ပြင်သစ်ထိပ်သီး PSG နှင့် စပိန်ထိပ်သီး ဘာစီလိုနာအသင်းတို့က ခေါ်ယူရန် ပစ်မှတ်ထားခြင်းခံနေရသည့် နယူးကာဆယ်ကွင်းလယ်ကစားသမား ဂီမာရေ့စ်သည် ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာရန် ဆန္ဒရှိနေကြောင်း သိရသည်။
အသက် (၂၆) နှစ်အရွယ်ရှိ ဘရာဇီးလ်လက်ရွေးစင် ကွင်းလယ်ကစားသမား ဂီမာရေ့စ်သည် ၂၀၂၂ ဇန်နဝါရီတွင် လိုင်ယွန်အသင်းမှ နယူးကာဆယ်အသင်းထံသို့ ရောက်ရှိလာသူဖြစ်သည်။
၎င်းသည် နယူးကာဆယ်အသင်းတွင် (၂)နှစ်အတွင်း ပြိုင်ပွဲစုံ (၈၇) ပွဲတွင် (၁၁) ဂိုးသွင်းယူထားပြီး ခြေစွမ်းပြနိုင်ခြင်းကြောင့် ထိပ်တန်းအသင်းကြီးများ၏ စိတ်ဝင်စားခြင်းကို ခံနေရသူ ဖြစ်သည်။
လက်ရှိတွင် ဂီမာရေ့စ်အားခေါ် ယူရန် PSG နှင့် ဘာစီလိုနာအသင်းတို့က အပြိုင်ဖြစ်နေကြောင်း သိရှိရသည်။ ဂီမာရေ့စ်သည် နယူးကာဆယ်အသင်းနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူဖြစ်သည်။
သို့သော် ၎င်း၏စာချုပ်တွင် လျော်ကြေး ပေါင်သန်း (၁၀၀) ဖြင့် အသင်းပြောင်းရွှေ့ ဆိုသောအချက်ပါဝင်ကြောင်း သိရှိ ရသည်။ ဘာစီလိုနာအသင်းအနေဖြင့် ဘဏ္ဍာရေးပြဿနာကြောင့် ယခုဇန်နဝါရီတွင် ဂီမာရေ့စ်ကိုခေါ်ယူနိုင်မည် မဟုတ်ဘဲ PSG အသင်းကမူ လျော်ကြေးပေးကာ ခေါ်ယူရန် အသင့်ရှိနေကြောင်း သိရသည်။















