်ထမ်းဆောင်ဆဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးအား ပြန်လည်အဆိုပြုထားပြီး ကော်မရှင်အဖွဲ့ဝင်များအဖြစ် ဦးအောင်မိုးမြင့်၊ ဦးအောင်လွင်ဦး၊ ဦးမြင့်ဦး၊ ဦးခင်မောင်ဦး၊ ဦးမြင့်သိန်း၊ ဦးကိုကိုလွင်၊ ဦးသန်းအောင်ကျော်၊ ဦးခင်ဇော်၊ ဦးသန်းထွတ်သိန်း၊ ဦးအောင်မြင့်လွင်၊ ဦးခင်မောင်ကြီး၊ ဦးမျိုးမောင်၊ ဦးကြည်သိန်း၊ ဒေါ်ခင်သင်းဝေတို့ဖြစ်ကြောင်း သိရသည်။

ထိုသို့ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူထံမှ အဆိုပြုတင်ပြထားသည့် ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများနှင့်ပတ်သက်၍လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်ပတ်သက်၍လည်းကောင်း၊ ဆွေးနွေးရန်ရှိကဆွေးနွေးခြင်းနှင့် ကန့်ကွက်ရန်ရှိက ကန့်ကွက်ဆွေးနွေးခြင်းတို့ကို ဧပြီ ၇ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြုလုပ်မည်ဖြစ်ပြီး ကန့်ကွက်ဆွေးနွေးခြင်းမရှိပါက အဆိုပြုတင်ပြထားသူများကို အတည်ပြုခန့်အပ်ရန် သဘောတူကြောင်း ပြည်ထောင်စုလွှတ်တော်က ကြေညာမည်ဖြစ်သည်။

ထို့အတူ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ဒေါက်တာသီတာဦးနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦးတို့ကို ခန့်အပ်ရန် အဆိုပြုထားကြောင်းသိရသည်။

ဒေါက်တာသီတာဦးသည် လက်ရှိ ပြည်ထောင်စုရှေ့နေချုပ်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတာဝန်ထမ်းဆောင်လျက်ရှိပြီး ပြည်ထောင်စာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦးသည် လက်ရှိ ပြည်ထောင်စု ဒုတိယစာရင်းစစ်ချုပ်တာဝန် ထမ်းဆောင်နေသူဖြစ်သည်။

ထို့ပြင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအား ဥက္ကဋ္ဌအပါအဝင် ခုံရုံးအဖွဲ့ဝင်ကိုးဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး ထိုသို့ဖွဲ့စည်းရန် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက ရွေးချယ်ထားသည့်အဖွဲ့ဝင်သုံးဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့်အဖွဲ့ဝင်သုံးဦး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦး စုစုပေါင်းကိုးဦး၏ အမည်စာရင်းကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက ပြည်ထောင်စုလွှတ်တော်ထံပေးပို့တင်ပြထားကြောင်းသိရသည်။

ယင်းသို့ခန့်အပ်တာဝန်ပေးသင့်ကြောင့် တင်ပြထားသည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်ကိုးဦးမှာ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက ရွေးချယ်ထားသည့်သုံးဦးမှာ ဦးအောင်ဇော်သိန်း၊ ဦးဉာဏ်ထွန်း၊ ဦးမျိုးတင့်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့်သုံးဦးမှာ ဦးကျော်ဆန်း၊ ဦးတူးမော်၊ ဒေါ်စုစုဝင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌရွေးချယ်ထားသည့်အဖွဲ့ဝင်သုံးဦးမှာ ဒေါ်ဥမ္မာအေး၊ ဦးတင့်ဝေ၊ ဒေါက်တာမာလာမော်တို့ဖြစ်ပြီး ၎င်းတို့အနက် ခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်းအား တာဝန်ပေးအပ်ရန် အဆိုပြုတင်ပြထားကြောင်းသိရသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်းမှာလည်း လက်ရှိခုံရုံးဥက္ကဋ္ဌတာဝန်ထမ်းဆောင်ဆဲဖြစ်သည်။

ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့်ပတ်သက်၍ ကန့်ကွက်ဆွေးနွေးမည့်သူရှိက ဆွေးနွေးခြင်းအစီအစဉ်နှင့် ကန့်ကွက်ရန်မရှိပါက လွှတ်တော်ကခန့်အပ်ရန်သဘောတူကြောင်း ကြေညာခြင်းအစီအစဉ်ကို ဧပြီ ၉ ရက်တွင်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြုလုပ်မည်ဖြစ်သည်။

Most Read

Most Recent